မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များအကြား တပ်ရင်းမှူးအဆင့် အလံတင်အစည်း အဝေးကျင်းပ

 

 


နေပြည်တော် ဖေဖော်ဝါရီ ၂၃

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြား စောင့်တပ်ဖွဲ့များအကြား တပ်ရင်းမှူးအဆင့် အလံတင် အစည်း အဝေးကို ယနေ့မြန်မာ စံတော်ချိန် နံနက် ၁၀ နာရီတွင် မြန်မာနိုင်ငံမောင်တောမြို့ အမှတ်(၁) လူဝင်/ထွက်စစ်ဆေးရေးစခန်း (POE)၌ ကျင်းပသည်။

အဆိုပါမြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များအကြား တပ်ရင်းမှူးအဆင့် အလံတင် အစည်းအဝေးသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမှတ်(၄)နယ်ခြား စောင့်ရဲတပ်ဖွဲ့ခွဲမှူး ဒုတိယ ရဲမှူးကြီး ဇော်လင်းအောင် ဦးဆောင်သော ကိုယ်စားလှယ် ခုနစ်ဦးအဖွဲ့နှင့် အမှတ်(၂)ဘင်္ဂလားဒေ့ရှ် နယ်ခြား စောင့်တပ်(တက္ကနာ့ဖ်)မှ တပ်ရင်းမှူး Lt.Col.Mohammad Faisal Hasan Khan ဦးဆောင်သော ကိုယ်စားလှယ် ၁၁ ဦး အဖွဲ့တက်ရောက်ကြသည်။

အစည်းအဝေးတွင် နယ်စပ်ဖြတ်ကျော်၍ တရားမဝင် ဝင်/ထွက်သွားလာမှုများအား တားဆီးထိန်းသိမ်း ပေးရေး၊ နယ်စပ်ဒေသနေပြည်သူများအား အသိပညာပေးရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ မဖြစ်ပေါ်စေ ရန်နှင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းမှုရှိစေရန်တို့အတွက် အပြန်အလှန်သတင်းဖလှယ်ပေးပြီး ပူးပေါင်း ဆောင်ရွက်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းဥပဒေနှင့်အညီ အရေးယူခဲ့ပြီး ဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၄ ဦးကို မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ ဘင်္ဂလားဒေ့ရှ်နယ်ခြား စောင့်တပ်သို့ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့သည်။ ၎င်းင်းတို့မှာ တရားမဝင် ဝင်ရောက်နေထိုင်သူ ၂၂ ဦး၊ တရားမဝင် ငွေကြေးလဲလှယ်သူတစ်ဦးနှင့် တရားမဝင်ကုန်စည်ပို့ဆောင်သူတစ်ဦးဖြစ်ပြီး ၁၉၈၀ ပြည့်နှစ် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်ခြား အစီအစဉ်များနှင့် ပူးပေါင်းဆောင်ရွက်ရေးသဘောတူ စာချုပ်အပိုင်း(၂)၊ အပိုဒ်(၇)နှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များအကြား တပ်ရင်းမှူးအဆင့် အလံတင်အစည်းအဝေး သည် မွန်းလွဲ ၁၂နာရီခွဲတွင် ပြီးဆုံးခဲ့ကြောင်း သတင်းရရှိသည်။

(ရဲပြန်ကြား)

Post a Comment

0 Comments