ပြည်သူများ၏ ကောင်းကျိုးတိုးပွားရေး





(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်)

မြန်မာနိုင်ငံသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည် နှင့်အညီ နိုင်ငံတိုင်းနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူ (၅)ရပ်ကို လက်ကိုင်ထားပြီး လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးဝါဒကို ဆက်လက်ကျင့်သုံးသည်။ ကုလသမဂ္ဂ၊ အာဆီယံ၊ နိုင်ငံတကာနှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ တာဝန်များကို ဖြည့်ဆည်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းတာဝန် ဝတ္တရားများတွင် အလုပ်သမားအခွင့်အရေးဆိုင်ရာ စာချုပ်များ အပါအဝင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စာချုပ်များဆိုင်ရာ စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံ၏ တာဝန်များကို ထမ်းဆောင်ခြင်းလည်း ပါဝင်သည်။

မြန်မာပြည်သူများ အကျိုးအတွက် အတည်ပြုပါဝင်ပြီးသည့် စာချုပ်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။ မိတ်ဆွေနိုင်ငံများနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၏ အပြုသဘောဆောင်သည့် ပံ့ပိုးကူညီမှုများကိုလည်း ကြိုဆိုလျက်ရှိသည်။ လက်ရှိတွင် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့၏ (၂၀၁၉-၂၀၂၃)သက်တမ်း၏ အမှုဆောင်ဘုတ် အဖွဲ့ဝင်အဖြစ် ဆောင်ရွက်လျက်ရှိရာ ယင်းအဖွဲ့နှင့် စီးပွားရေး လူမှုရေးကောင်စီတို့နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရန် ဖိတ်ခေါ်လျက်ရှိသည်။

မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အတွက် အာဆီယံပဋိညာဉ်စာတမ်းနှင့် အရှေ့တောင် အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး စာချုပ်ပါ ရည်ရွယ်ချက်များနှင့် စည်းမျဉ်းများကို ဆက်လက်လိုက်နာ ဆောင်ရွက်မည် ဖြစ်သည်။ အာဆီယံ၏ ဗဟိုအချက်အချာနှင့် စည်းလုံးညီညွတ်မှုကို ဆက်လက်မြှင့်တင်ရန်၊ အာဆီယံအသိုက်အဝန်း ထူထောင်ရေး ကြိုးပမ်းရာတွင် တိုးတက်မှုများ ပိုမိုရရှိစေရန်နှင့် အာဆီယံ၏ ပြင်ပမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်ရန် စသည့် ရည်ရွယ်ချက်များနှင့်အညီ ယခုနှစ်အတွက် အာဆီယံ၏လျာထား အစည်းအဝေးများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်သွားမည်သာ ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် အာဆီယံနိုင်ငံများ၊ ပြင်ပမိတ်ဖက်များနှင့် ချစ်ကြည်စွာ ဆက်လက်ပူးပေါင်း ဆောင်ရွက်မည် ဖြစ်သည်။

ထို့ပြင်    ဒေသခွဲဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ယန္တရားများ ဖြစ်သော မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှု၊ မဲခေါင်-အမေရိကန် မိတ်ဖက်ပြု ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်၊ ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာနှင့်ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု စသည့်ဒေသခွဲ ပူးပေါင်းဆောင်ရွက်မှု ယန္တရား(၁၃)ခုနှင့်လည်း တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။ လတ်တလော မြန်မာနိုင်ငံသည် (၂၀၂၀-၂၀၂၂)ကာလအတွက်  မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပြီး မဲခေါင်ဒေသတွင်း ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံသည် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု၏ (၂၀၂၀-၂၀၂၂) နှစ်တာ ကာလအတွက် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိသည်။ ဒေသတွင်းပြည်သူများ၏ လူမှု-စီးပွားမြှင့်တင် ဆောင်ရွက်ရာတွင် ထိရောက်မှုရှိစေရန် အာဆီယံကဲ့သို့သောအဖွဲ့ဝင်နိုင်ငံများ၊ မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။ ဘင်္ဂလားပင်လယ်အော်ဒေသနှင့် တောင်အာရှနိုင်ငံများ ပါဝင်သော ဘင်းမ်စတက် အဖွဲ့တွင်လည်း တက်ကြွစွာ ပါဝင်သော အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။

နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအပေါ် စိုးရိမ်မှုများစွာ ရှိရန်မလိုအပ်ပါ။ နိုင်ငံ၏ဒီမိုကရေစီ အသွင်ကူးပြောင်းမှုအပေါ် အပြုသဘောမဆောင်သည့် သက်ရောက်မှုများနှင့် တရားဝင် နည်းလမ်းများဖြင့် အရေးယူ ဆောင်ရွက်ရန် အရေးတကြီး လိုအပ်မှုတို့ကို သတိပြုမိ၍ တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် တည်ဆဲဥပဒေများနှင့်အညီ လိုအပ်သော အရေးယူဆောင်ရွက်မှုများကို ကာလအပိုင်းအခြား တစ်ခုအတွင်း ပြုလုပ်ခဲ့ရခြင်း ဖြစ်သည်။ မြန်မာ့ဒီမိုကရေစီပြောင်းလဲမှု၏ ပထမဦးဆုံးဗိသုကာမှာ တပ်မတော်သာဖြစ်သည်။ ဗိသုကာပညာရှင်ဆိုသည်မှာ မိမိထုဆစ်ထားသည့်အရာကို မပျက်စီးစေရန် ဆန္ဒရှိသူဖြစ်သည်။ နိုင်ငံတော်တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ သာယာဝပြောရေး၊ ပြည်သူများ၏ အကျိုးစီးပွားတို့သည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုအတွက် လိုအပ်ချက်များ ဖြစ်သည်။ ထိုလိုအပ်ချက်များကို တပ်မတော်က ပြည်သူများ၏ အကျိုးစီးပွားအတွက် ထမ်းဆောင်လျက် ရှိပါကြောင်း ရေးသားလိုက်ရပေသည်။  

Post a Comment

0 Comments