မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့်
နိုင်ငံသားအားလုံးသည် ပြည်ထောင်စုစိတ်ဓာတ်၊ တိုင်းရင်းသား စိတ်ဓာတ်ရှိမှသာ ပြည်ထောင်စုဆိုသည့်
အဓိပ္ပာယ်ပြည့်စုံမှာဖြစ်သည်။ တိုင်းရင်းသားအားလုံး စိတ်ဓာတ်ညီညီလက်တွဲပြီး ပြည်ထောင်စုတိုင်းရင်းသားအားလုံး
အေးအတူပူအမျှ အတူတူစုပေါင်း နေထိုင်ကြခြင်းသည်သာ အားလုံးမျှော်လင့်ထားသည့် အဖြေတစ်ခုဖြစ်ပေသည်။
ပြည်ထောင်စုတိုင်းရင်းသား အားလုံး ဥမကွဲသိုက်မပျက်စည်း စည်းလုံးလုံး အတူရှိနေပြီး တစ်အူထုံ့ဆင်းမောင်နှမရင်းသဖွယ်
နေထိုင်နိုင်ကြဖို့ ကြိုးစားကြရပေမည်။
ညီညွတ်ခြင်းနှင့်စပ်လျဉ်း၍
မြတ်ဗုဒ္ဓက “သမဂ္ဂါနံတပေါသုခေါ” ညီညွတ်ခြင်းသည် ချမ်းသာခြင်း အမှန်ဖြစ်ကြောင်း ဟောကြားတော်မူခဲ့သည်။
စည်းလုံးညီညွတ်မှုပြိုကွဲပါက အင်အားချည့်နဲ့လှစွာ တစ်ပါးသူတို့ ဝါးမျိုခြင်းကို ခံရမည်ဖြစ်ပြီး
စည်းလုံးညီညွတ်မှသာ ကမ္ဘာလောကအလယ်တွင် ထည်ထည်ဝါဝါဖြင့် ခေါင်းမော့ကာ နေနိုင်မည်ဖြစ်သည်။
ညီညွတ်ခြင်းသည် ချမ်းသာခြင်းကို
ဆောင်ကြဉ်းပေး၏။ ညီညွတ်ခြင်းသည် အင်အားလည်းဖြစ်၏။ ညီညွတ်ခြင်း၏ အကျိုးတရားကို ယဉ်ကျေးမှုမြင့်မားလာချိန်မှစ၍
လူ့အဖွဲ့အစည်းများက သမိုင်းတစ်လျှောက်သင်ကြားပေးခဲ့ကြသလို ပစ္စုပ္ပန်ကာလနှင့် အနာဂတ်ကာလတိုင်အောင်
ဆက်လက်၍ မှန်ကန်နေဦးမည်။ လိုအပ်နေဦးမည်လည်း ဖြစ်သည်။ တိုင်းရင်းသားများ စုပေါင်းနေထိုင်ကြသည့်
ပြည်ထောင်စုနိုင်ငံတစ်ခုဖြစ်သော မိမိတို့ နိုင်ငံတွင်မူ စည်းလုံးညီညွတ်မှုကို အသက်တမျှတန်ဖိုးထားကာ
ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်းစောင့်ရှောက်ကြရမည်ဖြစ်သည်။
အတိတ်ကို ပြန်ပြောင်းအောက်မေ့မိပြန်သည်။
ဟိုယခင်တစ်ချိန်က မြန်မာနိုင်ငံတော်သည်
သူ့ကျွန်ဘဝနှင့် ဗြိတိသျှအစိုးရ လက်အောက်တွင် တိုင်းရင်းသားများအား ခွဲခြားပြီး အုပ်ချုပ်ခြင်းကိုခံခဲ့ရလေသည်။
ဗြိတိသျှတို့၏အုပ်ချုပ်ရေး
ပရိယာယ်ကြောင့် တိုင်းရင်းသားအချင်းချင်း ရင်းရင်းနှီးနှီး မရှိဘဲ သွေးကွဲမှုပင် ရှိခဲ့သည်။
