ရေတိမ်ရောဂါ (Glaucoma) ဟာ
ကမ္ဘာမှာရော မြန်မာမှာပါ မျက်စိကွယ်စေတဲ့ရောဂါ တွေအနက် ဒုတိယအများဆုံးရောဂါ ဖြစ်တယ်။
၂၀၁၅ ခုနှစ်အရ မြန်မာနိုင်ငံမှာ မျက်စိကွယ်တဲ့
လူဦးရေရဲ့ ၁၉ ရာခိုင်နှုန်းဟာ ရေတိမ်ကြောင့်ဖြစ်တယ်။ အတွင်းတိမ် (Cataract) ဟာ မျက်စိကွယ်စေတဲ့ ရောဂါအနက် ပထမဆုံးရောဂါဖြစ်တယ်။ ခွဲစိတ်ခြင်းနဲ့ အမြင်အာရုံ ကောင်းမွန်လာအောင် ကုသနိုင်တယ်။ အတွင်းတိမ်ဟာ အပူပိုင်းဒေသမှာ ပါဝင်တဲ့ မြန်မာနိုင်ငံတွင် ခရမ်းလွန်ရောင်ခြည်
လွန်ကဲကျရောက်မှုကြောင့် အဖြစ်များပါတယ်။
ရေတိမ်ရောဂါဟာ မျက်စိရဲ့မြင်လွှာ (Retina) နဲ့ မျက်စိအာရုံကြော (Optic Nerve) တို့ ပျက်စီးခြင်းကြောင့်ဖြစ်တဲ့
မျက်စိအာရုံကြောရောဂါ (Optic Neuropathy) ဖြစ်တယ်။ ဒါကြောင့် အမြင်အာရုံကျဆင်းပြီး
မြင်ကွင်းကျဉ်းကာ မျက်စိကွယ်စေတဲ့ ရောဂါဖြစ်တယ်။
မျက်စိအတွင်းမှ မျက်ရှေ့အကြည်ရည် (Aqueous humour) ခေါ် အရည်ကြောင့် မျက်စိတွင်း
ရေဖိအားကို ဖြစ်ပေါ်စေတယ်။ ယင်းအရည်ဟာမျက်စိအတွင်းမှာ
ထုတ်လုပ်ပြီး မျက်စိထောင့်ကိုဖြတ်လို့ မျက်စိအတွင်းမှအပြင်ကို
ထွက်ရပါတယ်။ ပုံမှန်ရေဖိအားမှာ ၁၁-၁၂ မီလီမီတာ မာကျူရီအထိရှိရာ Aqueous humour ဟာ မျက်စိအပြင်ကို မထွက်နိုင်ရင် ရေဖိအားများလို့ ရေတိမ်ရောဂါဖြစ်စေတယ်။
ရေဖိအားဟာ ရေတိမ်ဖြစ်စေတဲ့ အကြောင်းတစ်ခု ဖြစ်တယ်။
ရေတိမ်အမျိုးအစားတွေမှာ ထောင့်ကျဉ်းရေတိမ်
နှင့်ထောင့်ကျယ်ရေတိမ်ဆိုပြီး နှစ်မျိုးရှိတယ်။
မျက်စိရောဂါနဲ့ တွဲမဖြစ်ရင် ပထမအဆင့်ဟု လည်းကောင်း၊ မျက်စိရောဂါ သို့မဟုတ် မျက်စဉ်း စတဲ့အခြား အကြောင်းကြောင့်ဖြစ်ပါက ဒုတိယအဆင့်ဟုလည်းကောင်း
သတ်မှတ်တယ်။
ထောင့်ကျဉ်းရေတိမ်ရောဂါဟာ အာရှနိုင်ငံတွေမှာ အဖြစ်များတဲ့ ရေတိမ်ဖြစ်တယ်။ မိတ္ထီလာမျက်စိ ရောဂါဆန်းစစ် လေ့လာချက်အရ မြန်မာနိုင်ငံအလယ်ပိုင်းမှာ
ရောဂါဖြစ်နှုန်း ၂ ဒသမ ၅ ရာခိုင်နှုန်းရှိတာ ရေတိမ်ကြောင့် မျက်စိကွယ်လူနာ တွေအနက် ၈၄ ရာခိုင်နှုန်းက ထောင့်ကျဉ်းရေတိမ်ကြောင့်ပါပဲ။
ထောင့်ကျဉ်းရေတိမ် ဖြစ်နိုင်သူတွေက
အသက် ၄၀ ကျော်သူများ၊ မျက်စိတိုပြီး မျက်စိအရှေ့ခန်းကျဉ်းသူများ၊
