နေပြည်တော် ဖေဖော်ဝါရီ ၂၃
စီးပွားရေးရာကော်မတီ အစည်းအဝေးအမှတ်စဉ်(၁/၂ဝ၂၁) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ စီးပွားရေးရာကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် ဦးစိုင်းလုံးဆိုင်၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဦးချစ်နိုင်၊ ဦးတင်ထွဋ်ဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဒေါက်တာပွင့်ဆန်း၊ ဦးရွှေလေး၊ ဒေါက်တာသက်သက်ခိုင်၊ ဦးမောင်မောင်အုန်း၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာဒေါ်သီတာဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် စီးပွားရေးရာ ကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စီးပွားရေးကဏ္ဍသည် အလွန်ကျယ်ပြန့်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ အဓိကမောင်းနှင်အားတစ်ခုဖြစ်သည့် စီးပွားရေးမောင်းနှင်အားမှာ အရေးကြီးသည့်အတွက် ယခုကော်မတီသည် နိုင်ငံ၏ စီးပွားရေး ဖြစ်ပေါ်ပြောင်းလဲမှုကို သက်ရောက်မှုရှိသည့် ကော်မတီဖြစ်ပါကြောင်း၊ စီးပွားရေး ကောင်းမွန်ရေးအတွက် ဆောင်ရွက်ရန် မည်သည့်ကဏ္ဍကို အခြေခံ စဉ်းစားရမည်ဆိုသည်မှာလည်း အရေးကြီးကြောင်း၊ တိုင်းပြည်၏ စီးပွားရေးကောင်းမွန်ရန် အခြေခံကောင်းများ ရှိရန်လိုအပ်ကြောင်း၊ စီးပွားရေး ကောင်းမွန်ရန်အတွက် ဆောင်ရွက်သူများ၏ မူဝါဒချမှတ်မှုနှင့် စွမ်းဆောင်မှုအပေါ်မူတည်ကြောင်း။
လုပ်ငန်းများ ဆောင်ရွက်ရာတွင် တစ်ဦးတစ်ဖွဲ့တည်းဖြင့် ဆောင်ရွက်၍ မရပါကြောင်း၊ဝိုင်းဝန်းပူးပေါင်း ညှိနှိုင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနတို့၏ အချက်အလက်များကိုကြည့်ရှုရာတွင် ကုန်သွယ်မှု လိုငွေပြမှုများရှိကြောင်း၊ ထို့အတူ ပြည်ထောင်စု၏စုစုပေါင်းလိုငွေလည်း ပြနေကြောင်း၊ သို့ဖြစ်၍ ကုန်ထုတ်လုပ်မှုနှင့် ပို့ကုန်တင်ပို့မှုလုပ်ငန်းများကို အားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တိုင်းပြည်စီးပွားရေး ကောင်းမွန်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် လူဦးရေ ၅၄ သန်းကျော်ရှိကြောင်း၊ မြေ၊ လူသားအရင်းအမြစ်နှင့် သယံဇာတများစွာ ရှိသည့်အတွက် အလုပ်လုပ်နိုင်သည့် အခြေခံကောင်းများ ရှိကြောင်း၊ ကုန်ထုတ်လုပ်မှုများ ဆောင်ရွက်ရာတွင် မည်သည့်အချက်အပေါ် အခြေခံမည် ဆိုသည်ကိုလည်း စဉ်းစားဆောင်ရွက်ရန် လိုကြောင်း၊ ရေရှည်အတွက် သဘာဝ သယံဇာတများကို လွယ်လွယ်ကူကူ ထုတ်ယူရောင်းချ၍ မရကြောင်း၊ တိုင်းပြည်အနာဂတ် အတွက် ထိန်းသိမ်းသိုလှောင်ပြီး အရေးပေါ် အတွက် အရန်ထားရန် လိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် သယံဇာတ ထုတ်လုပ်မှုကို လျှော့ချသွားရန် လိုအပ်ကြောင်း၊ တစ်ဖက်ကလည်း သွင်းကုန်အစားထိုး လုပ်ငန်းများကို ကြိုးစား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စားသောက်ကုန်ပစ္စည်း တင်သွင်းမှုကို လျှော့ချသွားရန် လိုအပ်ပြီး