ဗြိတိသျှတို့လက်အောက်မှ လွတ်မြောက်ရေးကို အနှစ် ၇၀ မျှ ကာလပတ်လုံး အမျိုးမျိုး အဖုံဖုံကြိုးပမ်းရာ၌
မြေပြန့်သားနှင့် တောင်တန်းသားတို့ တစ်ကြိမ်မျှ ပူးပေါင်းဆောင်ရွက်ခဲ့ဖူးသည် မရှိခဲ့ပေ။
သို့သော် ဖက်ဆစ်ဂျပန်ကို
တော်လှန်ကြရာတွင်မူ တိုင်းရင်းသား အားလုံးစည်းလုံးညီညွတ် ခဲ့ကြသည်။
စိတ်တူကိုယ်တူ ရည်ရွယ်ချက်တူညီကြကာ
သူ့ကျွန်မခံလိုရေးဟူသော မျိုးချစ်စိတ်ဓာတ်နှင့်အတူ သွေးစည်းကာ ပူးပေါင်း၍ ဖက်ဆစ်ဂျပန်ကို
တွန်းလှန်နိုင်ခဲ့သည်။ ဂျပန်တို့လက်အောက်မှ လွတ်မြောက်ပြီးနောက် လွတ်လပ်ရေးကို ဆက်လက်ကြိုးပမ်းသည့်
အခါတွင်လည်း မြေပြန့်သား တောင်ပေါ်သား မခွဲခြားဘဲ တိုင်းရင်းသားပေါင်းစုံသွေးစည်းမှုကို
ရှာကြံခဲ့ကြသည်။
ဤသို့ဖြင့် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော
မြန်မာ့ခေါင်းဆောင်ကြီးများနှင့် တိုင်းရင်းသား ခေါင်းဆောင်ကြီးများ၏ ကြိုးပမ်းမှုကြောင့်
မြန်မာ့လွတ်လပ်ရေးကို မျှော်မှန်းနိုင်သည့် အခါသို့ပင် ဆိုက်ရောက်ခဲ့လေသည်။ သို့တိုင်အောင်
ဗြိတိသျှနယ်ချဲ့တို့သည် တောင်တန်းသားများအားမိမိတို့လက်အောက်မှ မလွတ်စေလိုသေးပေ။
ထို့ကြောင့် တောင်တန်းသားများအား
အမျိုးမျိုးနယ်လှည့်စည်းရုံးခဲ့ကြသည်။
၁၉၄၆ ခုနှစ် ဇန်နဝါရီလအတွင်း
ရွှေတိဂုံဘုရားကုန်းတော် အလယ်ပစ္စယာ၌ ကျင်းပသော ဖဆပလညီလာခံကြီးက မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုတွင်
တိုင်းရင်းသားအားလုံး လက်တွဲ၍ ဆောင်ရွက်ပြီးလျှင် အတူတကွလွတ်လပ်သော ပြည်ထောင်စုနိုင်ငံ ထူထောင်ရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။
ထိုဆုံးဖြတ်ချက်အတိုင်း ဖြစ်မြောက်နိုင်ရန် မြန်မာ့ခေါင်းဆောင်ကြီးများ ကြိုးပမ်းခဲ့ကြသည်။
ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းဗဟိုချက်တွင် ရှိသော ပင်လုံမြို့ကလေးတွင်
ရှမ်းစော်ဘွားများညီလာခံကို ၁၉၄၆ ခုနှစ် ဇန်နဝါရီလ အတွင်းမှာပင် ကျင်းပခဲ့သည်။ ထိုအစည်းအဝေးသို့ ဗိုလ်ချုပ်အောင်ဆန်း တက်ရောက်ရန် ရှမ်းစော်ဘွားများနှင့်
ရှမ်းပြည်လူထုခေါင်းဆောင်များက ဖိတ်ကြားထားသော်လည်း ဗိုလ်ချုပ်သည် ရခိုင်ဘက်သို့ ခရီးထွက်ရန်
