ဂုဏ်ယူမဆုံးပြန် မြန်မာ့အသံ



ဒေါက်ယ ဒေါက်ယ ဒေါက် (တံခါးခေါက်သောအသံ) မရှေးမနှောင်း ... ဒုန်းယ ဒုန်းယ ဒုန်း(လှေကားပေါ်မှပြေးဆင်းသံ) “ဟော ... ကိုကိုမြင့်တို့ပြန်လာပြီ။ ညီမလေးဖို့ဘာပါလဲကိုကို”

“ဘာမုန့်တွေဝယ်လာလဲကိုကို”..

“ပါတာပေါ့ ညီမလေးရာ ... မုန့်တွေရော လက်ဆောင်တွေရော ပါတယ်ဗျာ”

“ကဲကဲ... သမီးငယ် နောက်မှပြော .. ခရီးရောက်မဆိုက် သားတို့ အမောဖြေကြဦး” ... “ဟုတ်ကဲ့ပါ ဖေဖေ”..

အေးစိမ့်နေတဲ့ မှန်လုံခန်းကြီးထဲက စားပွဲရှည်ကြီးမှာပေါ့။ ဘေးမှာ တံခါးချပ်တစ်ခုနဲ့ လှေကားအတိုတစ်ခု။ ညီမလေးလုပ်တဲ့ မိန်းကလေးငယ်ရှေ့မှာ ချောမောခံ့ညားလှတဲ့ရုပ်ရှင် မင်းသားကြီး ဦးဇော်လင်း ထိုင်နေပါတယ်။ ဘေးမှာ ဖေဖေလုပ်တဲ့သူ၊ ဇာတ်ကြောင်းပြောတဲ့သူ စတဲ့ အသံသရုပ်ဆောင်သူတွေ ထိုင်နေကြပါတယ်၊ ရေဒီယိုလေလှိုင်းမှ ထုတ်လွှင့်ဖို့ ဇာတ်လမ်းပမာ နားဆင်စရာ အခန်းကဏ္ဍအတွက် အသံသွင်းနေကြတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း(၄၀)ကျော်ကာလကပါ။ မင်းသားကြီးက ကိုကိုမြင့်ပေါ့၊ သမီးငယ်အဖြစ်သရုပ်ဆောင်ကတော့ စာရေးသူကိုယ်တိုင် ဖြစ်ပါတယ်။

တစ်ကမ္ဘာလုံးနဲ့ မြန်မာမှာအရေးပါဆုံး ပြန်ကြားဆက်သွယ်ရေးဖြစ်တဲ့ ကြီးကျယ်ခမ်းနားအရေးပါလှတဲ့ မြန်မာ့အသံစတူဒီယို အသံသွင်းခန်းထဲမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ရတဲ့ စာရေးသူဟာ မြန်မာ့အသံရုံးဝန်ထမ်းဖေဖေရဲ့ သမီးကြီး ဖြစ်ပါတယ်။  ဥပုသ်နေ့လို ကျောင်းပိတ်ရက်မှာ မြန်မာ့အသံသို့ လိုက်ပါခွင့်ရပြီး ကလေးအသံ သရုပ်ဆောင်ခွင့်ရခဲ့တဲ့ အတွေ့အကြုံလေးတွေနဲ့အတူ မြန်မာ့အသံဌာနကြီးနဲ့ ရင်းနှီးခွင့်ရရှိခဲ့ပါတယ်။ တာဝန်ဝတ္တရား အသီးသီး ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းများရဲ့ လုပ်ငန်းတွေကလည်း များပြားလှပါတယ်။ တိကျဖို့၊ စည်းကမ်းရှိဖို့၊ သေချာဖို့၊ ခဏခဏမမှားဖို့၊    အသံကြည်လင်ပြတ်သားဖို့၊  အဖြတ်အတောက်မှန်ဖို့၊   စိတ်တည်ငြိမ်ဖို့၊   အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ကြရတာ ငယ်စဉ်ကတည်းက လေ့လာခဲ့မိပါတယ်။

အဆိုအကအနုပညာကို စာရေးသူဝါသနာထုံလှပါတယ်။ အဲ့ဒီအချိန်တုန်းက မြန်မာ့အသံမှာ  အမေ ဒေါ်မာမာအေး၊  ဒေါ်တင်တင်မြ၊ ဒေါ်ချစ်စပယ်တို့ဟာ စာရေးသူရဲ့စံပြ အတုယူအားကျခဲ့ရသူများ ဖြစ်ပါတယ်။

