မလေးရှားနိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများအား တပ်မတော်မှ စစ်ရေယာဉ် များဖြင့် မြန်မာနိုင်ငံသို့ အောင်မြင်စွာ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့




နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၇


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က COVID-19 ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း နိုင်ငံရပ်ခြားတွင် ကာလရှည်ကြာ စွာ ပိတ်မိဒုက္ခခံနေရသည့် မြန်မာနိုင်ငံသားများ အနေဖြင့် မိမိတို့မြန်မာနိုင်ငံသို့ ပြန်လာသင့်ကြောင်း အဆိုပါ ပြည်ပရောက် မြန်မာနိုင်ငံသားများအား အမြန်ဆုံးပြန်လည် ခေါ်ဆောင်နိုင်ရေး စီမံဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂ ရက်တွင် နိုင်ငံတော်သမ္မတ အိမ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ လမ်းညွှန်မှာကြားခဲ့သဖြင့် မလေးရှားနိုင်ငံတွင် ရောက်ရှိနေပြီး ယခင်ကာလကတည်းက အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ပြန်လာ ရန် အခက်အခဲများ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ခေါ်ဆောင်ရန် တပ်မတော်မှ စစ်ရေယာဉ်(မုတ္တမ)၊ ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)နှင့် စစ်ရေယာဉ် (ဆင်ဖြူရှင်)တို့ သည် ဖေဖော်ဝါရီလ ၁၅ ရက်တွင် ရန်ကုန်မြို့မှ မလေးရှားနိုင်ငံ လူမွတ် (Lumut) ရေတပ်ဆိပ်ကမ်းသို့ စတင်ထွက်ခွာခဲ့သည်။




မြန်မာ့တပ်မတော်မှ စစ်ရေယာဉ် ၃ စီးသည် မလေးရှားနိုင်ငံ လူမွတ် (Lumut) ရေတပ်ဆိပ်ကမ်းသို့ ဖေဖော်ဝါရီလ ၂၁ ရက် နံနက်ပိုင်းတွင် ရောက်ရှိခဲ့ပြီး ဖေဖော်ဝါရီ ၂၃ ရက်တွင် မြန်မာနိုင်ငံသား ၁၀၈၆ ဦးအား မလေးရှားနိုင်ငံ တာဝန်ရှိသူများထံမှ စနစ်တကျ လွှဲပြောင်းလက်ခံရယူပြီး လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ အဝတ်အစား အသုံးအဆောင်များ ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့ကာ လမ်းခရီးစဉ် တစ်လျှောက်တွင်လည်း လုံခြုံရေး၊ စားသောက်နေထိုင် ရေးနှင့် လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။




အဆိုပါ မလေးရှားနိုင်ငံတွင်ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ ပြန်လာရန် အခက်အခဲ ဖြစ်ပေါ်နေသူများအား ယခင်အစိုးရလက်ထက်တွင် ခေါ်ယူရန်တင်ပြခဲ့သော်လည်း ခွင့်ပြုချက် မရရှိခဲ့သည့်အတွက် ခေါ်ယူမှု မအောင်မြင်ခဲ့ဘဲ ယခုမှသာ အောင်မြင်စွာ ခေါ်ယူနိုင်ခဲ့ခြင်း ဖြစ်ပြီး ထိုသို့ခေါ်ယူရာတွင်လည်း ခေါ်ယူမှု မအောင်မြင်စေရန် မလိုလား၊ မနှစ်သက်သူများက အကြောင်းအမျိုးမျိုး ဟန့်တား နှောင့်ယှက်ခဲ့သော်လည်း မြန်မာနိုင်ငံသားတိုင်းရင်းသားများအတွက် တပ်မတော်၏ မဆုတ်မနစ် ဇွဲလုံးလဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းကြောင့် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ အမှတ်(၃) ရေတပ် ဆိပ်ကမ်းသို့ အောင်မြင်စွာ ပြန်လည် ရောက်ရှိခဲ့သည်။

အောင်မြင်စွာ ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသား တိုင်းရင်းသားများကို ရန်ကုန်တိုင်းစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ အလယ်ပိုင်းရေ တပ်ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ထိန်ဝင်းနှင့် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် နေရပ်ပြန် မြန်မာနိုင်ငံသားများ၏ မိသားစုဝင်များက အတီးအမှုတ် အကအခုန်များဖြင့် နွေးထွေးလှိုက်လှဲစွာ လာရောက်ကြိုဆိုကြသည်။ ထိုသို့ မြန်မာနိုင်ငံသားများ ဝမ်းပန်း တသာပြန်လည် ရောက်ရှိမှုများကို ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ် သတင်းစာများ၊ ဂျာနယ်များ၊ ပြည်တွင်းရုပ်မြင်သံကြား သတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်း ဌာနများမှ သတင်းထောက်များ လာရောက် သတင်းရယူကြသည်။






ပြန်လည် ခေါ်ဆောင်လာသည့် မြန်မာနိုင်ငံသားများအား တပ်မတော်မှဖွင့်လှစ် ထားရှိသော Quarantine Center များတွင် Covid-19 စည်းကမ်းများနှင့်အညီ စနစ်တကျ စောင့်ကြည့် ထားရှိပြီးနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေး သွားမည်ဖြစ်ပြီး နေရပ်ပြန်နိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များနှင့် ဆက်သွယ် ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်းနှင့် အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးကိုလည်း သက်ဆိုင်ရာ များနှင့် ညှိနှိုင်းဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။


Post a Comment

0 Comments