စီစဉ်ပြီးဖြစ်နေ၍ ကိုယ်တိုင်မတက်ရောက်နိုင်ချေ။ ဗိုလ်ချုပ်အောင်ဆန်း၏ကိုယ်စား မြန်မာ့ခေါင်းဆောင်ကြီးများ
ဖြစ်သော သခင်နု၊ ဦးဘဂျမ်းနှင့် မန်းဘခိုင်တို့ တက်ရောက်ခဲ့ကြသည်။
ဗြိတိသျှနယ်ချဲ့တို့၏ ဝါဒဖြန့်မှုကြောင့်
တွေဝေနားယောင်နေသော ရှမ်းအမျိုးသားများအား ပြတ်ပြတ်သားသား ရှင်းလင်း ပြောဆိုခဲ့ကြသည်။
၁၉၄၇ ခုနှစ်ဇန်နဝါရီလတွင် ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်တော်
အဖွဲ့သည် ဗြိတိန်နိုင်ငံသို့ မြန်မာ့လွတ်လပ်ရေးအတွက် သွားရောက်အရေးဆိုကြပြီး ပြည်မကြီးသာမက
တောင်တန်းဒေသများပါ လွတ်လပ်ရေးပေးရန် တောင်းဆိုခဲ့ကြသည်။
ဗြိတိသျှတို့ကမူ ပြည်မကြီးကိုသာ
လွတ်လပ်ရေးပေးပြီးလျှင် တောင်တန်းဒေသများကို ဆက်လက်သိမ်းပိုက်ထားရန် အကြံအစည်ရှိခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းတို့ကမူ တောင်တန်းဒေသများမပါသော လွတ်လပ်ရေးသည် မြန်မာနိုင်ငံအတွက်
အဓိပ္ပာယ်မရှိသော လွတ်လပ်ရေး ဖြစ်သဖြင့် တောင်တန်းဒေသများကို ပြည်မကြီးနှင့် တစ်ပြိုင်တည်း
လွတ်လပ်ရေးပေးရန် အရေးဆိုခဲ့ခြင်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် ဗြိတိသျှအစိုးရတို့
ဘိလပ်၌ ဆွေးနွေးနေစဉ် ဗြိတိသျှနယ်ချဲ့တို့က မြန်မာနိုင်ငံသည် တောင်တန်းသားများနှင့်
လွင်ပြင်သားများ တစ်ဦးနှင့်တစ်ဦး အဆင်မပြေကြကြောင်း ဝါဒဖြန့်ကြသည်။ ထို့ကြောင့် မြန်မာ့ခေါင်းဆောင်ကြီးများသည်
တောင်တန်းဒေသ များသို့ သွားရောက်ကာ တိုင်းရင်းသားစည်းလုံးရေးကို ဟောပြောလှုံ့ဆော်ခဲ့ကြသည်။
ဘိလပ်တွင် ဆွေးနွေးလျက်ရှိသော လွတ်လပ်ရေးကိစ္စတွင် ဗြိတိသျှတို့က ပရိယာယ်သုံးကာ တောင်တန်းဒေသများက
ပြည်မကြီးနှင့် ပူးပေါင်းရန် သဘောတူပါလျှင် ပြည်မကြီးနှင့် တောင်တန်းဒေသများပါ တစ်ပြိုင်တည်းလွတ်လပ်ရေးပေးမည်။
ပြည်မနှင့် တောင်တန်းဒေသများ ပူးပေါင်းရေးကို တောင်တန်းသားများက ယင်းတို့ဘာသာ ဆုံးဖြတ်ပါစေဟု
ပြောဆိုပြီးလျှင် ယင်းသဘောတစ်ရပ်သက်ဝင်သော “အောင်ဆန်းအက်တလီ” စာချုပ်ကို ချုပ်ဆိုခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့်
