ဥပဒေနှင့်အညီ ဆက်လက်လုပ်ဆောင်



မဲမသမာမှုများကြောင့် တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာ၍ ဖေဖော်ဝါရီ ၁ ရက်မှစပြီး နိုင်ငံတော်တာဝန်အား ရယူခဲ့ရပါသည်။

ထိုသို့တာဝန်ယူခဲ့သည့် အချိန်မှစ၍ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပါသည်။ တာဝန်ယူမည့် ကာလအပိုင်းအခြားနှင့် ရှေ့ဆက်လက် လုပ်ဆောင်မည့် လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ကို ပြည်သူများသို့ ရှင်းလင်းတင်ပြခဲ့ပြီး ဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများ စစ်ဆေးခြင်းများ အပါအဝင် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက်လုပ်ဆောင်သွားမည်ဟူသော ရှေ့လုပ်ငန်းစဉ် ပထမအချက်ကို စတင်ဆောင်ရွက်နေပြီဖြစ်သည်။ သာမန် ရိုးသားသော ပြည်သူတိုင်းသိနိုင်ရန် ခဲယဉ်းလှသည့် ရွေးကောက်ပွဲမဲမသမာမှု ဖြစ်စဉ်များတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ မြို့နယ်(၈)မြို့နယ်၌ ယခင်ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်မဲစာရင်းအရေအတွက်မှာ ၉၀၆၂၂၆ ဦး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန (လဝက) စာရင်းအရ အမှန်တကယ်ရှိသည့် အသက် ၁၈ နှစ်ပြည့်ပြီးသူပေါင်းမှာ ၇၀၃၅၄၆ ဦးဖြစ်သည်။ နေပြည်တော်တစ်ခုတည်းမှာပင် မဲစာရင်းကွာခြားမှု နှစ်သိန်းကျော်နေသည်။ ဆိုလိုသည်မှာ ယခင်ရွေးကောက်ပွဲကော်မရှင်က လူဦးရေနှစ်သိန်းကျော် စာရင်းပိုကာ မဲအထည့်ပြထားခြင်း ဖြစ်သည်။

ထို့အတူ မန္တလေးတိုင်းဒေသကြီးရှိ ရမည်းသင်းမြို့နယ်နှင့်ပျော်ဘွယ်မြို့နယ်တို့၏ မြို့နယ်အလိုက် မဲစာရင်းစိစစ်တွေ့ရှိမှုတွင်လည်း မြို့နယ်ကော်မရှင်စာရင်း ၄၁၅၁၂၉ ဦး၊ လဝကစာရင်း ၃၅၈၄၅၃ ဦး မဲစာရင်းကွာခြားမှုမှာ ငါးသောင်းခြောက်ထောင်ကျော်ရှိနေသည်။ မဲဆန္ဒရှင်စာရင်းများတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ လက်မှတ်မရှိသူအရေအတွက်ကိုလည်း ဖော်ပြပေးထားသည်။ နိုင်ငံသားစိစစ်ရေးကတ် တစ်ခုတည်းဖြင့် မဲစာရင်းတွင် သုံးကြိမ်နှင့်အထက် ပါဝင်မှုအရေအတွက်၊ နိုင်ငံသားစိစစ်ရေးကတ် တစ်ခုတည်းဖြင့် နှစ်ကြိမ်နှင့်အထက် ပါဝင်သူအရေအတွက်များကိုလည်း တိကျစွာဖော်ပြထားသည်။ စိစစ်တွေ့ရှိချက်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (အသစ်)က ပြည်သူများ သိရှိနိုင်စေရန် ထုတ်ပြန်ပေးလျက်ရှိသည်။ ဤသည်ကို ပြည်သူများအနေဖြင့် အလေးထား ကြည့်သင့်သည်။ သို့မှသာ အမှားနှင့်အမှန်ကို ခွဲခြားနိုင်မည်ဖြစ်သည်။

ရွေးကောက်ပွဲနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့က အကြိမ်ပေါင်းများစွာ မြန်မာသာမက ကမ္ဘာသိထုတ်ပြန်ပေးထားပြီးဖြစ်သည်။ ရွေးကောက်ပွဲကော်မရှင်(ဟောင်း)သည် ပြည်သူများအား “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ဆုံးဖြတ်ချက်သည် အပြီးအပြတ်အတည် ဖြစ်စေရမည်” ဟူသောစကားလုံးဖြင့် အဆိပ်ခတ်ခဲ့သည်။ ထင်ယောင်ထင်မှားဖြစ်စေခဲ့သည်။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် တိတိကျကျ ပြဋ္ဌာန်းထားချက်မှာ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများကို စစ်ဆေးနိုင်ရေးအတွက် ဥပဒေနှင့်အညီ ရွေးကောက်ပွဲခုံအဖွဲ့များ ဖွဲ့စည်းပေးရန် ပုဒ်မ ၃၉၉ (ဆ)ဖြင့် ပြဋ္ဌာန်းထားပြီးဖြစ်သည်။ ကော်မရှင်အနေဖြင့် ခုံအဖွဲ့များ ဖွဲ့စည်းခြင်းလုံးဝ မရှိခဲ့ဘဲ ပုဒ်မ ၄၀၂။ (ခ)ကိုလိုရာစွဲသုံးခြင်းဖြစ်သည်။ ပုဒ်မ ၄၀၂-အောက်ပါကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များသည် အပြီးအပြတ် အတည်ဖြစ်စေရမည်-(ခ) ရွေးကောက်ပွဲခုံအဖွဲ့များ၏ ဆုံးဖြတ်ချက်များ၊ အမိန့်များနှင့်စပ်လျဉ်းသည့် အယူခံမှုများနှင့် ပြင်ဆင်မှုများ....ဟူ၍ ပြဋ္ဌာန်းထားရှိပြီး ဖြစ်ပေသည်။

လူတိုင်းသည် မိမိတို့အား ပေးအပ်ထားသော တာဝန်များကို ကျေပွန်စွာထမ်းဆောင်ရန် လိုပေသည်။

တာဝန်ကို မကျေပွန်သောအခါ ထိုတာဝန်မကျေပွန်မှု၏ သက်ရောက်မှုသည် မိမိအတွက် ဆိုးကျိုးကိုသာဖြစ်စေ

ပါသည်။ ယခင်ရွေးကောက်ပွဲကော်မရှင်အတွက် ကော်မရှင်လုပ်ငန်းလုပ်ကိုင်ရန် လေးနှစ်ကျော် အချိန်ရထားပါလျက် ပါတီစုံဒီမိုကရေစီစနစ်ကို လမ်းမှန်ကမ်းမှန်တာဝန်ကျေပွန်စွာ ဆောင်ရွက်နိုင်ခြင်း မရှိသည့်အပြင် မသိနားမလည်သော ပြည်သူအချို့ကိုပင် လှည့်ဖြားခဲ့သည်။ တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည်ဟူ၍ ပုဒ်မ ၂၀(စ)တွင် ပြဋ္ဌာန်းထားသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဥပဒေနှင့်အညီသာ ဆက်လက်လုပ်ဆောင် လျက်ရှိပါကြောင်း ရေးသားလိုက်ရပေသည်။ ။

Post a Comment

0 Comments