သစ္စာရှိရှိ တာဝန်သိသိ



(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်)

ယနေ့တပ်မတော်သားတို့သည် ရှေးခေတ်က မြန်မာသူရဲကောင်းများ နည်းတူ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိလျက်ရှိပါသည်။ တပ်မတော်သားတို့သည် နေ့စဉ်နံနက်နှင့် ညနေအချိန်များတွင် တန်းစီ၍ သစ္စာလေးချက်ကို ရွတ်ဆိုကြရသည်။ နံနက်တွင်သစ္စာလေးချက်ကို ရွတ်ဆိုပြီးမှသာ ပုံမှန်လုပ်ငန်း ခွင်ဝင်ကြရသည်။ အလုပ်ခွင်မှ တန်းဖြုတ်ချိန်တွင်လည်း သစ္စာလေးချက်ကို ညီညီညာညာ ရွတ်ဆိုကြရသည်။

တပ်မတော်၏ အစဉ်အလာ ၁၂ ရပ်တွင် သစ္စာရှိသောတပ်မတော်ဖြစ်သည်ဟူ၍ ပါရှိသည်။ သစ္စာစောင့်သိမှုနှင့် အမိန့်နာခံတတ်မှုသည် တပ်မတော်သားတို့ စိတ်ခွန်အား ဖြစ်သည်။

သစ္စာတရားနှင့်ပတ်သက်လာလျှင် ငါတို့သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကို စောင့်သိရိုသေပါမည်။ ငါတို့သည် ကျဆုံးလေပြီးသော တပ်မတော်သားတို့၏ သစ္စာကို စောင့်သိရိုသေပါမည်ဟူ၍ သစ္စာဆိုထားကြသည်။ ကျင့်ဝတ်ခြောက်ဆယ် တွင်လည်း နိုင်ငံတော်အပေါ် သစ္စာစောင့်သိရိုသေပါ။ အကြီးအကဲများအပေါ် တော်တည့်မှန်ကန်စွာ သစ္စာစောင့်ပါ။ ငယ်သားများအပေါ် သစ္စာစောင့်သိ၍ အပြည့်အဝ ယုံကြည်အားကိုးပါ။

ရဲဘော်အချင်းချင်းအပေါ် သစ္စာစောင့်သိပါ။ ပြည်သူလူထုအပေါ် သစ္စာစောင့်သိရိုသေပါစသည်ဖြင့် သတ်မှတ်ချက်အတိုင်း တပ်မတော်သားတို့လိုက်နာကျင့်ကြံကြရသည်။ ကုန်းဘောင်ခေတ်နှောင်းတွင် ထူးထူးချွန်ချွန်ပေါ်ပေါက်လာသော ယောမင်းကြီးဦးဘိုးလှိုင်က သူ၏ ရာဇဓမ္မသင်္ဂဟကျမ်းတွင် “လောက၌ ကံအရာကို ချန်ထား၍ သစ္စာဖြင့်မပြီးနိုင်သောအမှုမည်သည်မရှိ” ဟူ၍ ရေးသားထားခဲ့သည်။ သစ္စာတရား၏ လေးနက်ပုံ၊ မှန်သောသစ္စာသည် ကောင်းသောအကျိုးတရားကို ပေးပုံတို့မှာ ဖော်ပြ၍ မကုန်နိုင်အောင်များပြားလှပေသည်။ ခေတ်အဆက်ဆက် အမျိုးကိုချစ်သော မြန်မာတို့သည် မြန်မာနိုင်ငံ အပေါ်တွင် သစ္စာတရားထားရှိခဲ့သည်။ အမျိုးဘာသာ၊ သာသနာမကွယ်ပျောက်အောင် သစ္စာတရား လက်ကိုင်ထားလျက် ဆောင်ရွက်ခဲ့ကြသည်။ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျသည်ပင် သူ၏တိုက်ပွဲမှန်သမျှ တိုက်ပွဲမစမီ သစ္စာဆို၍ တိုက်ပွဲဝင်ခဲ့ကြောင်း သိရှိရသည်။ မှန်ကန်သော သစ္စာတရားကြောင့် တိုက်ပွဲတိုင်း အောင်မြင်ခဲ့၍ ကုန်းဘောင်ခေတ် တတိယမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

အမျိုးဘာသာ၊ သာသနာအပေါ် သစ္စာစောင့်သိခြင်း မရှိဘဲ သစ္စာဖောက်သူမှန်သမျှသည် ကျဆုံးရမြဲသာ ဖြစ်သည်။ သစ္စာရှိခြင်းသည် ထားရှိသော နှုတ်ကတိပဋိညာဉ်များကို မှန်ကန်စွာ လိုက်နာခြင်းမျှသာ မဟုတ်ပါ။