အမျိုးသမီးများ၊ ရေတိမ်ရောဂါ အမျိုးမျိုးရှိသူတွေ ဖြစ်တယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက်
နှစ်ဆမှလေးဆ ဖြစ်နိုင်ခြေပိုများတယ်။ တရုတ်လူမျိုးတွေ ဆန်းစစ်လေ့လာချက်အရ မိသားစုထဲမှာ
ထောင့်ကျဉ်းရေတိမ်၌ ကျန်မိသားစုဝင်တွေ ဖြစ်နိုင်ခြေခြောက်ဆရှိပါတယ်။ ထောင့်ကျဉ်းရေတိမ်အဆင့်
သုံးဆင့်ရှိတယ်။
ထောင့်ကျဉ်းရေတိမ်ဖြစ်နိုင်ခြေရှိသူ ( P' angle closure
suspect) ယင်းလူတွေမှာ မျက်စိအရှေ့အခန်းကျဉ်းနေပြီး
Conioscope နဲ့ စမ်းသပ်ကြည့်ရင် မျက်စိတောင့်ရှိဆန်ခါနဲ့ မျက်ကြည်လွှာဟာ ၁၈၀ ဒီဂရီနဲ့အထက်
ထိကပ်နေပြီး မျက်စိထောင့်ကျဉ်းနေတယ်။ မျက်စိတွင်းရေဖိအား မတက်ပါ။ ရေတိမ်ရောဂါလက္ခဏာတွေ
မရှိပါ။ အကိုက်ခဲ ဆေးဝါးများ၊ အထရိုပင်းစတဲ့
(cholenergic) ဆေးများဖြစ်တဲ့ အအေးမိဆေးများ၊
ဗိုက်နာ၊ ဗိုက်အောင့်ပျောက်ဆေး၊ စိတ်ကျ ကုသဆေးများ၊ နှာစေးပျောက်ဆေးတွေဟာ သူငယ်အိမ်ကျယ်စေလို့
ရေထွက်ပေါက် လမ်းကြောင်းပိတ်ကာ ရုတ်တရက်ဖြစ်တဲ့ ထောင့်ကျဉ်း ရေတိမ်အဆင့် ရောက်ရှိနိုင်ပါတယ်။ ကြိုတင်ကာကွယ်တဲ့အနေနဲ့ မျက်နက်မှာ လေဆာရောင်ခြည်နဲ့ အပေါက်ဖောက်ခြင်းကို ပြုလုပ်ရမှာဖြစ်တယ်။
ရုတ်တရက်ဖြစ် ထောင့်ကျဉ်းရေတိမ်ကြောင့် မျက်စိကွယ်သူတွေဟာ မြန်မာနိုင်ငံမှာ အများဆုံးဖြစ်တယ်။ အရေးပေါ်ကုသဖို့လိုတယ်။ ရောဂါလက္ခဏာတွေက ရုတ်တရက်မျက်စိကိုက်ခြင်း၊ မှုန်ခြင်း၊
ကွယ်ခြင်း၊ နီခြင်း၊ ခေါင်းကိုက်ခြင်း၊ ဇက်ကြောတက်ခြင်း၊
အန်ခြင်း၊ မီးဆီကိုကြည့်ရင် သက်တံလိုဖြာနေတတ်ခြင်းတို့ ဖြစ်တယ်။ စမ်းသပ်ကြည့်ရင် အမြင်အာရုံကျနေပြီး မျက်စိနီရဲနေကာ၊
မျက်ကြည်လွှာလည်း မကြည်လင်၊ သူငယ်အိမ်ကျယ်နေပြီး မီးအရောင်ကို တုံ့ပြန်မှုမရှိပါ။ မျက်စိအရှေ့ခန်းကျဉ်းနေပြီး မျက်စိထောင့်မှာ အလွန်ကျဉ်းနေတယ်။
မျက်စိတွင် ရေဖိအားတက်နေတယ်။
ကုသမှုအနေနဲ့ မျက်စိတွင်ရေဖိအားကို
အမြန်ကျအောင် ရေတိမ်မျက်စဉ်းများ (စားဆေးများ၊ ထိုးဆေး)များ စတင်ပေးရမယ်။ အဓိကမှာ လေဆာရောင်ခြည်နဲ့
မျက်နှာကိုအပေါက်ဖောက်ခြင်း ပြုလုပ်ရမယ်။
လေဆာရောင်ခြည်နဲ့ ကုသပြီးရင်
မျက်စိတွင်း ရေဖိအားကို မျက်စဉ်းနဲ့ဆက်ထိန်းဖို့ လိုပါတယ်။ မထိန်းနိုင်ရင် တဖြည်းဖြည်းဖြစ်တဲ့
