နိုင်ငံချစ်စိတ် မိုးထက်ပြည့်လျှံခဲ့သည်

 နိုင်ငံချစ်စိတ် မိုးထက်ပြည့်လျှံခဲ့သည်



(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်)


မြန်မာနိုင်ငံတော်သည် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် လွတ်လပ်ရေးစတင်ရရှိသည်။ ကွန်မြူနစ်ပါတီ (ဗမာပြည်)က ထိုလွတ်လပ်ရေးသည် စစ်မှန်သော လွတ်လပ်ရေးမဟုတ်ဟု ကြွေးကြော်ခဲ့သည်။ ၁၉၄၈ခုနှစ် မတ်လတွင် ဗမာပြည်ကွန်မြူနစ်ပါတီ (အလံဖြူ) ကွန်ဖရင့်ကြီးကို ပျဉ်းမနားမြို့၌ ကျင်းပကြသည်။


ထိုကွန်ဖရင့်ကြီးမှ ဆုံးဖြတ်ချက်များက ဖဆပလအစိုးရကို ပြောင်ပြောင်တင်းတင်း စစ်ကြေညာလိုက်သည်။ မတ် ၂၈ ရက်တွင် ဖဆပလအစိုးရက ကွန်မြူနစ်ခေါင်းဆောင်များအား ဖမ်းဆီးရန် အမိန့်ထုတ်သည်။ သို့ရာတွင် နောက်ကျခဲ့သည်။ ကွန်မြူနစ်ပါတီ (ဗမာပြည်)သည် တောခိုသွားခဲ့ကြပြီးဖြစ်သည်။


တောခိုကွန်မြူနစ်တို့သည် စစ်ကြီးအပြီးက ဝှက်ထားခဲ့သော လက်နက်ပုန်းတို့ကို ဖော်ထုတ်စွဲကိုင်ကာ နီးရာကျေးရွာ၊ ရဲကင်းများကို စီးနင်းတိုက်ခိုက်သည်။ တံတားတို့ကိုဖောက်ခွဲသည်။ မီးရထားလမ်းများကို ဖျက်ဆီးသည်။ ထိုပွဲဦးထွက် အောင်မြင်မှုကြောင့် လည်းကောင်း၊ ဝါဒဖြန့်ကောင်းမှုကြောင့် လည်းကောင်း၊ ရိုးသားသော တောသူတောင်သား အများအပြားတို့သည် ကွန်မြူနစ်ဖြစ်သွားကြသည်။ ကွန်မြူနစ်တို့ တောခိုသောအခါ ကွန်မြူနစ်အပေါ်တွင် သံယောဇဉ်ငြိတွယ် လျက်ရှိသော ပြည်သူ့ရဲဘော်တွေလည်း မတည်ငြိမ် ဖြစ်လာခဲ့ကြသည်။


ထိုအချိန်တွင် ပြည်ပကသွေးထိုးမြှောက်ပေးသည့်အရှိန်သည်လည်း မြင့်မားလာနေသည်။ အခြေအနေ ပိုမိုမဆိုးရွား စေရေးအတွက်  လက်ဝဲညီညွတ်ရေး ခေါင်းစဉ်ဖြင့်  ဖဆပလအစိုးရနှင့် ပြည်သူ့ရဲဘော်၊ ပြည်သူ့ရဲဘော်နှင့် ဆိုရှယ်လစ်၊ ဆိုရှယ်လစ်နှင့် တစ်သီးပုဂ္ဂလကွန်မြူနစ်၊ တစ်သီးပုဂ္ဂလ ကွန်မြူနစ်နှင့် ဖဆပလ ဆွေးနွေးကြသည်။  အပေးအယူတွေ ပြုကြသည်။ သို့ရာတွင်   မိုးသာစင်စင်လင်းသွားသည်။  ဇာတ်လမ်းကတော့ အီလည်လည်ဖြင့် မျောလိုရာသို့ မျောသွားလေသည်။ တိကျသော အဖြေမရရှိခဲ့ပေ။


