တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသခံပြည်သူ လူနာများအား တပ်မတော်ဆေးရုံများ၌ ဆက်လက်လက်ခံကုသ




နေပြည်တော်၊  ဖေဖော်ဝါရီ - ၂၆

                    တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေး ဆိုင်ရာ အခက်အခဲများကို တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုစေရန်အတွက် မြို့နယ်အသီးသီးရှိ တပ်မတော် ဆေးရုံများနှင့် ယာယီကုသရေး ဆေးရုံများတွင် ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ၃၃၄၅၀ ဦး၊ အတွင်းလူနာ ၃၅၆၁ ဦးကို တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့်လူနာများအား ခွဲစိတ်ပေးခြင်း၊ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သော လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေး စောင့်ရှောက်ပေးခြင်းများ ဆောင်ရွက်ပေးသည့်အပြင် ဆေးရုံတက်လူနာများနှင့် လူနာစောင့်များ နေထိုင်စားသောက်ရေး အဆင်ပြေစေရန် အတွက်ကိုပါ စီမံဆောင်ရွက်ပေးသည်။



                   ထိုသို့ လာရောက်ကုသမှုခံယူလျက်ရှိသည့် လူနာများအနက် အကြီးစား ခွဲစိတ်ကုသရန် လိုအပ်သူ ၁၄၇၉ ဦး၊ အသေးစားခွဲစိတ်ကုသရန်လိုအပ်သူ ၇၉၈ ဦး၊ စုစုပေါင်း ၂၂၇၇ ဦး တို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီး စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ် ကုသပေးလျက်ရှိသည်။ ၎င်းင်းအပြင် ကလေးမီးဖွားရန် အခက်အခဲဖြစ်နေသည့် မွေးလူနာများကို တပ်မတော်ဆေးရုံ အသီးသီးတွင် တက်ရောက် စေလျက်ရှိပြီး ၎င်းတို့အနက် ၈၅၄ ဦးကို ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ကာ ၁၂၅၉ ဦးကို သာမန် မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိ ကလေးငယ် ၂၁၁၃ ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့သည်။

                   ယင်းသို့ ဒေသခံပြည်သူများအား ဆေးကုသပေးနေမှု အခြေအနေများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး ဆေးရုံ တက်ရောက်ကုသမှု ခံယူနေသော လူနာများအတွက် စားသောက်ဖွယ်ရာများနှင့် ကျန်းမာရေး ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်ကြသည်။

          ယင်းသို့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးမှုအပေါ် ယခုလိုပဲ ကြားသိရပါသည် -

“ကျွန်တော်တို့ဆီမှာ အများဆုံး အခုရောက်နေတဲ့ လူနာတွေကတော့ ဦးခေါင်းထိခိုက်ဒဏ်ရာရတဲ့လူနာတွေ၊ အစာအိမ်နဲ့ အူလမ်းကြောင်း ခွဲစိတ်ဖို့လိုအပ်တဲ့ အရေးပေါ်လူနာတွေ၊ အရိုးခွဲစိတ်ဖို့ လိုအပ်တဲ့ လူနာတွေ၊ တခြား နား၊ နှာခေါင်း၊ လည်ချောင်းနဲ့ပတ်သက်တဲ့ လူနာတွေ အများဆုံးရောက်ပါတယ်။ ကျွန်တော်တို့ဆီမှာ ပြင်ပလူနာဌာနကိုရောက်ရှိနေတဲ့လူနာ၊ ဆေးရုံတင်ဖို့လိုအပ်တဲ့လူနာ၊ ခွဲစိတ်ဖို့လူနာဆိုတဲ့ လူနာမှန်သမျှကို ကျွန်တော်တို့ ပြင်ပလူနာဌာနမှာ ကိုဗစ်-၁၉ ရောဂါကနေ စတင်စစ်ဆေးပေးပါတယ်။ ပြီးရင်သက်ဆိုင်ရာ အရေးပေါ်တွေကို ပို့ဆောင်ပေးပါတယ်။ 





Ward ထဲကိုရောက်ရင်ခွဲစိတ်ဖို့ လိုအပ်တဲ့ သွေးစစ်ဆေးတာတွေ၊ ဓာတ်မှန်ရိုက်တာတွေ၊ အာထရာဆောင်းရိုက်တာတွေ၊ လိုအပ်ရင် CT (Computer) ဓာတ်မှန်ရိုက်တာ တွေအပြင် ဒီလိုအပ်တာတွေလုပ်ပြီးတဲ့ အချိန်မှာ ကျွန်တော်တို့ အရေးပေါ်ခွဲစိတ်ကုသမှုတွေကို အမြန်ဆုံးလုပ်ဆောင်ပေးပါတယ်” ဟု ဆရာဝန်တစ်ဦးကပြောသည်။

“တပ်မတော်ဆေးရုံကို ကျေးရွာက ဆရာမလေးကလမ်းညွှန်ပြီး သူကိုယ်တိုင်လိုက်ပို့ပေးပါတယ်။ အားလုံးနွေးနွေးထွေးထွေး ကြိုဆိုကြပါတယ်။ ပြောတာဆိုတာကအစ အားလုံးယဉ်ယဉ်ကျေးကျေး ဆက်ဆံကြပါတယ်။ ဝန်ထမ်းတွေ၊ ဆရာတွေ၊ ဆရာမတွေက တစ်ယောက်ကို တစ်နာရီမခြားပါဘူး။





 ကျွန်တော်တို့အနားမှာ အမြဲတမ်းရှိနေပါတယ်။ ကျွန်တော့်အနေနဲ့ ပြောရမယ်ဆိုရင် ကျွန်တော်က အူပေါက်သွားတာဆိုတော့ တပ်မတော်ဆေးရုံကပေးတဲ့အသက်ပဲ ရှိပါတော့တယ်။ အရမ်းလည်း ကျေးဇူးတင်ပါတယ်” ဆေးကုသမှုခံယူနေသည့်လူနာတစ်ဦးက ပြောသည်။

 

 

Post a Comment

0 Comments