" ရိုးသားဖြောင့်မတ်ခြင်း၏ဂုဏ်ဒြပ်"

 

" ရိုးသားဖြောင့်မတ်ခြင်း၏ဂုဏ်ဒြပ်"



ရိုးသားဖြောင့်မတ်ခြင်းသည် လူသားတစ်ဦးအတွက် စံထားလောက်သော ကောင်းမြတ်သည့် ဂုဏ်ရည်တစ်ရပ်ဖြစ်သည်။ မြန်မာမှုတွင် ရိုးသား ခြင်းနှင့်ဖြောင့်မတ်ခြင်းကို ပေါင်းစပ်လျက် ယှဉ်တွဲ သုံးနှုန်းလေ့ရှိသည်။ မြန်မာအဘိဓာန်တွင် ရိုးသားမှုကို "ရိုးဖြောင့်မှန်ကန်သော"ဟုလည်းကောင်း၊ ဖြောင့်မတ်ခြင်းကို "ဖြောင့်မှန်သော၊ တည့်မတ်သော၊ ရိုးသားသော"ဟုလည်းကောင်း အဓိပ္ပာယ်ဖွင့်ဆိုသည်။

ရိုးသားဖြောင့်မတ်ခြင်း၏ တရားကိုယ်သဘောမှာကောက်ကျစ်စဉ်းလဲမှုကင်းပြီး တည်ကြည်သော သဘောကိုဆောင် ကြောင်း တွေ့ရသည်။ ရိုးသားဖြောင့်မတ်ခြင်းသည် အခြင်း၊ နခြင်း၊ ထုံခြင်းစသည့်အသိဉာဏ်ကင်းမဲ့သော အခြင်းအရာ မဟုတ်ပေ။ အသိဉာဏ်ပြည့်ဝသော လူတစ်ဦး၌ ရှိသင့်သည့် ထိန်းသိမ်းစောင့်ရှောက်တတ်ခြင်း၊ မတရားမှု မပြုခြင်း၊ မှန်သောစကားဆိုခြင်း၊ ကိုယ်ကျင့်တရားကောင်းခြင်း၊ ရိုင်းပင်းကူညီလိုစိတ်ရှိခြင်း၊ လောဘဒေါသ မောဟနည်းခြင်း စသည်တို့နှင့်ဆက်စပ်ပတ်သက်လျက်ရှိသည်။ ရိုးသားဖြောင့်မတ်မှုကိုတလွဲမြင်ပြီး အနိုင်အထက်ပြုသူများ ရှိလာတတ် သလိုရိုးသားဖြောင့်မတ်ခြင်းကို မယုံကြည်သဖြင့် အန္တရာယ်ပြုလာနိုင်သောအခြေအနေများလည်းရှိတတ်သည်။

သို့ရာတွင် ရိုးသားဖြောင့်မတ်သူအဖို့ ထိုအရာများကိုအောင်မြင်စွာကျော်လွှားနိုင်လေ့ရှိကြောင်း တွေ့ရသည်။ တစ်ချိန် တွင် အဖြစ်မှန်ပေါ်ပေါက်လာစမြဲဖြစ်သည့်အတွက် ရိုးသားဖြောင့်မတ်သူသာအောင်ကြောင်းဖြာတတ်သည်။

“ရိုးသားဖြောင့်မတ်ခြင်းဆိုသည်မှာနုံခြင်း၊ အခြင်းမဟုတ်ချေ။ ပညာမဲ့ခြင်းမဟုတ်ချေ။ ရိုးသားခြင်းဆိုသည်မှာ မိမိမရ ထိုက်သောပစ္စည်း၊ မိမိမရထိုက်သောအခွင့်အရေးကို မမက်မောခြင်းပင်ဖြစ်သည်။ ရိုးသားဖြောင့်မတ်ခြင်း ဂုဏ်ကိုရ ယူနိုင်ရန် လွယ်ကူလှသည်မဟုတ်ချေ။ ရိုးသားဖြောင့်မတ်ခြင်းကြောင့် မိမိဒုက္ခမရောက်ရအောင် ရှောင်တိမ်း ကာကွယ် တတ်သောပါးနပ်မှုရှိရန် လိုအပ်သည်။ ထို့အတူ ရိုးသားမှုကြောင့် ဆိုက်ရောက်လာတတ်သည့်အန္တရာယ်များကို ရင်ဆိုင်နိုင်သောသတ္တိလည်းရှိရန် လိုအပ်သည်။

