နေပြည်တော် ဖေဖော်ဝါရီ ၂၃
COVID-19 ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း နိုင်ငံရပ်ခြားတွင် ကာလရှည်ကြာစွာ ပိတ်မိဒုက္ခခံနေရသည့် မြန်မာနိုင်ငံသားများ အနေဖြင့် မိမိတို့မြန်မာနိုင်ငံသို့ ပြန်လာသင့်ကြောင်း အဆိုပါပြည်ပရောက် မြန်မာနိုင်ငံသားများအား အမြန်ဆုံး ပြန်လည်ခေါ်ဆောင်နိုင်ရေး စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂ ရက်တွင် နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေး၌ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လမ်းညွှန်မှာကြားခဲ့သဖြင့် မလေးရှားနိုင်ငံတွင် ရောက်ရှိနေပြီး ယခင်ကာလများ ကတည်းက အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိရန် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည့် မြန်မာနိုင်ငံသားများအား ခေါ်ဆောင်ရန် တပ်မတော်(ရေ)မှ ဗိုလ်မှူးချုပ်နိုင်မင်းကျော် ဦးဆောင်သည့်စစ်ရေယာဉ်(မုတ္တမ)၊ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)နှင့် စစ်ရေယာဉ်(ဆင်ဖြူရှင်)တို့သည် ရန်ကုန်မြို့မှ မလေးရှားနိုင်ငံ၊ လူမွတ်(Lumut)ရေတပ်ဆိပ်ကမ်းသို့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် စတင်ထွက်ခွာခဲ့သည်။
မြန်မာ့တပ်မတော်မှ စစ်ရေယာဉ်သုံးစင်းသည် မလေးရှားနိုင်ငံ လူမွတ် (Lumut) ရေတပ်ဆိပ်ကမ်းသို့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင်ရောက်ရှိခဲ့ပြီး ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံသား ၁ဝ၈၆ ဦးအား မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် မလေးရှားနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများထံမှ စနစ်တကျ လွှဲပြောင်း လက်ခံခဲ့ပြီး ယင်းနေ့ညနေပိုင်းတွင် မလေးရှားနိုင်ငံ၊ လူမွတ်(Lumut )ရေတပ်ဆိပ်ကမ်းမှ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာခဲ့သည်။
အဆိုပါ မြန်မာနိုင်ငံသားများသည် နေရပ်ပြန်ရန်အတွက် မည်သူဖြစ်ကြောင်း သက်သေခံလက်မှတ်(C of I) ထုတ်ယူထားရှိပြီးသူများ ဖြစ်ကာ COVID-19 ရောဂါပိုးရှိ/မရှိ ဆေးစစ်အောင်မြင်ပြီးသူများ ဖြစ်ကြောင်း သိရှိရသည်။ စစ်ရေယာဉ်များသို့ ရောက်ရှိလာသော နေရပ်ပြန်မည့်သူများအား ကျန်းမာရေး စစ်ဆေးပေးခြင်း၊ အဝတ်အစားအသုံးအဆောင်များ ထောက်ပံ့ပေးခြင်းနှင့် စနစ်တကျကြိုဆို နေရာချထားပေးခြင်းများဆောင်ရွက်ပေးခဲ့သည်။