ချိန်းချက်သော အချိန်ကို တိကျစွာလိုက်နာရုံမျှလည်း မဟုတ်ပါ။ အပြောအဆိုနှင့် အပြုအမူ၊ ရည်မှန်းချက်နှင့် အားထုတ်မှု၊ အဓိဋ္ဌာန်နှင့်လုပ်ငန်း စသည်တို့သည် တိုက်ဆိုင်ညီညွတ်ရန်လိုပေသည်။ ဤသည်မှာအခြားသူအပေါ် သစ္စာရှိခြင်းထက် မိမိတိုးတက်ခြင်းကိုလည်း မြှင့်တင်နိုင်လေသည်။ ဗုဒ္ဓဘာသာသည် ကောင်းကျိုးလုပ်လျှင် ကောင်းကျိုးရမည်။ မကောင်းမှုလုပ်လျှင် မကောင်းမှု၏ဒဏ်ကို ခံရမည် ဖြစ်သည့်အတွက် ကံကံ၏အကျိုး ဟူ၍ဆိုထားခြင်း ဖြစ်သည်။

တိုင်းပြည်နှင့် လူမျိုးအပေါ် သစ္စာရှိသူသည် သစ္စာစောင့်သိခြင်း၏ ကောင်းကျိုးအမှန်ကို ခံစားရမည်။

အင်းဝခေတ်က အသက် ၁၃ နှစ်အရွယ် ငထင်ငယ်၏ သစ္စာတရားကြီးမားပုံသည် အတုယူဖွယ်ဖြစ်သည်။

အင်းဝဘုရင်အနောက်ဘက်လွန်မင်းသည် တစ်ပြည်လုံးစည်းလုံး ညီညွတ်စေရန်အတွက် ပြည်မြို့ကို သိမ်းပိုက် တိုက်ခိုက်သည်။ ပြည်ဘုရင်နှင့်တကွ မှူးမတ်၊ ရဲမက်တို့ လက်နက်ချ၍ အညံ့ခံနေသော်လည်း ပြည်ဘုရင်၏ အမှုထမ်း အသက် ၁၃ နှစ်သာရှိသေးသော ငထင်ငယ်ဆိုသော သူငယ်သည် “ကျေးဇူးသစ္စာ စောင့်သိစွာဖြင့် သေရလျှင် ငါ့အရှင်ရာဇပလ္လင်တွင် သေပေစေတော့။ ငါ့အရှင်ကို ငါသေမှသာထိပါးရမည်” ဟူ၍ ရန်သူတို့ကို ဓားတစ်ဖက်တစ်စင်းနှင့် ဆက်လက်ခုခံနေသည်။ အနောက်ဘက်လွန်မင်းသည် အင်းဝသို့ရောက်သည့်အခါ “ငါသည် ပြည်မြို့ကိုသိမ်းသွင်းရာမှာ ရှင်တစ်ဆူ၊ လူတစ်ယောက်သာရတော်မူသည်”ဟု မိန့်တော်မူသည်။

ရှင်တစ်ဆူဆိုသည်မှာ “တိပိဋကလင်္ကာရတောင်ဖီလာဆရာတော်”ကို ဆိုလိုပြီး လူတစ်ယောက်မှာ “ငထင်ငယ်” ကို ဆိုလိုခြင်းဖြစ်သည်။

မြန်မာနိုင်ငံသမိုင်းတွင် သစ္စာတရားကို ဦးထိပ်ပန်ဆင်ထားသော လူပုဂ္ဂိုလ်များ များစွာပေါ်ထွန်းခဲ့သည်။ ယနေ့တိုင်လည်း ပေါ်ထွန်းနေဆဲ ဖြစ်သလို အနာဂတ်တွင်လည်း ပေါ်ထွန်းနေဦးမည်ဟုယုံကြည်မိသည်။ တပ်မတော်သားတစ်ဦးချင်း အနေနှင့် ပြုကျင့်ရမည့် ကျင့်ဝတ်ခြောက်ဆယ်တွင် ပထမဆုံးသော ကျင့်ဝတ်မှာ နိုင်ငံတော်အပေါ် သစ္စာစောင့်သိရိုသေပါ ဟူသောကျင့်ဝတ်ဖြစ်သည်။ တပ်မတော်တစ်ရပ်လုံး၏ ခိုင်မာသော သစ္စာတရားမှာ တပ်မတော်သည်အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်ဟူ၍ ဖြစ်ပေသည်။ တပ်မတော်သည် တိုင်းပြည်နှင့်လူမျိုး၊ ဘာသာသာသနာကို သစ္စာစောင့်သိခြင်းဖြင့် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက် လျက်ရှိပါကြောင်း။ 

Post a Comment

0 Comments