ဂုဏ်သိက္ခာရှိသော ဝန်ထမ်းဘဝ


(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံအတွင်း ဖြစ်ပျက်နေသော အရေးပေါ် အခြေအနေအရ နိုင်ငံတော်တာဝန်ကို ဦးဆောင်နေခြင်းဖြစ်သည်။ အဆိုပါကောင်စီတွင် တပ်မတော်မှ ရှစ်ဦး၊ အရပ်ဘက်မှ ရှစ်ဦးဖြင့် ဖွဲ့စည်းထားပြီး နေရာဒေသအသီးသီးတွင် တာဝန်ပေးခြင်းခံရသူများမှာလည်း သူ့နေရာ၊ သူ့အရည်အချင်းနှင့် လိုက်လျောညီထွေ ရှိကြသူများသာ ဖြစ်သည်။ ဥပမာအားဖြင့်ပြရလျှင် ကချင်ပြည်နယ်တွင် ကချင်လူမျိုး၊ ရှမ်းပြည်နယ်တွင် ရှမ်းလူမျိုး၊ ချင်းပြည်နယ်တွင် ချင်းလူမျိုးစသည်ဖြင့် မိမိတို့လူမျိုးကိုသာ အကြီးအကဲခန့်အပ် တာဝန်ပေးထားခြင်း ဖြစ်သည်။

အရေးပေါ်ကာလ သတ်မှတ်ထားသည်မှာ တစ်နှစ်သာဖြစ်သည်။ အရေးပေါ်ကာလအတွင်း နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့်  ပြည်သူလူထု အသက်အိုးအိမ်  စိတ်ချလုံခြုံရေးအတွက် ဆောင်ရွက်လျက် ရှိသည်။ ပြည်သူလူထု အကျိုးစီးပွားကို ရှေးရှုလျက် အကောင်းဆုံး အနေအထားဖြစ်အောင် လုပ်ဆောင်လျက်ရှိသည်။ ထိုသို့လုပ်ဆောင်မှုမှန်သမျှကိုလည်း ပြည်သူလူထုသိရှိစေရေးအတွက် အချိန်နှင့်တစ်ပြေးညီ ရှင်းလင်း တင်ပြလျက်ရှိသည်။ ရှေ့ဆက်လုပ်ဆောင်မည့်အချက် (Road Map)) ၅ ချက်ချမှတ်ဆောင်ရွက်လျက်ရှိသည်ကိုလည်း ပြည်သူသို့ အသိပေးပြီး ဖြစ်သည်။

တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊ အေးချမ်းလုံခြုံခြင်းကို လိုလားလျက်ရှိသော ပြည်သူများကို ခြိမ်းခြောက် နှောင့်ယှက်နေသော အဖျက်လုပ်ရပ် အဖျက်သမားတို့သည်  စည်းကမ်းပြည့်ဝသော  ပါတီစုံ ဒီမိုကရေစီစနစ်ကို ဖျက်ဆီးနေသည်နှင့် တူပေသည်။ လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရသည် ဒီမိုကရေစီစနစ် လမ်းကြောင်းကို ဖြောင့်တန်းချောမွေ့အောင် ပြုပြင်မွမ်းမံပြင်ဆင်ပေးနေခြင်းသာ ဖြစ်သည်။

ဒီမိုကရေစီလမ်းကြောင်းတွင် ပေါ်ပေါက်လာသောဆူးငြောင့်ခလုတ်များကို ရှင်းလင်းပေးနေခြင်းသာဖြစ်သည်။ နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းတွင် ကျင်းပသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် “ရွေးကောက်ပွဲ မဲစာရင်းမှားယွင်းမှုများကို ရွေးကောက်ပွဲဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အရေးပေါ်ကာလပြီးဆုံးသွားပါက စည်းကမ်းပြည့်ဝပြီး အနှစ်သာရရှိသည့် ရွေးကောက်ပွဲကို ပြန်လည်ကျင်းပ ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့ တာဝန်ယူသည့် အရေးပေါ်ကာလအတွင်း ပြည်သူလူထု၏ စားဝတ်နေရေးနှင့် အေးချမ်းတည်ငြိမ်ရေးကို အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

လူမှုပတ်ဝန်းကျင်တွင် နေထိုင်သူတိုင်း မိမိတို့ပတ်ဝန်းကျင်တွင် တည်ငြိမ်အေးချမ်းမှုကိုလိုလားကြသည်။ ကောင်းစွာအိပ်စက် အနားယူခြင်း၊ ကောင်းစွာလုပ်ငန်းခွင်သို့ ဝင်ရောက်ခြင်း၊ မိသားစုဘဝ အေးချမ်းခြင်းတို့ ကိုသာလိုလားကြသည်။ လတ်တလော အခြေအနေတွင် အဖျက်သမားအချို့သည် ဝန်ထမ်းထုကို လှုံ့ဆော်စည်းရုံးကာ ရုံးမတက်ရန် တားဆီးလျက်ရှိသည်။ ရုံးတက်သူများကို လူမှုကွန်ရက်တွင် လွှင့်ထုတ်၍ ဂုဏ်သိက္ခာ ကျဆင်းအောင် လုပ်ဆောင်လျက်ရှိသည်။  ထိုထိုအခက်အခဲကြားမှပင်  နိုင်ငံတော်ကို ချစ်မြတ်နိုးသူ ဝန်ထမ်းများသည် မိမိတို့လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက် လျက်ရှိကြသည်။

“နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးနှင့်ကင်းရှင်းရမည်” ဟူ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၆(က) တွင် ဖော်ပြထားသည်။ ဝန်ထမ်းများသည်  ပါတီနိုင်ငံရေးပြုလုပ်ခြင်း၊  ပါတီနိုင်ငံရေးလှုပ်ရှားမှုအတွက် ငွေကြေးအကူအညီ ပေးခြင်း၊ အခြားနည်းထောက်ပံ့ကူညီခြင်း၊ ပါတီနိုင်ငံရေး အဖွဲ့အစည်းတွင် ပါဝင်ခြင်း၊ တရားမဝင်အသင်းအဖွဲ့၊ အစည်းအရုံး၊ သမဂ္ဂစသည်တို့တွင်ပါဝင်ခြင်း၊ မည်သည့်ရွေးကောက်ပွဲတွင် မဆိုမဲဆွယ်ခြင်း၊ အကူအညီပေးခြင်းတို့ကို ရှောင်ကြဉ်ရမည် ဖြစ်သည်ကို ဝန်ထမ်းများ သိရှိပြီး ဖြစ်သည်။

ဝန်ထမ်းတစ်ဦးအနေဖြင့် ပုဂ္ဂလိကယုံကြည်ချက်၊ ခံစားချက်တို့ရှိနေသည့်တိုင်အောင် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းရန် လိုအပ်ပေသည်။

လူဆိုသည်မှာ မိမိကိုယ်မိမိအသိဆုံးသာဖြစ်သည်။ မိမိမြတ်နိုးသော ဝန်ထမ်းဘဝသို့ ရောက်ရှိရေးမှာ ယှဉ်ပြိုင်မှုများကို ဖြတ်ကျော်ပြီးမှသာ ဝန်ထမ်းလောကသို့ ခြေချနိုင်ခြင်းဖြစ်သည်။ ယခုအခါအဖျက်အမှောင့်သွေးထိုးလှုံ့ဆော်မှုများကို  နားမယောင်ဘဲ  ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများနှင့်အညီ  လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်လာသူများအတွက် ဝမ်းသာပီတိဖြစ်ရပါကြောင်း ရေးသားလိုက်ရပေသည်။       



Post a Comment

0 Comments