ထောင့်ကျဉ်းရေတိမ်အဆင့်ကို ပြောင်းလဲသွားမှာဖြစ်တယ်။ အတွင်းတိမ်ရှိရင် အတွင်းတိမ်ကို မျက်စိတွင်း ရေဖိအားထိန်းပြီးတဲ့
အချိန်မှာ ခွဲစိတ်ဖို့လိုပါတယ်။
ရေတိမ်ဟာ မျိုးရိုးလိုက်တဲ့ရောဂါဖြစ်တာကြောင့်
ကိုယ့်မျိုးရိုးမှာ ရေတိမ်ရှိရင် မိမိမှာလည်းရှိနိုင်တယ်။ ကိုယ့်မှာ ရေတိမ်ရှိရင်လည်း
မောင်နှမနဲ့ သားသမီးတွေမှာ ဖြစ်နိုင်ခြေရှိတယ်။ မျိုးရိုးမှာ ရေတိမ်ရှိရင် မိမိမှာရေတိမ်ရှိ/မရှိ
အသက် ၄၀ ကျော်ရင် နှစ်စဉ်ပုံမှန်စစ်ဆေးဖို့လိုတယ်။ ရေတိမ်ဟာ အသက်ကြီးရင်ဖြစ်တဲ့ရောဂါဖြစ်လို့ အသက် ၅၀ ကျော်ရင် ရေတိမ်ရှိ/မရှိ နှစ်စဉ်စမ်းသပ်ဖို့လိုတယ်။
ရေတိမ်ဟာ မျက်စိနှစ်ဖက်ဖြစ်တဲ့ရောဂါဖြစ်လို့ မျက်စိတစ်ဖက်မှာ ရေတိမ်ရှိရင် အခြားတစ်ဖက်ကုသဖို့လိုတယ်။ မျက်စိတစ်ဖက်ချင်းပိတ်ကာ
ကိုယ့်မြင်အားနဲ့ မြင်ကွင်းတို့ကို စမ်းသပ် စစ်ဆေးသင့်ပါတယ်။ ဆီးချိုရောဂါရှိသူတွေမှာ ဆီးချိုသေချာ မထိန်းနိုင်ရင် ဆီးချိုမျက်စိရောဂါဖြစ်ပြီး ယင်းနောက်ဆုံး အဆင့်မှာ ရေတိမ်ရောဂါဖြစ်နိုင်တယ်။
ဆီးချိုရောဂါရှိ/မရှိကို မျက်စိဆရာဝန်နဲ့ တစ်နှစ်တစ်ခါ စမ်းသပ်ဖို့ လိုအပ်တယ်။ အချို့ဆီးချိုမထိန်းနိုင်ကာမျက်စိကွယ်တဲ့အထိ ဆိုးရွားစွာဖြစ်နိုင်လို့
ဆီးချိုရှိလို့ အမြင်မှုန်ဝါးရင် မျက်စိဆရာဝန်နဲ့ ပြသဖို့ မမေ့သင့်ပါဘူး။
အတွင်းတိမ်ဟာ အမှည့်လွန်ရင်
ရုတ်တရက်ဖြစ်တဲ့ ထောင့်ကျဉ်းရေတိမ်ဖြစ်နိုင်လို့
အတွင်းတိမ်ကို ဆောလျင်စွာ ခွဲထုတ်ဖို့လိုအပ်တယ်။ “တစ်ဖက်မြင်ရသေးတာပဲ”ဟု ပေါ့မနေသင့်ဘဲ အမြင်မှုန်ဝါးရင်ပြသဖို့
လိုပါမယ်။
မျက်စိဆရာဝန်ညွှန်ကြားခြင်းမရှိဘဲ ကိုယ့်သဘောနဲ့ စတီးရွိုက်ပါတဲ့မျက်စဉ်း (ဥပမာ- Betnesol N, Sorradex,
Maxidex, itrodex, Tobradex, D) စတာတွေ ကြာရှည်အသုံးပြုခြင်းကနေ ရှောင်ရမယ်။)
ရုတ်တရက် မျက်စိကိုက်ခြင်း၊
နီခြင်း၊ မှုန်ခြင်းများ ဖြစ်ခဲ့ရင် မျက်စိဆရာဝန်နဲ့ အရေးပေါ်ပြသင့်ပါတယ်။ တဖြည်းဖြည်း
ဖြစ်တဲ့ ထောင့်ကျဉ်းရေတိမ်နဲ့ ထောင့်ကျယ်ရေတိမ်တို့ဟာ မျက်စိကိုက်ခြင်း၊ နီခြင်းမဖြစ်ဘဲ
မျက်စိမှုန်သွားခြင်း၊ မြင်ကွင်းကျဉ်းသွားခြင်းနဲ့ မျက်စိကွယ်သွားနိုင်လို့ ဂရုစိုက်သင့်ပါတယ်။
ပြသသင့်ပါတယ်။
ရေတိမ်ရောဂါကို ပျောက်ကင်းအောင်၊