မှတ်မှတ်ထင်ထင်ကတော့ အန်တီချစ်စပယ်ရဲ့ “ကျွန်မနာမည်ချစ်ချစ်” «တေးရေး-စန္ဒရားဦးလှထွတ်»   သီချင်းအသံသွင်းတုန်းကရယ်၊ ရုပ်ရှင်မင်းသားကြီး ဦးကျော်ဟိန်းရဲ့ “စိမ်းတယ်လို့မှတ်မှာလား” «တေးရေး-စန္ဒရားချစ်မောင်(မြန်မာ့အသံ)» သီချင်းအသံသွင်းတုန်းကရယ် စာရေးသူကိုယ်တိုင် မှန်ခန်းအပြင်ကနေ လေ့လာကြည့်ရှုခွင့်၊ နားဆင်ခွင့်ရရှိခဲ့တာ ပါပဲ။ အဲဒီတုန်းက တာဝန်ယူအသံဖမ်းပေးရတဲ့ဦးစီးက ဘဘအဆိုတော်ဦးမြကြီးဖြစ်ပါတယ်။ သီဆိုတဲ့သီချင်းကို  အရည်အသွေးကောင်းပြီး ဓာတ်ပြားရတေးသီချင်းဖြစ်နိုင်ဖို့ တိကျသေချာမှု၊ အဆိုတော်ကို ထပ်ခါထပ်ခါ  မကောင်းမချင်း  ပြန်ဆိုခိုင်းမှုတွေနဲ့  အကောင်းစားသီချင်း ဖြစ်အောင်အသံဖမ်းပေးနေတဲ့ ဘဘဦးမြကြီးကိုကြည့်ပြီး “ဘယ်အလုပ်မဆို အောင်မြင်အောင်၊  ကောင်းမွန်သေချာအောင် ဝီရိယနဲ့ကြိုးစားရမယ်”လို့ ကလေးအရွယ်ကတည်းက မှတ်သားခဲ့မိပါတယ်။ စာရေးသူအနေနဲ့ အထက်ပါသီချင်းနှစ်ပုဒ်ကို တစ်ထိုင်တည်း ရေဒီယိုကမလွှင့်ခင်အသံဖမ်းတုန်းအချိန်မှာပဲ စာသားတွေအလိုက်တွေ အကုန်လုံး စာရေးသူ အလွတ်ရခဲ့ပါတော့တယ်။

“ပြန်ကြားပေးရန် မြန်မာ့အသံ၊ ပညာပေးရန် မြန်မာ့အသံ၊ ဖျော်ဖြေမှုပေးရန် မြန်မာ့အသံ၊ ပြည်သူ့အတွက် မြန်မာ့အသံ”

စာရေးသူတို့မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်းတွေ အတော်များများ မွေးနေ့လက်ဆောင်ကဏ္ဍ၊ မင်္ဂလာလက်ဆောင်ကဏ္ဍ၊ စစ်သည်အတွက်တေးလက်ဆောင်၊ စစ်သည်တို့လိုရာ၊ သောတရှင်လိုရာကဏ္ဍတွေမှာ ဖေဖေမှတစ်ဆင့် သီချင်းတောင်းကြပါတယ်။ ရေဒီယိုထဲက ကိုယ့်နာမည်ကြားတာနဲ့ ပျော်ခဲ့ရပါတယ်။

မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲများကိုလည်း မြန်မာ့အသံမြက်ခင်းပြင်မှာ ကျင်းပလေ့ရှိတာကြောင့် ဖေဖေတို့ တာဝန်ယူရတဲ့အပိုင်း တွေရှိခဲ့ရာမှာ အကယ်ဒမီပေးပွဲ ကြည့်ရှုခွင့်လည်း ရခဲ့ပါတယ်။ ကလေးအရွယ်ဆိုတော့ အကယ်ဒမီ မင်းသား မင်းသမီးကြေညာပြီဆိုရင်  ပရိသတ်ကထပြီး ဝိုင်းကြည့်ကြတော့ ကလေးပီပီ ခုံပေါ်တက်ကြည့်ပါတော့တယ်။ အဲ့ဒီ

အချိန်က သစ်သားခေါက်ကုလားထိုင်တွေ အသုံးပြုရပါတယ်။ အဆင် မသင့်ရင် ခုံကျွံကျနိုင်ပါတယ်။ ပျော်စရာ ကောင်းလှပါတယ်။

