ငြိမ်းငြိမ်းချမ်းချမ်း သာသာယာယာ


(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်)

တပ်မတော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တစ်ဝန်းလုံးငြိမ်းငြိမ်းချမ်းချမ်းသာသာယာယာဖြစ်နေသည်ကိုသာ မြင်တွေ့လိုသည်။ မြန်မာ့သမိုင်းစဉ်တစ်လျှောက်တွင် တပ်မတော်ကြောင့် ပြည်သူလူထုအကျိုး စီးပွားထိခိုက်သည့် ဖြစ်ရပ်မျိုး လုံးဝမရှိခဲ့သည်မှာ မှန်သောစကားဖြစ်သည်။ ပြည်သူလူထု၏ အကျိုးစီးပွားကို ဦးထိပ်ထားပြီး ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်ဥစ္စာများကိုသာ ထာဝစဉ်ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်။

တစ်နိုင်ငံလုံး ငြိမ်းချမ်းနေစေရေးအတွက် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မူဝါဒ (၆) ရပ် ချမှတ်ထားသည်။ ထိုမူဝါဒများကို လေ့လာကြည့်လျှင် ထာဝရငြိမ်းချမ်းရေး ရယူရန်အတွက် အမှန်တကယ်ဆန္ဒရှိရန်၊ သဘောတူစာချုပ်များအတိုင်း ကတိတည်ရန်၊ ငြိမ်းချမ်းရေး သဘောတူညီချက်များအပေါ် အမြတ်မထုတ်ရန်၊ ဒေသခံပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်၊ နိုင်ငံတော်က ထုတ်ပြန်ထားသည့် တည်ဆဲဥပဒေများကို လိုက်နာရန်၊ ဒို့တာဝန်အရေးသုံးပါးနှင့် ဒီမိုကရေစီအနှစ်သာရကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ဒီမိုကရေစီလျှောက်လှမ်းနေမှုတွင် လိုက်ပါ လုပ်ဆောင်ရန်ဟူ၍ တွေ့ရှိရပေမည်။

တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲပြီး ခိုင်မာသည့်ထာဝရ ငြိမ်းချမ်းရေးရရှိရေးအတွက် နိုင်ငံတစ်ဝန်းလုံးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များမှအပ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ ရပ်ဆိုင်းပေးသွားမည်ဖြစ်ကြောင်း ကြေညာထုတ်ပြန်ထားသည်။ တပ်မတော်စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ တိုးမြှင့်ရပ်စဲပေးထားသည့် ကာလများကို ယခင်ကထက် ပိုမိုထိရောက်အကျိုးရှိစွာ အသုံးပြု၍ ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို ဆက်လက်ဆောင်ရွက် ကြစေလိုကြောင်း ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်၍ တိုက်တွန်းထားရှိပြီး ဖြစ်သည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား ထိရောက်စွာ ဆွေးနွေးဆောင်ရွက်နိုင်ရေး တပ်မတော်၏ငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီကိုလည်း ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၉ ရက်တွင် ကော်မတီဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဦးစီးအဖွဲ့ဝင် လေးဦးဖြင့် ဖွဲ့စည်းထားရှိပြီး ဖြစ်သည်။ နိုင်ငံတော်အတွက် ထာဝရငြိမ်းချမ်းရေး အောင်မြင်ပြီးဆုံးသည်အထိ ဆောင်ရွက်ရန်မှာ မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဖြစ်သည့်အတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးပြီးသော လက်နက်ကိုင်အဖွဲ့များ၊ လက်မှတ်ထိုးရန်ကျန်ရှိသည့် ဆက်လက်ဆွေးနွေးဆဲ ဖြစ်သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား အမြန်ဆုံးဆက်လက် ဆွေးနွေးနိုင်ရေးအတွက် တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီကို ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးစီးအဖွဲ့ဝင် ခုနစ်ဦးဖြင့် ဖေဖော်ဝါရီ ၁ ရက်မှစတင်ကာ ပြင်ဆင်ဖြည့်စွက် ဖွဲ့စည်းပေးခဲ့သည်။

တပ်မတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီသည် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လမ်းကြောင်းအတိုင်း NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးပိုမိုခိုင်မာအောင် ဆက်လက်ဆွေးနွေးခြင်း၊ NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား NCA လက်မှတ်ရေးထိုးနိုင်သည်အထိ ဆက်လက်ဆွေးနွေးခြင်းနှင့် ထာဝရငြိမ်းချမ်းရေး အောင်မြင်ပြီးဆုံးသည်အထိ လိုအပ်သည်များ ဆက်လက်ဆွေးနွေးသွားရန် ဖြစ်ကြောင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်သည်။

လုပ်ငန်းတစ်ခု အောင်မြင်ရေးအတွက် ဆွေးနွေးညှိနှိုင်းရာတွင် လုပ်ငန်းအတွေ့အကြုံရှိသူများ ကိုယ်တိုင်ပါဝင်ခြင်းကသာ အောင်မြင်မှုကို ဖြစ်ပေါ်စေမည်မှာ အမှန်ဖြစ်သည်။ ပွင့်လင်းစွာဆိုရလျှင် နိုင်ငံတော်တစ်ဝန်းလုံး ငြိမ်းချမ်းရေး ဆောင်ရွက်လျက်ရှိရာတွင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် တပ်မတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကော်မတီတို့ ဆွေးနွေးပွဲမှာ အောင်မြင်မှုရာနှုန်းပြည့် ရရှိမည့် ဆွေးနွေးပွဲဖြစ်သည်။ နှစ်ဦးနှစ်ဖက်စလုံးသည် စစ်မြေပြင်တွင် ကိုယ်တိုင်တိုက်ပွဲဝင်ခဲ့ကြသူများ ဖြစ်သည့်အတွက် ငြိမ်းချမ်းရေးကို လိုလားမှု ရာနှုန်းပြည့် ရှိသူများသာဖြစ်သည်။ ပြင်ပ ပယောဂသွေးထိုးနှောင့်ယှက်မှုကင်းစင်ပါက မကြာမီသောအချိန်ကာလအတွင်း နိုင်ငံတော်တစ်ဝန်းလုံးအေးချမ်းကာ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲတော့မည်ဟု ယုံကြည်ပါကြောင်း ရေးသားလိုက်ရပေသည်။    


Post a Comment

0 Comments