ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း၊ ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်



နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၇

 

ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင်သီလရှင်ကျောင်းများနှင့် ဘာသာရေး ကျောင်းများတွင် ဆွမ်းအဆင်ပြေ စေရေးအတွက် တပ်မတော်(ကြည်း၊ရေ၊လေ)အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ် များအလိုက် မြို့နယ်အသီးသီး၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်းနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ချင်းပြည်နယ်၊ ဟားခါးမြို့နှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တို့ရှိ ဘုန်းတော်ကြီး ကျောင်းများ၊ စာသင်တိုက်များနှင့် ဘာသာရေးကျောင်း စုစုပေါင်း ၅ ကျောင်းသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄) မျိုး၊ COVID-19 ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများ ကိုလည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ချင်းပြည်နယ်၊ ဟားခါးမြို့၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေ သာစံမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ အမရပူရမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တို့ရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်စာသင်တိုက် စုစုပေါင်း ၁၉ ကျောင်းရှိ သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအား နေ့ဆွမ်းများကို လည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်၍ ဆက်ကပ်လှူဒါန်းကြသည်။

 

ထို့အပြင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြစေတီကျောင်းတိုက်ရှိ သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအား အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေး အဖွဲ့များက ဆရာတော် သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူ များအားလိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုမောင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

၎င်းအပြင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် အဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် ဘိုးဘွားရိပ်သာသို့ သွားရောက်၍ ဘိုးဘွားရိပ်သာအတွက် ငွေပဒေသာပင်အလှူငွေ ၆ သိန်းကျပ်ကို ဘိုးဘွားရိပ်သာကော်မတီဥက္ကဋ္ဌ ဦးရွှေထွန်းအောင်ထံ ပေးအပ်လှူဒါန်းပြီး ဘိုးဘွားများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Post a Comment

0 Comments