စာရေးသူတို့ငယ်စဉ်က မြန်မာ့အသံမှထုတ်လွှင့်မှု အစီအစဉ်များစွာကို အထူးပင်နှစ်ခြိုက် သဘောကျခဲ့မိပါတယ်။    နံနက်ချိန်ခါတေးသံသာ၊ ဇာတ်လမ်းပမာနားဆင်စရာ၊ အသံလွှင့်ဇာတ်လမ်း၊ ဘဝဇာတ်လမ်း၊ ကွက်စိပ်၊ ဆိုင်း၊ ရုပ်ကြီးစင်၊ ပုံပြင်လက်ဆောင်၊ သီရိဂေဟာ၊ တိုင်းရင်းမေ၊တိုင်းရင်းသားရိုးရာသီချင်းများ၊ သူရွေးသီရာတေးကဗျာ၊ သိပ္ပံရေးရာ သိကောင်းစရာ၊ ကုန်ပစ္စည်းကြော်ငြာသီချင်းများ၊ နေ့ထူးနေ့မြတ်များနှင့် ဆိုင်သော ပဟေဠိပြိုင်ပွဲ၊ ဗဟုသုတဉာဏ်စမ်းပြိုင်ပွဲများ၊ မူလတန်း ကျောင်းသား၊  ကျောင်းသူများရဲ့တေးကဗျာ၊ တေးသီချင်းသီဆိုပြိုင်ပွဲ၊ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ တပ်မတော်နေ့ အခမ်းအနားကျင်းပမှုများ၊ ဘောလုံးပွဲများတိုက်ရိုက်ထုတ်လွှင့်မှု၊ ပြည်တွင်းသတင်း၊ နိုင်ငံခြားသတင်းများကို လေလှိုင်းမှတစ်ဆင့် နားဆင်ခဲ့ကြရပါတယ်။

စာရေးသူတို့ မြန်မာ့အသံမိသားစုဝင်များအနေဖြင့် ဌာနနဲ့ပတ်သက်တဲ့ အားကစားပွဲများ၊ လူမှုရေးပွဲများမှာ ပါဝင်ခွင့်ရခဲ့ပြီး ပျော်ရွှင်ခဲ့ကြရပါတယ်။ စာရေးသူရဲ့ သားနှစ်ဦး ကျောင်းနေအရွယ်ရောက်ချိန်မှာ တော့ မူကြိုကျောင်းမှသည် မူလတန်း၊ အလယ်တန်း၊ အထက်တန်းတစ်လျှောက် ပညာရေးနှင့်သက်ဆိုင်သော မူကြိုအရွယ်ဟချစ်စရာ့အရွယ် ကစားကြမယ်]၊ မူလတန်းအရွယ်(ကဗျာ့ပန်းဥယျာဉ်)၊ (ကဗျာပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ)၊ အလယ်တန်း၊ အထက်တန်းဟ ကဗျာတေး သီချင်းပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ အထွေထွေဗဟုသုတအမေးအဖြေများ’ စသည်ဖြင့် အသံသွင်းခြင်း၊ ရုပ်မြင်သံကြားရိုက်ကူးခြင်းများ ဆောင်ရွက်ရန် မြန်မာ့အသံသို့ မကြာခဏရောက် ရှိခဲ့ရပြန်ပါတယ်။

