စစ်တွေမြို့ရှိ လောကနန္ဒနာ စေတီတော်မြတ်ကြီး၌ ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပွဲနှင့် အသံမစဲပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ပြုလုပ်

 



နေပြည်တော်  ဖေဖော်ဝါရီ  ၂၆

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ လောကနန္ဒနာစေတီတော်မြတ်ကြီး၌ ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပွဲနှင့်  အသံမစဲပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို      ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်မြတ်ကြီး၌ ကျင်းပပြုလုပ်ရာ စစ်တွေမြို့၊ မဏိရတနာပရိယတ္တိစာသင်တိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တသောမ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး  ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်     တိုင်းမှူး    ဗိုလ်ချုပ်ထင်လတ်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများတက်ရောက်ကြသည်။

ဦးစွာ စစ်တွေမြို့၊ မဏိရတနာပရိယတ္တိစာသင်တိုက်ဆရာတော်နှင့် သံဃာတော်များက စေတီတော်မြတ်ကြီး၏ လိုဏ်ဂူတော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့်စင်္ကြာမုနိဗုဒ္ဓရုပ်ပွားတော်မြတ်တို့အား ဗုဒ္ဓါဘိသေက အနေကဇာတင် ပူဇော်ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းမှူးနှင့် တက်ရောက် လာကြသူများက သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက်    အသံမစဲပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲဖွင့်ပွဲကို     ဆက်လက်ပြုလုပ်ရာ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မဏိရတနာ ပရိယတ္တိ စာသင်တိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ယင်းနောက် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း အကျိုးကျေးဇူးများကို စစ်တွေမြို့၊ ဓမ္မသုခကျောင်းတိုက်ဆရာတော် ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တသောမက ဟောကြားချီးမြှင့်ပေးပြီး ဒက္ခိဏာရာမပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တမေဃိက မြတ်စွာဘုရားရှင်အား ပင့်လျှောက်ပူဇော်ပြီး ပဋ္ဌာန်းတရားနာကြားနိုင်ရန် ဒေဝနိမန္တနဂါထာဖြင့် ပဋ္ဌာနဘာဏက ဦးဓမ္မိကမှ နတ်ဗြဟ္မာများအား ဖိတ်ကြား၍ ပဋ္ဌာန်းဒေသနာတော်ကို စတင်ရွတ်ဖတ်ရန် အချိန်ကျရောက်ပြီးဖြစ်ကြောင်း တိုက်တွန်းလွှာဂါထာကို ပဋ္ဌာနဘာဏက ဦးတေဇသီရိကဖတ်ကြားပြီးနောက် သံဃာတော်များနှင့်    ဧည့်ပရိသတ်များမှ ပဋ္ဌာန်းပစ္စယုဒ္ဒေသကို သုံးကြိမ်ရွတ်ဆို၍ အလှည့်ကျဘာဏက ဆရာတော်က ပဋ္ဌာန်းဒေသနာတော်ကို စတင်ရွတ်ဖတ်ပူဇော်သည်။

အဆိုပါ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို မတ် ၄ ရက်အထိ ခုနစ်ရက်ကြာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ 

Post a Comment

0 Comments