အဖွဲ့ဝင်များသည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည် ဆိုက်ရောက်လာသည်။
ထို့နောက် ဖေဖော်ဝါရီ ၈ ရက်တွင် ပင်လုံညီလာခံကြီးသို့ တက်ရောက်၍ ပြည်မနှင့်တောင်တန်းဒေသ
ပူးပေါင်းရေးကို ဆွေးနွေးကြသည်။ ဖေဖော်ဝါရီ
၁၁ ရက် ညနေတွင် မြန်မာနှင့်တိုင်းရင်းသားပေါင်းစုံ ညီညွတ်မှုကို
ရရှိခဲ့သည်။ နောက်တစ်နေ့ ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၁၀ နာရီတွင် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင်
တောင်တန်းဒေသ တိုင်းရင်းသားကိုယ်စားလှယ် ၂၃ ဦးတို့သည် သမိုင်းဝင်မော်ကွန်းတင်မည့် မြန်မာနိုင်ငံနှင့်တောင်တန်းဒေသ
ပူးပေါင်းရေး အချက်ကိုးချက်ပါ ပင်လုံစာချုပ်ကြီးကို လက်မှတ်ရေးထိုး၍ ချုပ်ဆိုလိုက်ကြသည်။
ပင်လုံစာချုပ်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဖြစ်တည်လာရေးအတွက် ကနဦးအစဖြစ်သည့်အပြင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကိုပါ အစပျိုးခဲ့သော
စာချုပ်ဖြစ်ခဲ့လေသည်။ မြန်မာ့သမိုင်းတွင် ပင်လုံစာချုပ်သည် အရေးကြီးသော၊ အရေးပါသော
မြန်မာ့လွတ်လပ်ရေးကို အရယူပေးခဲ့သော တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ပြည်နယ်ပြည်ပပေါင်းစည်းရေးအတွက်
အကောင်အထည်ဖော်ပေးခဲ့သော သမိုင်းဝင်စာချုပ်လည်း ဖြစ်ခဲ့သည်။
ယင်းသို့တစ်ပြည်ထောင်လုံးရှိ
မြန်မာအပါအဝင် တိုင်းရင်းသားပေါင်းစုံတို့၏ သွေးစည်းညီညွတ်မှုကို ပြသနိုင်ခဲ့သော ပင်လုံစာချုပ်
ချုပ်ဆိုခဲ့သည့်နေ့ကို ဂုဏ်ပြုသောအားဖြင့် “ပြည်ထောင်စုနေ့” ဟူ၍ ခေါ်ဝေါ်သမုတ်ခဲ့သည်မှာ
ယနေ့အထိဖြစ်ပေသည်။
ဗြိတိသျှအစိုးရသည်လည်း ပြည်မကြီးသာမက
တောင်တန်းဒေသများပါ တစ်ပြိုင်တည်းလွတ်လပ်ရေး ပေးရန်ကို သဘောတူညီရလေတော့သည်။ ဤသို့လျှင်
ပြည်ထောင်စုမြန်မာနိုင်ငံတော် လွတ်လပ်ရေးကို ထိုနေ့တွင် အုတ်မြစ်ကို ချခဲ့နိုင်သဖြင့်
ပြည်ထောင်စု တိုင်းရင်းသားတိုင်း မမေ့လျော့အပ်သော နေ့ထူးနေ့မြတ် တစ်ခုဖြစ်ပေသည်။
တိုင်းရင်းသားများနှင့် သွေးစည်းညီညွတ်သော