ထို့ကြောင့် “သတ္တိမရှိဘဲရိုးသား၍မရနိုင်ချေ”ဟုနိုင်ငံကျော်စာရေးဆရာကြီး ဦးအောင်သင်း၏အဆို အမိန့်ကို ဖတ်မှတ် လေ့လာခွင့်ရရှိဖူးခဲ့သည်။ ရိုးသားဖြောင့်မတ်မှုသည် လူတို့၏ပင်ကိုစရိုက်ဗီဇလက္ခဏာအရသော်လည်းကောင်း၊ ပတ်ဝန်း ကျင် ၏စေ့ဆော်မှုအရသော်လည်းကောင်း ကွဲပြားခြားနားသွားတတ်သည်။ များသောအားဖြင့် ပင်ကိုဗီဇကောင်းသူများ၊ ပတ်ဝန်းကျင်ကောင်း၌ နေထိုင်ရသူများ၊ ဆုံးမနာယူလွယ်တတ်သူများသည် ရိုးသားဖြောင့်မတ်မှုရှိတတ်ကြသည်။ မုဆိုး နားနီးမုဆိုး၊ တံငါနားနီးတံငါဆိုသလို ပတ်ဝန်းကျင်ကိုလိုက်၍ လူတို့၏ အကျင့်စရိုက်များမှာ ပြောင်းလဲသွားတတ်သဖြင့် ပတ်ဝန်းကျင်သည်လူတို့အတွက် အလွန်အရေးကြီးသည်။ ပတ်ဝန်းကျင်ကောင်းကို ရှာဖွေတတ်ရန်လိုအပ်သလို မိတ်ဆွေ ကောင်းကိုလည်း ရှာဖွေပေါင်းသင်းတတ်မှ ရိုးသားဖြောင့် မတ်ခြင်းအရည်အသွေး ပေါ်ထွက်လာနိုင်သည်။

အလားတူစွာ ပင်ကိုဗီဇမကောင်းသော်လည်း လေ့လာမှတ်သားမှု အထုံပါပြီး ပြောဆိုဆုံးမသွန်သင် မှုကိုလက်ခံကျင့် ကြံတတ်သူများလည်း ရိုးသားဖြောင့်မတ်လာတတ်ကြသည်။ လူ့ဘောင်လောကတွင် လူမှုဆက်ဆံရေးနယ်ပယ်၌ ကျင်လည်ကြရာတွင် ရိုးသားဖြောင့်မတ်သူများနှင့်တွေ့ရသလို ကောက်ကျစ်စဉ်းလဲသူများနှင့်လည်း တွေ့ရတတ်သည်။ မရိုးဖြောင့်သူ မှန်သမျှသည် မိမိအတွက်ရော ပတ်ဝန်းကျင်အတွက်ပါ ဆိုးကျိုးပြုတတ်သဖြင့် မိမိတို့ကိုယ်တိုင်က ရိုးသား ဖြောင့်မတ်သူဖြစ်အောင် ကြိုးစားကျင့်ကြံအပ်သည်။

မရိုးသားမဖြောင့်မတ်သူသည် ကိုယ်ကျိုးအတ္တကြီးသူ၊ ပရနှင့်အတ္တမမျှသူ၊ အများအကျိုးကိုလျစ်လျူရှုသူဖြစ်သည်။ လောဘကြီးပြီး မေတ္တာတရားခေါင်းပါးတတ်ကြသည်။ မရိုးသားမှုသည် ထိုမျှဖြင့်ရပ်မသွားဘဲမရိုးသားမှုမှတစ်ဆင့် လိမ်ညာမှု၊ ကောက်ကျစ်မှု၊ယုတ်မာမှုအဆင့်အထိ ဖြစ်သွားတတ်သည်။ ပင်ကိုစိတ်ဓာတ်က မရိုးမသားဖြစ်နေသမျှ မည်သည့်အခါတွင်မဆို ဖောက်ပြန်သောအတွေး၊ အပြော၊ အလုပ်တို့ကိုကျူးလွန်ရန်ဝန်မလေးတော့ပေ။ ထို့ကြောင့် မရိုးသားမှုမှန်သမျှသည် လူ့ဘောင်လောကအတွက် အလွန်အန္တရာယ်ကြီးလှသည်။