မိမိတို့နိုင်ငံ၌ပင် ထုတ်လုပ်နိုင်ရန် လိုအပ်ကြောင်း၊ ထို့အပြင် ပြည်တွင်းထုတ်လုပ်မှုကို တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများအတွက် အဓိကလိုအပ်ချက်မှာ လျှပ်စစ်စွမ်းအင်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်နိုင်ရေး အတွက် ကြိုးစားရမည်ဖြစ်ကြောင်း၊ သို့မှသာ လူမှုစီးပွားဘဝ တိုးတက်ပြီး ကုန်ထုတ်လုပ်မှု တိုးတက်လာမည်ဖြစ်ကြောင်း၊ လူဦးရေ ၅၄ သန်းတွင် အခြေခံပညာနှင့် တက္ကသိုလ်ပညာ ပြီးမြောက်သူတို့၏ လုပ်အားများကို ကဏ္ဍအလိုက် အသုံးချနိုင်ရေးအတွက် နည်းလမ်းရှာရမည်ဖြစ်ကြောင်း၊ အလုပ်သမားများနှင့် အလုပ်ရှင်များ အတွက်လည်း ထည့်သွင်း စဉ်းစားပေးရမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်သူများအတွက်လည်း အာမခံချက်နှင့် ဆွဲဆောင်မှုများ ပေးရမည် ဖြစ်သကဲ့သို့ ယုံကြည်မှုရှိရန်လည်း လိုအပ်ကြောင်း၊ စီးပွားရေးသည် အပြောကျယ်ပြီး ငွေကြေးနှင့် ပတ်သက်နေကြောင်း၊ ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုရာတွင် လိုအပ်သည့် အကျိုးအမြတ် ရရှိမည်ဟုဆိုသည့် မက်လုံးဖြင့် ကျေနပ်မနေသင့်ကြောင်း၊ အခွန်ကောက်ခံမှု အပိုင်းတွင်လည်း အခွန်တိုးမြှင့် ရရှိရေးထက် အခွန်ပေးဆောင်သူ ဦးရေတိုးတက်မှုရရှိအောင် ကြိုးစားရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ရရှိရန်လိုကြောင်း၊ စက်ရုံ၊ အလုပ်ရုံကဏ္ဍတွင်လည်း လုပ်ငန်းများ ပုံမှန်လည်ပတ်နေရေးအတွက် အားပေးရမည်ဖြစ်ကြောင်း၊ ၎င်းတို့၏ အခက်အခဲများရှိပါကလည်း ဝိုင်းဝန်းဖြေရှင်းပေးရမည်ဖြစ်ကြောင်း၊ ထို့အပြင် လည်ပတ်နေသည့် စက်ရုံများမှ ထွက်ရှိလာသည့် ကုန်ပစ္စည်းများ၏ အရည်အသွေး မြင့်မားရေးအတွက် သက်ဆိုင်ရာဝန်ကြီး ဌာနများက မူဝါဒများချမှတ်ပြီး ကူညီဆောင်ရွက်ပေးရန် လိုကြောင်း၊ စက်မှုဝန်ကြီးဌာနမှာ နိုင်ငံတကာတွင် ရှိပါကြောင်း၊ စီးပွားရေး လုပ်ငန်းများတွင် နိုင်ငံသူနိုင်ငံသားများက အဓိကဖန်တီးနိုင်သည့် ကဏ္ဍတွင် ပါဝင်နေရန် လိုအပ်ကြောင်း၊ ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ခွင့်ပြုရာတွင် ကော်မတီအနေဖြင့် သဘောကောင်းရန် မလိုအပ်ဘဲ စေတနာကောင်းရန်သာ လိုအပ်ပါကြောင်း၊ နိုင်ငံသူနိုင်ငံသားများ နစ်နာမှုမရှိစေရေးအတွက် စဉ်းစားဆောင်ရွက်ရန် ဖြစ်ကြောင်း၊ ယခုစီးပွားရေး ကော်မတီသည် တိုင်းပြည်စီးပွားကောင်းမွန်ရေးအတွက် မောင်းနှင်ရန် အဓိကကျသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ သို့ဖြစ်၍ တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဆုံးဖြတ်ချက် မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် ဆုံးဖြတ်၍ ရင်းနှီးမြှုပ်နှံသူများ လုပ်သာကိုင်သာရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် စီးပွားရေး ကော်မတီအတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် က စီးပွားရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်ခဲ့မှုများ၊ ကော်မတီအစည်းအဝေးများ ကျင်းပခဲ့မှုနှင့် ဆုံးဖြတ်ဆောင်ရွက်ရန် ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ခွင့်ပြုပေးရန် ကိစ္စရပ်များ၊ မှတ်တမ်းတင်ပေးရန် ကိစ္စရပ်များ၊အမိန့်ကြေညာစာ ထုတ်ပြန်ပေးရန် ကိစ္စရပ်များ၊ ငွေကြေးသက်သေခံ လက်မှတ်လုပ်ငန်း
