မိမိလုပ်ငန်းတာဝန် ထမ်းဆောင်ခြင်း မရှိဘဲ CDM ပြုလုပ်ပြီး ပုဂ္ဂလိကဆေးရုံ၌ အခကြေးငွေဖြင့် ဆေးကုသပေးနေသည့် ဆရာဝန်တစ်ဦးအား အမှုဖွင့်



နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၃

   

ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ ညောင်လေးပင်ကျေးရွာနေသူ အမျိုးသမီးတစ်ဦးသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက် နံနက် ၁၀ နာရီတွင် ကျေးရွာအတွင်း၌ ဆိုင်ကယ်မတော်တဆ တိမ်းမှောက်၍ ယာဘက်လက် ထိခိုက်ဒဏ်ရာရရှိခဲ့ရာ ပြည်မြို့ (ကုတင်-၅၀၀) ပြည်သူ့ဆေးရုံမှာ ဖွင့်လှစ်ကုသခြင်း မရှိသဖြင့် ညနေ ၅ နာရီခန့်တွင် ပြည်သူ့ ဆေးရုံကြီး၌ ဆေးကုသခြင်း မရှိဘဲ ပုဂ္ဂလိက သံလွင်ဆေးရုံ၌ အခကြေးငွေရယူလျက် ဆေးကုသနေသည့် ဒေါက်တာကျော်သူရထံသို့ သွားရောက်ပြသခဲ့ရာ ဖေဖော်ဝါရီလ ၁၃ ရက် နံနက် ၁၁ နာရီတွင် အမျိုးသမီး၏ ယာဘက်လက်သူကြွယ်နှင့် လက်သန်းနှစ်ချောင်းအား ငွေကျပ် ၁၃ သိန်းပေး၍ ခွဲစိတ်ဖြတ်တောက်ခဲ့ရသည့်အပြင် ဒေါက်တာကျော်သူရမှ ဒုတိယအကြိမ် ထပ်မံခွဲစိတ်ရန် လိုအပ်ကြောင်း ပြောလာခဲ့သဖြင့် ငွေကြေးမတတ် နိုင်တော့သည့်အတွက် ၎င်းပုဂ္ဂလိကဆေးရုံမှ အမှတ်(၆)တပ်မတော်ဆေးရုံ(ကုတင်-၁၀၀)သို့ လာရောက်ပြသ အရေးပေါ် ခွဲစိတ်ကုသမှုခံယူခံရသည်။

   

အဆိုပါ အမျိုးသမီးအနေဖြင့် ပုဂ္ဂလိကဆေးရုံ၌ မိမိဒဏ်ရာအား ကုသမှုခံခဲ့ရာမှ ငွေကြေးမတတ်နိုင်တော့သဖြင့် တပ်မတော်ဆေးရုံသို့ ပြောင်းရွှေ့ကုသရာတွင် အချိန်မီ ထပ်မံခွဲစိတ်ခြင်း မပြုလုပ်ပါက အသက်အန္တရာယ်စိုးရိမ်ရသည့် အနေအထားသို့ ရောက်ရှိနေသဖြင့် လူနာ၏ ယာဘက်လက်ခလယ်နှင့် လက်ညိုးတို့အား မလိုအပ်ဘဲ ဖြတ်တောက် ကုသခဲ့ရသည်။

   

ဖြစ်စဉ်နှင့် ပတ်သက်၍ နစ်နာသူ အမျိုးသမီးမှ ဒေါက်တာ ကျော်သူရအား တောင်းခံသည့် ငွေကြေးပေးအပ်သော်လည်း ငွေကြေးထပ်မံတောင်းခံခဲ့ခြင်း၊ CDM ပါဝင်ဆောင်ရွက်သည့်အပြင် အခြားဝန်ထမ်းများအား စည်းရုံးခြင်း၊ ပြည်သူများ ကျန်းမာရေး အခက်အခဲဖြစ်စေရန် ဝန်ထမ်းစည်းမျဉ်းနှင့် ဆန့်ကျင်လျက် မတရားငွေကြေးတောင်းခံကုသမှုအပေါ် ဥပဒေ နှင့်အညီ အရေးယူပေးနိုင်ပါရန် ပြည်မြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့သို့ တိုင်ကြား ခဲ့သဖြင့် စခန်းမှူး ဒုတိယရဲမှူး ကျော်အေးလှိုင် မှ (ပ)၃၂/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)အရ အမှုဖွင့်ဆောင်ရွက်ထားရှိပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည့်အပြင် မြန်မာနိုင်ငံဆေးကောင်စီသို့လည်း ပြည်သူ့ဝန်ထမ်း ဆရာဝန်တစ်ဦး အနေဖြင့် တာဝန်မဲ့ လုပ်ရပ်များအား စာရေးသား တိုင်းတန်းထားကြောင်းလည်း သတင်းရရှိသည်။

Post a Comment

0 Comments