ဆေးကုသရန်အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် ပြည်သူဆေးရုံနှင့် တိုက်နယ်ဆေးရုံများသို့ တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများက သွားရောက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်
နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ် ဆေးရုံ၊ ယင်းမာပင်တိုက်နယ်ဆေးရုံနှင့် သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်ဆေးရုံ၊ ပဲခူးတိုင်း ဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ပြည်သူ့ဆေးရုံနှင့် ရွှေကျင်မြို့နယ်၊ ဒုံဇရစ်ကျေးရွာ တိုက်နယ် ဆေးရုံတို့ရှိ ဝန်ထမ်းများနှင့်လူနာရှင်များက နယ်မြေခံတပ်ရှိ တပ်မတော်ဆေးရုံမှ ဆရာဝန် များနှင့် သူနာပြုများ လာရောက်ကုသပေးနိုင်ပါရန် အကူအညီ တောင်းခံမှုကြောင့် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တပ်နယ်များအလိုက် တပ်မတော်ဆေးရုံမှ၊ တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့်သူနာပြုများပါဝင်သော ဆေးကုသရေးအဖွဲ့အား စေလွှတ်၍ ရောဂါဝေဒနာ ခံစားနေရသည့်ဒေသခံပြည်သူများကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါဆေးရုံများ၌ တပ်မတော်ဆေးကုသရေးအဖွဲ့များက ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ယနေ့တွင် ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုးအကြောရောဂါ၊ အစာအိမ်ရောဂါ၊ မျက်စိရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆက်လက် ဆောင်ရွက်ပေးပြီး ခွဲစိတ်ကုသရန်လိုအပ်သော လူနာများအား ခွဲစိတ်ကုသပေခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ဒေသခံပြည်သူများအနေဖြင့်လည်း အထူးပင်ကျေးဇူးတင် ဝမ်းမြောက်လျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းစစ်ဌာနချုပ်အသီးသီးရှိ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ ဒေသခံပြည်သူများအား ဆေးကုသပေးထားမှုအခြေအနေများ၊ ကျန်းမာရေးတိုးတက်ကောင်းမွန်မှုအခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်းအားပေး စကား ပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ကာ ဒေသခံပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ပြင်ဆင်ထားရှိမှု အခြေအနေများကို လိုက်လံ ကြည့်ရှုပြီး လိုအပ်သည်များညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
0 Comments