သဘောတူညီစွာ ချုပ်ဆိုလက်မှတ် ရေးထိုးနိုင်ခဲ့သော ပင်လုံညီလာခံကျင်းပနိုင်ခဲ့သော ၁၉၄၇
ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်သည် ပြည်ထောင်စုနေ့ဟူသော သမိုင်းဝင် နေ့ထူးနေ့မြတ်ကြီး ပေါ်ပေါက်လာခြင်းနှင့်အတူ
ယင်းနေ့ကြီး၏ ခိုင်မာထောက်ပံ့မှုကြောင့် မြန်မာနိုင်ငံသည်လည်း လွတ်လပ်ရေးရရှိကာ လွတ်လပ်သောနိုင်ငံတစ်ခုအဖြစ်
ကမ္ဘာအလယ်မှာ ဂုဏ်ယူဝင့်ကြွားစွာ ထွက်ပေါ် လာရပေတော့သည်။
နှစ်ပေါင်းတစ်ရာကျော် သူ့ကျွန်ဖြစ်ခဲ့ကြရပြီးနောက်
ခေတ်အဆက်ဆက် နိုင်ငံသားသူရဲကောင်းတို့ အသက်စွန့်လွှတ်
ကြိုးပမ်းခဲ့ပုံများသည် မြန်မာနိုင်ငံတော် သမိုင်းတွင် ထွန်းပြောင်နေဆဲ ဖြစ်သည်မှာ
အမှန်ပင်ဖြစ်တော့သည်။ ထိုစွန့်လွှတ်စွန့်စား မှုများနှင့်အတူ မြန်မာနိုင်ငံလွတ်လပ်ရေး
ရရှိစေရေးမှာ တောင်ပေါ်မြေပြန့်မခွဲဘဲ သွေးစည်းညီညွတ် ခဲ့ကြသည့် တိုက်ပွဲဝင်စိတ်ဓာတ်နှင့်
သာမက တစ်သွေးတည်းတစ်သံတည်း ဖြစ်ကြောင်း ဖော်ကျူးခဲ့သည့် ပင်လုံစာချုပ်ပေါ်ပေါက်လာခြင်း
သည်လည်း အဓိကကျသော အချက်များသာလျှင် ဖြစ်ပေတော့သည်။
ထို့ကြောင့် မြန်မာနိုင်ငံလွတ်လပ်ရေးကို
ရရှိစေခဲ့ကာ ပြည်ထောင်စုသားများ ညီညွတ်ခဲ့သည့် ပြည်ထောင်စုရဲ့ စည်းလုံးအားကို ဖော်ဆောင်ပြသခဲ့သော
သမိုင်းဝင်ဂုဏ်ယူဖွယ် “ပြည်ထောင်စုနေ့” ကြီးကို ဂုဏ်ပြုသော အားဖြင့်လည်းကောင်း၊ လွတ်လပ်ရေးကြီးအစဉ်
တည်တံ့ခိုင်မာစေရေးအတွက်လည်းကောင်း၊ ဆက်လက်၍ ညီညွတ်စည်းလုံးသော အင်အားကို ပြသရန်အတွက်
လည်းကောင်း၊ စောင့်ထိန်းဆောင်ရွက်ရမည်မှာ မြန်မာပြည်ဖွား အတူနေတိုင်းရင်းသား လူမျိုးတို့၏တာဝန်
တစ်ရပ်သာ ဖြစ်ပေသည်။ သူ့ကျွန်ဘဝ ရောက်ခဲ့ရသည့် အတိတ်သမိုင်း၏အဖြစ် ဆိုးမွေများကို ခါးသီးစွာ အမှတ်ရခြင်းနှင့်အတူ ယခုအခါ သွေးမကွဲကြဘဲ
ယခင်တစ်ချိန်ကကဲ့သို့ ပြန်လည်စည်းလုံးညီညွတ်ကြပါစို့ဟု (၇၄)ကြိမ်မြောက် ပြည်ထောင်စုနေ့ကို
ကြိုဆိုဂုဏ်ပြုလျက် ရေးသားလိုက်ရပါသည်။ “သမဂ္ဂါနံ တပေါသုခေါ” ညီညွတ်ခြင်းသည် ချမ်းသာခြင်းအမှန်ဖြစ်တော့သည်။ ။
ဝင်းကျော်ကျော်(ပျဉ်းမနား)
0 Comments