ကြီးကြပ်ရေးကော်မရှင် အဖွဲ့ဝင်များ
ခန့်အပ်ရေးနှင့် ချီးမြှင့်ငွေ တိုးမြှင့်ပေးရန် ကိစ္စရပ်များ၊ နားလည်မှုစာချုပ်နှင့်
သဘောတူ စာချုပ်များ လက်မှတ်ထိုးရန် ကိစ္စရပ်များ ခွင့်ပြုနိုင်ရေးအတွက် ရှင်းလင်း တင်ပြကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက နိုင်ငံတကာနှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတကာနှင့် ချုပ်ဆိုထားသည့် နားလည်မှုစာချွန်လွှာများ၊ သဘောတူ စာချုပ်များနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များ၊ နိုင်ငံတကာ အကူအညီပေးရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ဆောင်ရွက်ဆဲနှင့် ဆက်လက် ဆောင်ရွက်မည့်ကိစ္စရပ်များကို လည်းကောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာ ကံဇော်က ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ လုပ်ငန်းစဉ်များနှင့် ပြုပြင်ပြောင်းလဲရန် ဆောင်ရွက်နေမှု၊ စိစစ်တွေ့ရှိချက် အစီရင်ခံစာများနှင့် ဆက်လက်စစ်ဆေးရမည့် စာရင်းများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက နိုင်ငံပိုင်ကြေးနီနှင့် ကျောက်မျက်ရတနာများ စုစည်းထားရှိမှုနှင့် ရတနာပြပွဲများ ကျင်းပရေးကိစ္စတို့နှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် စီးပွားရေးကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယခုကော်မတီတွင် တာဝန်ထမ်းဆောင်နေကြသူများ အနေဖြင့် အတွေ့အကြုံရှိသူများဖြစ်၍ မိမိတို့တာဝန်ကို အကောင်းဆုံး ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ COVID - 19 ကာလတွင် ယိုင်နဲ့နေသည့် စီးပွားရေးကို အမြန်ဆုံး ပြန်လည်တည့်မတ်စေရေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာ လုပ်ငန်းများအလိုက် ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးရန်လိုကြောင်း၊ အချိန်အား လေးစားရန်နှင့် အလုပ်ကို အကြွေးမထားရန် လိုကြောင်း၊ တင်ပြသင့်သည်များကို အမြန်ဆုံး တင်ပြရန်နှင့် ဌာနဆိုင်ရာများ အချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် လိုကြောင်း၊ ပံ့ပိုးမှုပေးရမည့် ဝန်ကြီးဌာနများနှင့် ပုဂ္ဂိုလ်များအနေဖြင့် မျှတရန် လိုအပ်ပြီး လေးလေးနက်နက် စဉ်းစား၍ ဆောင်ရွက်ပေးရန် လိုကြောင်း၊ မူဝါဒများနှင့် ပတ်သက်၍ ခိုင်ခိုင်မာမာဖြစ်ရန် လိုအပ်ပြီး ရပ်တည်ချက် မှန်ကန်ရန်လိုကြောင်း၊ ယခုကော်မတီ အစည်းအဝေးသည် တိုင်းပြည်စီးပွားရေး ပြန်လည်တိုးတက်လာစေရေးအတွက် အထောက်အကူပြုမည်ဟု ယုံကြည်ပါကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
0 Comments