မြန်မာ့တပ်မတော်မှ စစ်ရေယာဉ်များနှင့်အတူ လိုက်ပါလာသော မြန်မာနိုင်ငံသားများအား ၎င်းတို့၏ မိသားစုများနှင့် အမြန်ပြန်လည်တွေ့ဆုံနိုင်ရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး လမ်းခရီးတစ်လျှောက် လုံခြုံရေး၊ စားသောက်နေထိုင်ရေးနှင့် လိုအပ်သော ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုပေးခြင်းတို့ကို ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)အပါအဝင် စစ်ရေယာဉ်များ၌ တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများက ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်းနှင့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါမလေးရှားနိုင်ငံတွင်
ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ ပြန်လာရန်အခက်အခဲ ဖြစ်ပေါ်နေသူများအား ယခင်အစိုးရ လက်ထက်တွင် ခေါ်ယူရန် တင်ပြခဲ့သော်လည်း
ခွင့်ပြုချက် မရရှိခဲ့သည့်အတွက် ခေါ်ယူမှုမအောင်မြင်ခဲ့ကြောင်း၊
ယခုမှသာ ခေါ်ယူမှုအောင်မြင်ခဲ့ကြောင်း သတင်းရရှိသည်။
''ကျွန်တော်ကတော့ ဒီခရီးစဉ်မှာ အဖွဲ့ခေါင်းဆောင်အဖြစ်နဲ့ လိုက်ပါဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာဆိုရင် မလေးရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ နေရပ်ပြန်ဖို့ ဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသား အလုပ်သမားများကို သွားရောက် ခေါ်ဆောင်မှာပဲဖြစ်ပါတယ်။ ဒီအလုပ်သမားများဟာ ဆိုရင် မြန်မာနိုင်ငံကို ပြန်လာဖို့အတွက် အချိန်ကာလ ကြာမြင့်စွာ စောင့်ဆိုင်းနေတဲ့အချိန်မှာ ကိုဗစ်-၁၉ ဖြစ်ပွားနေတာကြောင့် လေကြောင်းလိုင်းများ တွေမှာလည်း ကန့်သတ်ချက် ရှိလာတဲ့အတွက် မြန်မာနိုင်ငံကို ပြန်လာဖို့ အခက်အခဲများစွာနဲ့ စောင့်ဆိုင်းနေတဲ့ သူတွေဖြစ်ပါတယ်။ ဒီအလုပ်သမားတွေကို ပြန်လည်ခေါ်ဆောင်ဖို့အတွက် တပ်မတော်အနေနဲ့ ၂ဝ၂ဝ ပြည့်နှစ်တုန်းက ကျွန်တော်တို့ စီစဉ်ခဲ့ပါတယ်။ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အရင်အစိုးရ လက်ထက်မှာ ပြန်လည်ခေါ်ဆောင်ဖို့ခွင့်ပြုမိန့် မရရှိခဲ့ပါဘူး။ ယခုနိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းတစ်ပါးကို ရောက်ရှိနေပြီးတော့ ဒုက္ခအခက်အခဲတွေ လပေါင်းများစွာ ခံစားနေရတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လည်ခေါ်ဆောင်ဖို့အတွက်လမ်းညွှန်မှုပေးခဲ့ပါတယ်။ဒီလမ်းညွှန်မှုအရကျွန်တော်တို့တပ်မတော်(ရေ)အနေနဲ့ စစ်ရေယာဉ် သုံးစင်းနဲ့ စုဖွဲ့ပြီးတော့ ကျွန်တော် အဖွဲ့ခေါင်းဆောင်အနေနဲ့ သွားရောက်ခေါ်ဆောင်မှာပဲ ဖြစ်ပါတယ်။ စစ်ရေယာဉ် သုံးစင်းကတော့စစ်ရေယာဉ်(မုတ္တမ)၊ ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)နဲ့ ဖရီးဂိတ်စစ်ရေယာဉ်(ဆင်ဖြူရှင်)တို့ဖြစ်ပါတယ်။ အဓိက တင်ဆောင်မှာကတော့ စစ်ရေယာဉ်(မုတ္တမ)နှင့်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)တို့နဲ့ အဓိက တင်ဆောင်မှာဖြစ်ပြီး ဖရီးဂိတ်စစ်ရေယာဉ်(ဆင်ဖြူရှင်)ကတော့ အစောင့်လိုက်တာဝန်ကို ထမ်းဆောင်ပြီးတော့ ခေါ်ဆောင်လာမှာဖြစ်ပါတယ်။ ဒီခရီးစဉ်မှာ တပ်ဖွဲ့ဝင် အင်အားအနေနဲ့ တပ်မတော်(ရေ) အပါအဝင် လက်ရုံးတပ်ဖွဲ့အင်အား စုစုပေါင်း အရာရှိ ၇၈ ဦး၊ စစ်သည် ၃၁၁ ဦး ပါဝင်မှာဖြစ်ပါတယ်။ ဒီထဲမှာပဲ ဆေးကုသမှု ပါရဂူနှင့် ဆေးဘက်ဆိုင်ရာအရာရှိ၊ စစ်သည်စုစုပေါင်း ၄၆ ဦး ပါဝင်မှာဖြစ်ပါတယ်။
