မော်လမြိုင်မြို့၊ သမိုင်းဝင်ကျိုက်သလ္လံစေတီတော်မြတ်ကြီးရှိ နောင်တော်ကြီးစေတီတော် စိန်ဖူးတော်တင်လှူ ပူဇော်ခြင်း၊ ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ခြင်းနှင့် ပဋ္ဌာန်းသိမ်းအောင်ပွဲ မင်္ဂလာကျင်းပ ပြုလုပ်

 




နေပြည်တော်  ဖေဖော်ဝါရီ  ၂၆

မွန်ပြည်နယ်၊  မော်လမြိုင်မြို့၊  ကျက်သရေဆောင် သမိုင်းဝင် ကျိုက်သလ္လံစေတီတော်မြတ်ကြီးရှိ နောင်တော်ကြီးစေတီတော် စိန်ဖူးတော်တင်လှူပူဇော်ခြင်း၊ ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ခြင်းနှင့် ပဋ္ဌာန်းသိမ်းအောင်ပွဲမင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်ကြီးရှိ သီရိမင်္ဂလာပဋ္ဌာန်းဓမ္မာရုံ၌ ပြုလုပ်ရာ မော်လမြိုင်မြို့မောင်ငံရပ် နတ်မှော်ကျောင်းတိုက်ဆရာတော်အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသုမနအမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း၊  အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်မှူးချုပ်ကိုကိုမောင်နှင့်အဖွဲ့ဝင်များ၊    ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ    တက်ရောက်ကြသည်။



ဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး နတ်မှော်ကျောင်းတိုက် ဆရာတော်ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။

ထို့နောက်    ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နောင်တော်ကြီးစေတီတော်တွင် တင်လှူပူဇော်မည့် ရတနာစိန်ဖူးတော်အား  နတ်မှော်ကျောင်းတိုက်ဆရာတော်ထံသို့ ဆက်ကပ်လှူဒါန်းပြီးနောက် တိုင်းမှူးက ပင့်ဆောင်ကာ စေတီတော်မြတ်ကြီးအား လက်ယာရစ်သုံးပတ်လှည့်လည် ပူဇော်ကြည်ညိုပြီး စေတီတော်အထွတ်သို့ တင်လှူပူဇော်ကာ အမွှေးနံ့သာရည်များ ပက်ဖျန်းကာ ဇယန္တောဗောဓိယာမူလေ အစချီ အောင်ဂါထာတော်များကို ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။

ဆက်လက်၍ နတ်မှော်ကျောင်းတိုက် ဆရာတော်အမှူးပြုသော သံဃာတော်များက စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်  ပူဇော်ကြည်ညိုကြသည်။ ယင်းနောက်  ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊  တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး မော်လမြိုင်မြို့၊ ဇောတိကာရုံကျောင်းတိုက်ဆရာတော် နိုင်ငံတော်သံဃနာယကအဖွဲ့ဝင်   အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ  ဘဒ္ဒန္တစန္ဒောဘာသထံမှ    အနုမောဒနာ တရားနာယူ၍    လှူဒါန်းမှု အစုစု တို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး  ပဋ္ဌာန်းသိမ်းအောင် ဂါထာတော်များ ရွတ်ဖတ်ပူဇော်ကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း   သတင်းရရှိသည်။ 

Post a Comment

0 Comments