နေ့စဉ် နံနက် ၇ နာရီ မြန်မာ့အသံရဲ့ ထုတ်လွှင့်မှု နိုင်ငံတော်သီချင်း မှစ၍ ရေဒီယိုဖွင့်ထားပြီးဖြစ်ပါတယ်။ နေ့တစ်နေ့အဖို့ အခွင့်သင့်တဲ့ အချိန်တိုင်း နားဆင်ခံစားဖြစ်ခဲ့ပါတယ်။ ဦးသိန်းဆောင်၊ ဦးထွန်းရွှေ၊ ရွှေမန်းတင်မောင်၊ ဗိုလ်ကလေးတင့်အောင်၊ ကိုသက်ဦး၊ ကိုသန်းလှိုင်၊ ကိုတင်လှိုင်၊ တွံတေးသိန်းတန်၊ ဟင်္သာတထွန်းရင်၊ ကိုမင်းနောင်၊ ကိုအံ့ကြီး၊ ကိုမြကြီး၊ အကော်ဒီယံအုန်းကျော်၊ ညိုမြလေး၊ စန္ဒရားချစ်ဆွေ၊ စန္ဒရားကွန်းဇော်၊ ဖိုးဆိုချင်ခင်မောင်ညွန့်၊ ဝင်းဦး၊ မောင်မောင်ညွန့်၊  သုမောင်၊ ဇော်ဝမ်း၊ ညွန့်ဝင်း၊ ဆန်းဝင်း၊ မျိုးမြင့်လေး၊ သန်းထွန်းလေး၊ ခင်မောင်သန်းလေး၊ ပဲရော့ဘသန်းလေး၊ တင်ဦးလေး၊ ကေတုဝင်းထွဋ်၊ ကျောက်ပန်းတောင်းကျော်လွင်၊ ဂီတာဖေဝင်း၊ တင်အောင်လေး၊ ရဲဘော် ခင်မောင်လှ၊ ဝါးခယ်မကိုရဲမောင်၊ ကိုတင်အောင်သန်း၊ ကိုအေးသန်း၊ ဓနုဖြူစိုးသိန်း၊ ဂီတနက်သန်ကိုစောညိန်း စသည့် အမျိုးသားအဆိုရှင် များနှင့် ကြည်ကြည်ဌေး၊ မေလှမြိုင်၊ မေသစ်၊ ထား၊ မာမာအေး၊ တင်တင်မြ၊ ရီရီခင်၊ ခင်ညွန့်ရည်၊ ချစ်စပယ်၊ ချိုပြုံး၊ သင်းသင်းမြတ်၊ အေဝမ်းတင်တင်လှ၊ ညွန့်ညွန့်စိန်၊ မြင့်မြင့်စိန်၊ ခင်ခင်၊ သန်းသန်းဆင့်၊ ခင်သစ်လွင်၊ နိုင်နိုင် မော်၊ ကြည်ကြည်ဝင်း၊ နော်အေမီချစ်၊ လီလီကြာညွန့်၊ ဥမ္မာ၊ တင်တင်မူ၊ ခင်ယုမေ၊ မြင့်မြင့်ခင်၊ ဝင်းမာလေး၊ တက္ကသိုလ်နီနီမာ၊ ရီရီသန့်၊ တက္ကသိုလ် လဲ့လဲ့၊ မြို့မကြည်ကြည်အေး၊ တင်မိုးခိုင်၊ နွဲ့ယဉ်ဝင်း၊ ပန်တျာတင်တင်မြင့်၊ ဌေးဌေးမြင့်၊ မဉ္ဇူမြင့်၊ ဒေစီကျော်ဝင်း စတဲ့ အမျိုးသမီးအဆိုရှင်များရဲ့ အချစ်အလွမ်း ပညာပေးရသမျိုးစုံ သီချင်းကောင်းများစွာနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့ရပါတယ်။

ရုပ်မြင်သံကြားပေါ်ပေါက်လာပြီးနောက်မှာတော့ ရေဒီယိုတေးသံရှင်၊ စတီရီယိုတေးသံရှင်၊ ရုပ်ရှင်သရုပ်ဆောင်၊ ဗီဒီယိုသရုပ်ဆောင်များစွာဖြင့် ဖျော်ဖြေတင်ဆက်မှုများ၊ အခန်းကဏ္ဍမျိုးစုံတင်ဆက်မှုများဖြင့် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားဌာနကြီးကား ယခု ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ၇၅ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။

ၤြ လိုင်းများနဲ့ ရုပ်မြင်သံကြားလိုင်းများ၏ရှေ့ဆောင် ကမ္ဘာတစ်ဝန်းလုံး နဲ့ အဓိကဆက်သွယ်ရေး မြန်မာ့အသံဌာနကြီး စတင်ပေါ်ပေါက်လာချိန် «၁၉၄၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့»မှ ယခု စိန်ရတုကာလအတွင်း လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ကျော်ခန့်ကတည်းက မြန်မာ့အသံဝန်ထမ်းသားသမီး တစ်ဦးအဖြစ် ကြီးပြင်းလာခဲ့ရသူ စာရေးသူအဖို့ ဝမ်းသာဂုဏ်ယူမဆုံး ဖြစ်ရပါကြောင်းနှင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာကျရောက် သည့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတုနှစ်ပတ်လည်နေ့ကို ကြိုဆို ဂုဏ်ပြုအပ်ပါကြောင်း တင်ပြလိုက်ရပါသည်။ 

သန့်သီသီ

Post a Comment

0 Comments