ရှေးမြန်မာတို့သည် အလွန်ရိုးသားဖြောင့်မတ်သူများဖြစ်ကြသည်။ ပင်ကိုသဘာဝဗီဇအရ ငြိမ်းချမ်းစွာနေထိုင်လိုကြသည်။ အများအကျိုးသယ်ပိုးလိုကြသည်။ စာပေပညာသင်ကြားရာတွင် ဘုန်းတော်ကြီးသင်ပညာရေးကိုသာ မဏ္ဍိုင်ပြုရသဖြင့် စာပေအရာသာမကလူမှုဆက်ဆံရေးနယ်ပယ်၌ ကျင့်ကြံအပ်သောကောင်းမွန်သည့်ကျင့်ဝတ်များကိုပါ ကျေညက်သဘော ပေါက်ကာ ထိုအတိုင်းဆက်ဆံမှုပြုကြသည်။ မြတ်ဗုဒ္ဓ၏တရားတော်အဆုံးအမများနှင့်အညီ မေတ္တာတရားရှေ့ထား၍ ပေါင်းသင်းဆက်ဆံကြသည်။ တစ်ဦးနှင့်တစ်ဦးအမှားတွေ့ကပြုပြင်ပေးသည်။ ဆုံးမပေးသည်။လိုအပ်ချက်ရှိက ဝိုင်းဝန်း ကူညီပေးသည်။ ကိုယ်နှင့်မသက်ဆိုင်လျှင် အပ်တိုတစ်ချောင်းပင်အလွယ်တကူမယူကြချေ။ ကောက်တွေ့ပစ္စည်းရလျှင် ပိုင်ရှင်ကိုရှာဖွေပေးအပ်တတ်သည်။ ထို့ကြောင့် အလွန်ငြိမ်းချမ်းသာယာသောမြန်မာ့လူ့ဘောင်အဖွဲ့အစည်းတစ်ခုဟု ယူဆ၍ရသည်။ ရိုးသားဖြောင့်မတ်ခြင်း၏အကျိုး ကျေးဇူးကြောင့်ပင်ဖြစ်သည်။

ခေတ်တစ်ခေတ်ပြီးတစ်ခေတ်ပြောင်းလဲလာရာ၌ခေတ်မီတိုးတက်လာသော ရုပ်ဝတ္ထုပစ္စည်းများပေါများ လာသော်လည်း လူမှုဘဝအတွက် လိုအပ်ချက်ပို၍ များလာသည်။ ထိုအခါ လိုအပ်ချက်များကို ဖြည့်ဆည်းရင်း ရိုးသားဖြောင့်မတ်မှု နည်းပါးလာရသည်။ ခေတ်မီနည်းပညာများတိုးတက်လာမှုသည် ကောင်းသည့် ဘက်မှအသုံးချလျှင် ကောင်းမွန်သော် လည်း အဆိုးရွားဆုံးအဖြစ် အွန်လိုင်းလိမ်ညာမှုပေါင်းစုံပေါ်ပေါက်လာသည်။ စီးပွားရေးလောကတွင်လည်း လေဖြင့် သာရောင်းဝယ်မှုကြောင့် ငွေကျပ်သန်းပေါင်းများစွာအလိမ်ခံရသဖြင့် သက်ဆိုင်ရာက တင်းကျပ်စွာပိတ်ပင် တားဆီး ရသည်အထိဖြစ်လာရသည်။