ထိုအခါကျမှ အစဉ်အလာ ရှိခဲ့သော တပ်မတော်သည် နိုင်ငံ၏ အရေးအခင်းဖြစ်သည်မို့ မနေသာတော့သဖြင့် နိုင်ငံရေးနယ်ပယ်၏ အစပ်သို့ ဝင်ရောက်ခဲ့ရသည်။ ဗိုလ်ချုပ်နေဝင်း၊ ဗိုလ်မှူးကြီးဇေယျတို့ ခေါင်းဆောင်ပြီး တပ်အသီးသီးမှ ကိုယ်စားလှယ်များ စုဝေးပြီး ဆွေးနွေးကြသည်။ ၁၉၄၈ ခုနှစ် မေ ၂၅ ရက်တွင် ဝန်ကြီးချုပ် ဦးနုက နုမူ ၁၅ ချက် ကြေညာသည်။ ပြည်သူ့ရဲဘော်အဖွဲ့ ရဲဘော်ဖြူနှင့် ရဲဘော်ဝါဟူ၍ နှစ်ခြမ်းကွဲသွားသည်။


ဇူလိုင်လတွင် ရဲဘော်ဖြူတို့တောခိုသွားသည်။ ထိုဂယက်သည် တပ်တွင်းသို့ရိုက်ခတ်လာခဲ့ပြီး တပ်မတော်ရှိ ကွန်မြူနစ်ဝါဒီများ တောခိုသွားသည်။


ထိုအတွင်း ကေအင်ဒီအို လက်နက်ကိုင် အဖွဲ့တို့သည် တစ်နေ့တခြား ပိုမို၍ထကြွလှုပ်ရှားလာကြသည်။ အစိုးရအား ပေါ်ပေါ်ထင်ထင်ပင် ပုန်ကန်လာကြသည်။ ၁၉၄၉ ခုနှစ် ဇန်နဝါရီ ၁ ရက် အင်းစိန်ကိုသိမ်းသည်။


အင်းစိန်တိုက်ပွဲစတင်ဖြစ်ပွားသည်။ ဇန်နဝါရီ ၂၇ ရက် တောင်ငူ၊ ဖေဖော်ဝါရီ ၄ ရက် ပြည်မြို့များကို သိမ်းပိုက်သည်။ တောင်ငူမှသူပုန်တပ်များသည် ပဲခူးသို့ဆင်းလာသည်။ ပြည်မှသူပုန်တပ်များသည် ရန်ကုန်သို့ ဆင်းလာသည်။ ထိုနှစ်ဖွဲ့မှာ အင်းစိန်ရှိ ကေအင်ဒီအိုနှင့်ပေါင်းကာ ရန်ကုန်ကိုသိမ်းရန်ဖြစ်သည်။ ပျော်ဘွယ်၊ မိတ္ထီလာ၊ ပြင်ဦးလွင်တို့ ရန်သူ့လက်သို့ ကျပြီးနောက် မတ် ၁၁ ရက်တွင် မန္တလေးမြို့ကျသည်။ ရန်သူတို့ သိမ်းပိုက်ထားသော နေရာများမှာ မန္တလေးမှ ညောင်လေးပင်ကားလမ်းတစ်လျှောက်တွင် ကေအင်ဒီအို၊ မြစ်ဝကျွန်းပေါ်ရှိ မြို့ကြီးများမှအပ နေရာအများစုတွင် ကေအင်ဒီအိုနှင့်ကွန်မြူနစ်၊ အင်းစိန်၌ကေအင်ဒီအို၊ မော်လမြိုင်၊ သထုံဘက်တွင် မြို့ကြီးများမှအပ ကေအင်ဒီအို၊ ဧရာဝတီမြစ်ရိုးတစ်လျှောက် ကွန်မြူနစ်၊ ပြည်သူ့ရဲဘော်နှင့် တောခိုတပ်များ သိမ်းပိုက်စိုးမိုးထားသည်။


တပ်မတော်သည်လည်း ဟိုမှာတစ်စု၊ သည်မှာတစ်ဖွဲ့ ပြည်ထောင်စုအလံတော်ကို လဲကျမသွားစေရန် လှည့်လည် ကာကွယ်ထားနေရသည်။ ထိုအချိန်က တပ်မတော်အင်အားသည် လွန်စွာနည်းပါးလွန်း လှသော်လည်း နိုင်ငံတော်ကို ချစ်စိတ်က မိုးထက်မက ပြည့်လျှံလျက်ရှိသည်။ ထိုမျှများပြားသော ရောင်စုံသောင်းကျန်းသူ တို့ကို တပ်မတော်က တိုက်ထုတ်နိုင်ခဲ့သည်။ ယနေ့အချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဟူသော အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် ရပ်တည်နေနိုင်ခြင်းမှာ တပ်မတော်၏ သက်စွန့်ဆံဖျားကာကွယ်မှုကြောင့်သာ ဖြစ်ကြောင်း သမိုင်းဖြစ်ရပ်မှန်ကို ရေးသားလိုက်ရပေသည်။     ။

Post a Comment

0 Comments