စားသုံးသူ အကာအကွယ်ပေးရေး၊ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်ကုန်လုံခြုံ စိတ်ချမှုဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည့် အခမ်းအနား ကျင်းပ

 



နေပြည်တော်   ဖေဖော်ဝါရီ  

စားသုံးသူရေးရာဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စားသုံးသူ အကာအကွယ်ပေးရေး၊ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချမှုဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။

အစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက တိုင်းပြည်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကုန်သွယ်မှုလမ်းကြောင်းများ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များသည် အောင်မြင်သည့် လမ်းကြောင်းပေါ်တွင် ရောက်ရှိနေသည့်အတွက် ယင်းအခြေအနေအား  ဆက်လက် ထိန်းသိမ်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေး ဌာန (CICC) များမှလည်း စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။

မိမိတို့ဝန်ကြီးဌာနမှ ပြည်ပနိုင်ငံများ၌ တာဝန်ပေးအပ်ထားသည့်    စီးပွားရေးသံမှူးများ အနေဖြင့်လည်း သက်ဆိုင်ရာ နိုင်ငံအလိုက် မြန်မာ့ထွက်ကုန်ပစ္စည်းအမယ်သစ်များအတွက် ဈေးကွက်အသစ်ရရှိရေးနှင့် ပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေးတို့ကို ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ စီးပွားရေး သံမှူးများက လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်းသည် နိုင်ငံတော်၏ စီးပွားရေး ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန် များစွာ အထောက်အကူ ဖြစ်စေသည့်အတွက် Project-based နှင့် Results-based များကို   ကျင့်သုံးဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုက လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုများနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အသေးစိတ် ရှင်းလင်းတင်ပြပြီး အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းက ထပ်မံဖြည့်စွက်ရှင်းလင်း တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များအား ဖြည့်စွက်မှာကြားသည်။

အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။

Post a Comment

0 Comments