ထိုထက်ပိုမို၍ မူးယစ်ဆေးဝါးတရားမဝင်ရောင်းဝယ်ဖောက်ကားခြင်း၊ သစ်ခိုးထုတ်ခြင်း၊ တရားမဝင်လောင်းကစား မှုပြုခြင်း၊ အခွန်ရှောင်ခြင်း၊ လူကုန်ကူးခြင်း၊ ပြည့်တန်ဆာပြုခြင်းတို့မှအစ သက်ငယ်မုဒိမ်းမှုအဆင့်အထိ ဖြစ်ပွားလာကာ ရိုးသားဖြောင့်မတ်ခြင်းကင်းသောအမူအကျင့်များလျော့နည်းလာသည်။ အလုပ် အကိုင်နှင့်ပတ်သက်၍ လုပ်ငန်းဌာနများ ၌လည်းထိုသို့သော ရိုးသားဖြောင့်မတ်စွာမပြုသည့် နေရာဌာနများရှိသည်။ အလုပ်တစ်ခုကို မလိုအပ်ဘဲ ကြန့်ကြာ အောင်ကြိုးနီစနစ်ကျင့်သုံးခြင်း၊ လာဘ်ပေးလာဘ်ယူပြုခြင်း၊အဂတိလိုက်စားခြင်း၊ အလုပ်အကိုင်ရမည်ဟု ယုံကြည် အောင်ပြုပြီး ငွေလိမ်ယူခြင်း၊ လုပ်ပိုင်ခွင့်ကိုအသုံးချ၍ကိုယ်ကျိုးရှာခြင်းစသည့်မရိုးဖြောင့်မှုများစွာတို့ကြောင့် နစ်နာရသူ တို့များစွာပေါ်ပေါက်လာသည်။

မရိုးသားမဖြောင့်မတ်မှုသည် နေရာဌာနကဏ္ဍအသီးသီးတို့၌ ပုံသဏ္ဌာန်အမျိုးမျိုးဖြင့်တွေ့ရှိနိုင်သည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အလုပ်အကိုင်အခွင့်အလမ်း၊ ရာထူးတိုးမြှင့်ခန့်ထားခြင်း၊ ရာထူးနေရာပြောင်း ရွှေ့ခန့်ထားခြင်း စသည်တို့၌ ရိုးသားမှုများရှိသလိုမရိုးသားမှုများလည်းရှိသည်။ သို့ရာတွင် ရိုးသားဖြောင့်မတ်မှုများလည်း အမြောက် အမြားရှိကြောင်းတွေ့မြင်ရသည်။ ပိုင်ရှင်မဲ့ငွေ၊ ပစ္စည်းကောက်ရသူများပိုင်ရှင်သို့ပြန်လည်ပေးအပ်ခြင်း၊ မေ့ကျန် ပစ္စည်း များကိုမယူဘဲ ပိုင်ရှင်ထံ လက်ဝယ်ပြန်ပေးခြင်း၊ ကတိကိုထိန်း၍ ကတိအတိုင်းတိတိကျကျဆောင်ရွက်ခြင်း၊ ကူညီကယ် ဆယ်ရေးပရဟိတလူမှုရေးအသင်းအဖွဲ့များပေါ်ပေါက်လာခြင်းတို့သည် ကောင်းမြတ်သောအစဉ်အလာများ ပင်ဖြစ် သည်။