ဒါ့အပြင် ဝန်ကြီးဌာန နှစ်ခုဖြစ်တဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ ဦးစီးအရာရှိ ခြောက်ဦးတို့ကလည်း ကျွန်တော်တို့နဲ့အတူ လိုက်ပါခေါ်ဆောင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ တပ်မတော်(ရေ)မှာ အဓိကလုပ်ငန်းတာဝန်ကဏ္ဍကြီး (၄)ရပ်ရှိပါတယ်။ အဲဒါတွေကတော့ စစ်ရေးကဏ္ဍ၊ တရားဥပဒေစိုးမိုးရေးကဏ္ဍ၊ သံတမန်ကဏ္ဍနှင့် စာနာအကူအညီပေးရေး ကဏ္ဍတို့ဖြစ်ပါတယ်။ အခုခရီးစဉ်ကတော့ စာနာအကူအညီပေးရေး ကဏ္ဍကို ပီပီပြင်ပြင် အကောင်အထည်ဖော်ဆောင်သွားမှာဖြစ်ပါတယ်။ စာနာအကူအညီပေးရေး ကဏ္ဍကို ယခင်ကတည်းက မြန်မာ့ပင်လယ်ပြင်ထဲမှာ သဘာဝ ဘေးအန္တရာယ်ကြောင့် ဒုက္ခရောက်နေတဲ့သူတွေကို ကယ်တင်ခဲ့တာလည်း ရှိပါတယ်။ ၂ဝ၂ဝ ပြည့်နှစ်မှာဆိုရင်တော့ ၁၉ ကြိမ် ၁၉၈ ဦးကို ကယ်တင်နိုင်ခဲ့ပါတယ်။ ယခုအခါမှာတော့ နိုင်ငံရပ်ခြားမှာ ဒုက္ခရောက်နေတဲ့မြန်မာနိုင်ငံသားတွေကို သွားရောက်ကယ်တင် ခေါ်ဆောင်မှာပဲဖြစ်ပါတယ်။ ခရီးစဉ် တစ်လျှောက်လည်း လိုက်ပါလာကြမယ့် ခရီးသည်တွေကို အဘက်ဘက်က လိုလေသေးမရှိအောင် စီစဉ်ပေးထားတဲ့ အတွက်ကြောင့် အောင်မြင်တဲ့ ခရီးစဉ်တစ်ခုဖြစ်မှာ သေချာပါတယ်။ ကျွန်တော်တို့ တပ်မတော် အနေနဲ့ အခုလို မိမိတို့ရဲ့မြန်မာနိုင်ငံသားတွေ ဒုက္ခရောက်နေချိန် အခက်အခဲဖြစ်နေတဲ့ အချိန်တိုင်းမှာ အမြဲကူညီရန် အသင့်ရှိကြောင်းလည်း ပြောကြားလိုပါတယ်။ လိုက်ပါဆောင်ရွက်မယ့် အရာရှိ၊ စစ်သည်အားလုံးနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေအားလုံးကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးထားပေးပြီး ဖြစ်ပါတယ်'' ဟု ဗိုလ်မှူးချုပ်နိုင်မင်းကျော်က ပြောသည်။
''ကျွန်တော်ကတော့ လက်ထောက်ကထိက တာဝန်ထမ်းဆောင်နေတဲ့ ဆေးကုသမှု ပထမတန်းပါရဂူ
ဗိုလ်မှူးသူရိန်ဝင်း ဖြစ်ပါတယ်။ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေကို သွားရောက်ခေါ်ဆောင်မယ့် ခရီးစဉ်မှာ ကျွန်တော်တို့ ဆေးတပ်ဖွဲ့အနေနဲ့ COVID-19
စစ်ဆေးရေး ကာကွယ်ခြင်းကိစ္စများ၊ အခြားကျန်းမာရေး ကာကွယ်ရေးကိစ္စများနှင့် ကျန်းမာရေး ကာကွယ်ပေး စောင့်ရှောက်တဲ့ ကိစ္စများကို ကြီးကြပ်ဆောင်ရွက်ဖို့အတွက်
ကျွန်တော်တို့ ပူးပေါင်းပါဝင် ဆောင်ရွက်တာဖြစ်ပါတယ်။ အခုခရီးစဉ်မှာဆိုရင် ကျွန်တော်တို့
ဆေးတပ်ဖွဲ့အနေဖြင့် စစ်ရေယာဉ်(မုတ္တမ)၊ ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)တို့မှာ ကျွန်တော်တို့စုဖွဲ့
