ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော်အစိတ်အပိုင်းများကို Modular Trailer ဖြင့် ဆီမီးခုံဆိပ်ကမ်းမှ နေပြည်တော်သို့ တတိယအကြိမ် ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနားကျင်းပ

 



နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၃

နေပြည်တော်တွင် တည်ထားကိုးကွယ်မည့် ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော် အစိတ်အပိုင်းများကို Modular  Trailer  ဖြင့် ဆီမီးခုံဆိပ်ကမ်းမှ တည်ထားကိုးကွယ်မည့် နေပြည်တော် ကောင်စီနယ်မြေသို့ တတိယအကြိမ် ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် မန္တလေး တိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ဆီမီးခုံကျေးရွာအနီး၌ ကျင်းပပြုလုပ်သည်။

    အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်းမြို့နယ်၊ သံဃာ့နာယကဥက္ကဋ္ဌ ဘဒ္ဒန္တမာဏိတအမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

    ဦးစွာ ငါန်းဇွန်းမြို့နယ် သံဃာ့နယက ဥက္ကဋ္ဌ ဆရာတော်ကြီး အမှူးပြုသော သံဃာတော်များ ရွတ်ပွား သရဇ္ဈာယ်တော်မူကြသည့် ပရိတ်တရားတော်များကို တက်ရောက်လာကြသူများက နာယူကြည်ညိုကြသည်။

    ဆက်လက်၍ ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော် အစိတ်အပိုင်းများအား ဆရာတော်ကြီးများ၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်း ပူဇော်ကြသည်။

    ထို့နောက် ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော် အစိတ်အပိုင်း များအား ပင့်ဆောင်ရန်အတွက် လုံခြုံရေးအဖွဲ့ဝင်များနှင့် ယာဉ်မောင်းများ နေရာယူခြင်း၊ ဥပါသကာများနှင့် ဝတ်အသင်းများ နေရာယူခြင်းတို့ကို  အစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ကြပြီး ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော် လောင်းလျာပင်မ ကျောက်တော်ကြီးမှ ပလ္လင်တော်အပိုင်း(၃)၊ ပလ္လင်တော်အပိုင်း(၅)၊ စုစုပေါင်း ၂ တုံး တင်ဆောင်ထားသည့် Modular  Trailer များသည် မင်္ဂလာအချိန်တွင် စတင်ပင့်ဆောင် ထွက်ခွာတော်မူကြရာ ငါန်းဇွန်းမြို့နယ် သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်ကြီး၊ တိုင်းမှူးနှင့် တက်ရောက် လာကြသည့် ဧည့်ပရိတ်သတ်အပေါင်းတို့က ဧည့်ပရိတ်သတ် အပေါင်းတို့က လက်ဆယ်ဖြာ ဦးထိပ်ထား၍ ကြည်ညိုကြသည်။

    ယင်းနောက် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနား အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

Post a Comment

0 Comments