ကမ္ဘာအရပ်ရပ်တွင် စစ်ပွဲများဖြစ်နေသလို ကျွနု်ပ်တို့မြန်မာနိုင်ငံတွင်လည်း တိုက်ပွဲများရှိနေဆဲပင်ဖြစ်သည်။ စစ်ဆင် သည်ဟုဆိုရာ၌ ရိုးသားဖြောင့်မတ်မှုကင်းသည်ဟုမယူဆသင့်ပေ။ မြန်မာ့သမိုင်းတွင်ရိုးသားဖြောင့်မတ်စွာတိုက်ပွဲဝင် သည့်သာဓကများစွာရှိသည်။ အေဒီ ၁၄၄၈ ခုနှစ်တွင် အင်းဝ၊ ဟံသာဝတီ စစ်ပွဲအတွင်း ဟံသာဝတီဘုရင်ရာဇာဓိရာဇ်က နှစ်ဖက်စစ်ပြေငြိမ်းရေးအချိန်းအချက်နေရာတွင် တပ်ဖျောက်ကာအင်းဝစစ်သည်များလာစဉ် အလစ်အငိုက်တိုက်ရန် စီစဉ်သည်။ ထိုအရေးကို ဟံသာဝတီသူရဲကောင်း လဂွန်းအိမ်သိ၍ အင်းဝသားတို့ကို ဥပါယ်ဖြင့် အသိပေးသည်။ ရာဇာဓိရာဇ်ကြားသိသော် လဂွန်းအိမ်အား သတ်ရန်ပြုသည်။ အမတ်ဒိန်ကြားဝင်လျှောက်မှ လဂွန်းအိမ်ကို ရာဇာဓိရာဇ် က ရှေ့တော်သွင်းမေးမြန်းရာ “အင်းဝသားတို့ရိက္ခာပြတ်ပြန်ဆုတ်ခွာမည်ကိုသိလျက် နှင့်ဥပါယ်ခိုး၍ လုပ်ကြံလျှင် ဟံသာဝတီပျောက်၍ ဥပါယ်ခိုးဟုတွင်သော် ထိုဥပါယ်ခိုး(ပဲခူး)ကို နောင်မည် သို့တုံ့ပြန်အံ့သည်မရှိဖြစ်၍ သစ္စာပြုရိုးသား ဖြောင့်မတ် စွာပြုသည်” ဟု လျှောက်တင်ရာ အသက်ချမ်းသာရာရသည်။ သူရဲကောင်းလဂွန်းအိမ်၏ ရိုးသားဖြောင့်မတ် မှုသည် အလွန်အန္တရာယ်များ၍ အသက်ဘေးကျရောက် နိုင်ခြေရှိသော်လည်း ပါးနပ်မှုနှင့်သတ္တိရှိသဖြင့် အသက် ဘေးလွတ်ရခြင်းဖြစ်သည်။

ကုန်းဘောင်ခေတ် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏စစ်ထွက်သစ္စာမှာ “အမျိုးဘာသာ၊ သာသနာကိုပို၍ စောင့်ရှောက်နိုင်သောသူသည်စစ်နိုင်ပါစေသား” ဟူ၍ လေ့လာဖူးသည်။ ထိုသစ္စာသည် တိုင်းပြည်အုပ်ချုပ်သော မင်း တစ်ပါးက မိမိနိုင်ငံအတွက် ရိုးသားဖြောင့်မတ်သောစိတ်ဓာတ်ကို ညွှန်းဆိုပြခြင်း ပင်ဖြစ်သည်။ ရိုးသားဖြောင့်မတ်မှုကို ကမ္ဘာအရပ်ရပ်ရှိ ထင်ရှားကျော်ကြားသော နိုင်ငံရေးခေါင်းဆောင်များ၊စစ်ခေါင်းဆောင်များ၏ အတ္ထုပ္ပတ္တိများအား လေ့လာ ပါက ထင်ထင်ရှားရှားတွေ့မြင်ရမည်ဖြစ်သည်။

ယနေ့မြန်မာ့တပ်မတော်၏ ဒို့တာဝန်အရေးသုံးပါး ကို ဦးထိပ်ထားလျက် နိုင်ငံ့တာဝန်များကို ထမ်းဆောင် ခြင်းသည် လည်းကောင်း၊ ပြည်တွင်းလက်နက်ကိုင် အဖွဲ့များနှင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲခြင်းကို တစ်ဆင့်ပြီး တစ်ဆင့် ခွင့်ပြုပေး နေခြင်းသည်လည်းကောင်း နိုင်ငံနှင့်လူမျိုးအပေါ် လုံးဝရိုးသားဖြောင့်မတ်မှုရှိရှိ ကျင့်ကြံ သောအမျိုးသားနိုင်ငံရေး ဖြစ်ကြောင်း သတိချပ်သင့်လှသည်။

အချုပ်အားဖြင့်ဆိုရသော် ရိုးသားဖြောင့်မတ်မှုသည်လူသားတစ်ဦးအတွက် အလွန်ကြီးမြတ်သော ဂုဏ်ဒြပ်ဖြစ်သည် နှင့်အညီ မိမိအကျိုး၊ မိသားစုအကျိုး၊ ပတ်ဝန်းကျင်အကျိုးနှင့်နိုင်ငံတော်၏အကျိုးအတွက် နိုင်ငံသား တို့အနေဖြင့် ရိုးသားဖြောင့်မတ်အောင် ကျင့်ကြံအား ထုတ်သင့်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။


                                                                                                                           လင်းအရုဏ်ဦး(ပဲခူး)


Post a Comment

0 Comments