မျက်စိပြန်မြင်အောင်ကုသလို့မရဘူး။ မျက်စိမှာ
အတွင်းရေ ဖိအားကိုကျအောင် ထိန်းထားနိုင်တယ်။
ရေတိမ်ဆေး၊ လေဆာခွဲစိတ်ခြင်းက ရေတိမ်ကို ကုသပြီးပေမယ့် မျက်စိတွင်း ရေဖိအားမှာ ပြန်တက်နိုင်လို့ အမြဲတမ်း စစ်ဆေးကုသဖို့ လိုအပ်မှာဖြစ်တယ်။
ရေတိမ်ကြောင့် မျက်စိကွယ်သွားရင် နေ့စဉ်လုပ်ဆောင်နေကျ လုပ်ငန်းဖြစ်တဲ့ ထမင်းစားခြင်း၊ ရေချိုးခြင်း၊ သန့်စင်ခန်း သွားခြင်း
စတာတို့ကို မိမိကိုယ်တိုင် မလုပ်ဆောင်နိုင်တော့ဘဲ
အခြားသူ တစ်ဦးဦးက ဝင်ရောက်ကူညီ လုပ်ဆောင်ပေးရတော့မှာ ဖြစ်တယ်။ ဒါကြောင့် လုပ်အား ကိုယ်ပိုင်ဝင်ငွေလျော့နည်းကာ
မိသားစုပြိုကွဲနိုင်တယ်။
မိသားစုအလုပ်ပျက်ခြင်း၊ အလုပ်ရှုပ်ခြင်း၊
မိမိကိုယ်တိုင်စိတ်ဓာတ်ကျခြင်းနဲ့ မတော်တဆထိခိုက်မှု ဖြစ်နိုင်ခြင်း စတဲ့လူမှုရေး၊
ကျန်းမာရေး အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ရမှာဖြစ်တယ်။ မျက်စိအဆုံး၊ နားအရှုံးဆိုသလို
မျက်စိကြောင့် ဘဝမဆုံးရှုံးစေဖို့၊ ရေတိမ်ကြောင့် ဘဝမနစ်မွန်းစေဖို့ နှစ်စဉ်စစ်ဆေးပေးသင့်တယ်။ မွေးရာပါရေတိမ်ရဲ့ ရောဂါလက္ခဏာတွေက
ကလေးရဲ့ မျက်စိကြီးနေခြင်း၊ မျက်ကြည်လွှာဖြူဖွေးနေခြင်း၊ မျက်ရည်ကျခြင်းနဲ့ အလင်းမကြည့်နိုင်ခြင်းတို့ဖြစ်တယ်။
ခွဲစိတ်ကုသဖို့ လိုအပ်ပါတယ်။
ရေတိမ်ရောဂါဟာ မျက်စိနှစ်ဖက်လုံးကူးသွားကာ
ပြိုင်တူဖြစ်နိုင်တဲ့ ရောဂါဖြစ်လို့ အခြားမျက်စိတစ်ဖက်မှာလည်း အလားတူ ပုံစံမျိုးမဖြစ်စေဖို့ မျက်နက်မှာ လေဆာရောင်ခြည်နဲ့
အပေါက်ဖောက်ခြင်းနဲ့ ကြိုတင်ကုသထားဖို့ လိုပါတယ်။
သက်ကြီးအတွင်းတိမ်ဟာ မျက်စိကွယ်စေတဲ့
ရောဂါတွေအနက် အများဆုံး ရောဂါဖြစ်ပေမယ့်လည်း
တိမ်ကိုခွဲစိတ် ဖယ်ရှားလိုက်ရင် အမြင်အာရုံ
ပြန်ကောင်းတတ်တယ်။ မြန်မာနိုင်ငံလို အပူချိန်ပြင်းတဲ့ နွေရာသီမှာ ခရမ်းလွန် ရောင်ခြည် ကျရောက်မှုများလို့၊ အတွင်းတိမ်ဟာ
အတွေ့ရများနေတယ်။
နေပူထဲထွက်ရင် ခရမ်းလွန်ရောင်ခြည် ၉၉ ရာခိုင်နှုန်း ကာကွယ်နိုင်တဲ့
နေကာမျက်မှန်မျိုး၊ တပ်ဆင်သွားသင့်တယ်။ မျက်စိတစ်ဖက်တိမ်ဖြစ်ရင်
ချက်ချင်းခွဲစိတ်သင့်တယ်။ အခြားတစ်ဖက်မကူးခင်၊ အမြင်အာရုံမဆုံးရှုံးခင် မျက်စိကု ဆရာဝန်နဲ့
ကုသဖို့လိုအပ်မှာ ဖြစ်ပါတယ်။ ။
ဒေါက်တာလွင်သန့်
0 Comments