ပါဝင်ထမ်းဆောင်ကြမှာ ဖြစ်ပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှု အနေများကတော့ အရေးပေါ်ခွဲစိတ်
ကုသမှုတွေပြုလုပ်နိုင်သည့် အနေအထားအထိ ကျွန်တော်တို့ ပြင်ဆင်ထားတာ ရှိပါတယ်။ အခုခေါ်ဆောင်လာတဲ့
ခရီးသည်တွေထဲမှာလည်း သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေ၊ ကလေးတွေ စတဲ့လူတွေ ပါလာမှာဖြစ်တဲ့အတွက်
ကျွန်တော်တို့ သားဖွားမီးယပ် ပါရဂူ၊ ကလေးပါရဂူနဲ့ အမျိုးသမီး ဆေးတပ်ဖွဲ့ဝင် အစုအဖွဲ့တွေလည်း
ပါဝင်ပါတယ်။ COVID-19 ကြိုတင်ကာကွယ်မယ့် လုပ်ထုံး လုပ်နည်းတွေကိုလည်း ကျွန်တော်တို့ ကြိုတင်ပညာပေးခြင်း၊ လေ့ကျင့်ခြင်း
တွေကိုလည်း ကြိုတင် ဆောင်ရွက်ပြီးဖြစ်ပါတယ်။
နောက်တစ်ချက်ကတော့ ကျွန်တော်တို့ ဟိုဘက်ကနေပြီးတော့ခေါ်လာမယ့် မလေးရှားရောက် မြန်မာနိုင်ငံသားတွေကိုလည်း မလေးရှားနိုင်ငံက နေပြီးတော့ COVID-19ရောဂါပိုးရှိ၊ မရှိကို ကြိုတင်စစ်ဆေးပြီး ဖြစ်ပါတယ်။ သူတို့ဘက်က နေပြီးတော့ COVID-19 ရောဂါပိုးကင်းစင်ပြီးကြောင်း အတည်ပြုပေးထားတဲ့ ခရီးသည်တွေကိုပဲ ကျွန်တော်တို့က ခေါ်လာမှာဖြစ်ပါတယ်။
ကျွန်တော်တို့ ဆေးတပ်ဖွဲ့
အနေနဲ့လည်း COVID-19 ရောဂါပိုးရှိ၊ မရှိကိုလည်း ထပ်မံစစ်ဆေး သွားမှာဖြစ်ပါတယ်'' ဟု
ဗိုလ်မှူးသူရိန်ဝင်း ကပြောသည်။
''ကျွန်တော်တို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဆိုင်ရာ ရုံးအနေနဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပေးပို့လာတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသား အလုပ် သမားများ စာရင်းကို ကျွန်တော်တို့ရဲ့မြန်မာ နိုင်ငံသားဟုတ်၊ မဟုတ် စိစစ်ခြင်းနဲ့ သူတို့မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိတဲ့ အခါမှာ သူတို့မူရင်းနေရပ် ဒေသတွေကို ပြန်လည်ခရီးသွားနိုင်ဖို့ အတွက် ခရီးသွား ထောက်ခံချက်တွေထုတ်ပေးဖို့ စိစစ်ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ အခုသွားခေါ်မယ့် လူတွေက မြန်မာနိုင်ငံသားမှန်ကန်ကြောင်း သက်ဆိုင်ရာ သံရုံးတွေကနေပြီး စိစစ်ခြင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှပေးပို့တဲ့ စာရင်းတွေကို ကျွန်တော်တို့ ဌာနကနေ ထပ်မံစိစစ်ပြီးတော့မှ မြန်မာနိုင်ငံသားဖြစ်တဲ့ သေချာတဲ့သူတွေကိုပဲ သွားခေါ်မှာဖြစ်ပါတယ်။ ဘင်္ဂါလီလူမျိုးတွေဆိုတဲ့ သတင်းက မဟုတ်ပါဘူး။ COVID-19 ကပ်ရောဂါဖြစ်ပွားနေတဲ့ ကာလမှာ နိုင်ငံရပ်ခြား ရောက်ရှိပြီးတော့ ပိတ်မိနေကြတဲ့ မြန်မာနိုင်ငံသားတွေကို သက်ဆိုင်ရာမြန်မာနိုင်ငံကိုပဲ ပြန်လာသင့်တဲ့အတွက် သူတို့ကို ပြန်လည်ခေါ်ဆောင်နိုင်ဖို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ပြောကြားခဲ့တာကြောင့် ယခုလိုသွားရောက် ခေါ်ဆောင်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံသားတွေ ပြည်ပမှာ ဒုက္ခရောက်ပြီးတော့ ပြန်လာလို့ မရတဲ့အချိန်မှာ တပ်မတော်စစ်ရေယာဉ်များနဲ့ ယခုလို သွားရောက်ခေါ်ဆောင်မှာ ဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ အလွန်ပဲဝမ်းသာပါတယ်''ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီ းဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမိုးစက်က ပြောသည်။
''အခု လာလိုက်တဲ့အချိန်မှာ တစ်လမ်းလုံး ပင်ပန်းတယ်။ ဒါပေမဲ့ ကိုယ့်နိုင်ငံက အရာရှိတွေ၊ လူကြီးတွေကို ကားပေါ်က တွေ့လိုက်ရတဲ့အချိန်မှာ အရမ်းအားရှိသွား တယ်။ အကုန်ပျောက်သွားသလိုပဲ ခံစားရတယ်။ အရမ်းအားရှိတယ်။ နောက် ဒီ Plan သစ်မှာလည်း မြန်မာနိုင်ငံသားတွေ ပြန်မယ်ဆိုတော့ အရင်တုန်းကဆို ရှိပါတယ် ခြောက်ယောက် ခေါ်တယ်၊ ရှစ်ယောက် ခေါ်တယ်။ လူရာနှင့်ချီရှိတာ တစ်ယောက်၊ နှစ်ယောက်၊ လေးငါးယောက်ဆိုတော့ အားမရဘူး စိတ်ညစ်တယ်။ အခုကျတော့ မြန်မာတွေပြန်မယ် အများကြီးဆိုတော့ အကုန်လုံးခေါ်လိုက်တော့ အရမ်းဝမ်းသာတယ်။ အဲ့မှာ ဒီတစ်ခေါက်က ညီမတို့ မျက်နှာလည်းရတာပေါ့။ ဟာ.. မြန်မာတွေ ပြန်ခေါ်တယ်... နင်တို့နိုင်ငံလည်း ကောင်းတာပဲ...ဒါမျိုးခေါ်ပေးတယ်။ အရမ်းကျေးဇူးတင်တယ် ခေါ်ပေးတဲ့အတွက်။ ဒီလို သင်္ဘောကြီးနဲ့ လာခေါ် တဲ့အတွက် အရမ်းပျော်ပါတယ်။ အရမ်းကျေးဇူးတင်ပါတယ်။ နောက်တစ်ခေါက်လည်း ခေါ်ပေးပါဦး။ အဲ့ဒီမှာယောကျ်ား လေးတွေလည်း အများကြီး ကျန်ခဲ့ပါတယ်။ အခု သမီးအိမ်သားလည်း ကျန်ခဲ့ပါတယ်။ အဲ့မှာနေခဲ့ရတယ် ဒီတစ်ခေါက်မပါခဲ့ဘူး။ ယောက်ျားလေးတွေဆိုရင် အဲ့မှာ ပိုဆိုးပါတယ်'' ဟု နေရပ်ပြန် အမျိုးသမီး တစ်ဦးက ပြောသည်။
''မင်္ဂလာပါ။ ညီမက ရခိုင်ပြည်နယ် ကျောက်တော်မြို့ကနေ မလေးရှားမှာ အလုပ်အဆင်ပြေတယ် ဆိုပြီးတော့ အစ်မတစ်ယောက် အသိကနေပြီး မလေးရှားကိုတက်လာခဲ့ပါတယ်။ ဒီလိုမျိုး လာခေါ်မယ်လို့လည်း တစ်ခါမှ မမျှော်လင့်ခဲ့မိပါဘူး။
အခုလိုမျိုး ပထမဆုံးအနေနဲ့ တပ်မတော်ကနေပြီး ဒီလိုသင်္ဘောကြီးနဲ့ လာခေါ်တယ်ဆိုတာ ပထမဆုံးအကြိမ်ဖြစ်တဲ့အတွက်အများကြီးလည်းဂုဏ်ယူမိပါတယ်။အများကြီးလည်း ကျေးဇူး တင်ပါတယ်။
နောက် ဒီမှာကျန်တဲ့ လူတွေကိုလည်း အမြန်ဆုံး ညီမလေးတို့လိုမျိုး ခေါ်ဆောင်ပေးပါလို့ တောင်းဆိုပါတယ်။ ပြီးတော့ ဒီမှာကျန်ခဲ့တဲ့လူတွေကလည်း အကြာကြီးဒုက္ခတွေ တော်တော်ခံရပါတယ်။ အကျပ်အတည်းတွေ ခံရတယ်။ အငတ်အမွတ်တွေခံရတယ်။ ဒုက္ခတော်တော်ရောက်ပါတယ်။ ညီမလေးတို့ဆို
ဖုန်း၊ အိမ်နဲ့အဆက်အသွယ်မရတာ ရှစ်လကျော်သွားပါပြီ။ နောက်ဆိုမလေးရှားကို မလာတော့ပါဘူး။ ဘာဖြစ်ဖြစ် ကိုယ့် မြန်မာပြည်မှာရှိတဲ့ ဟာလေးနဲ့ပဲ
ရှာဖွေပြီး လုပ်စားတော့မယ်လို့ ဆုံးဖြတ်ထားပါတယ်''ဟု နေရပ်ပြန် အမျိုးသမီးတစ်ဦးက ပြောသည်။
0 Comments