တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသခံပြည်သူလူနာများအား တပ်မတော် ဆေးရုံများ၌ ဆက်လက် လက်ခံကုသ

 


နေပြည်တော်  ဖေဖော်ဝါရီ  ၂၅

တိုင်းဒေသကြီးနှင့်    ပြည်နယ်များရှိ တိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေး ဆိုင်ရာ အခက်အခဲများကို  တစ်ထောင့်တစ်နေရာမှ  အထောက်အကူပြုစေရန် အတွက်  မြို့နယ်အသီးသီးရှိ  တပ်မတော် ဆေးရုံများနှင့်  ယာယီကုသရေး ဆေးရုံများတွင် ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ  ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ၃ဝ၉ဝ၂ ဦး၊ အတွင်းလူနာ ၃၄၃၃ ဦးကို တပ်မတော်မှ ပါရဂူများ၊  ဆေးမှူးများ၊  သူနာပြုများက ကျန်းမာရေး စစ်ဆေးပေးခြင်း၊   ခွဲစိတ်ရန် လိုအပ်သည့်လူနာများအား ခွဲစိတ်ပေးခြင်း၊ ဆေးရုံတက်ရောက် ကုသရန် လိုအပ်သော လူနာများကို ဆေးရုံတင်ကာ  ကျန်းမာရေး စောင့်ရှောက်ပေးခြင်းများ ဆောင်ရွက်ပေးသည့်အပြင် ဆေးရုံတက်လူနာများနှင့် လူနာစောင့်များ နေထိုင်စားသောက်ရေး အဆင်ပြေစေရန်အတွက်ကိုပါ   စီမံဆောင်ရွက်ပေးသည်။



ထိုသို့   လာရောက်ကုသမှု ခံယူလျက်ရှိသည့် လူနာများအနက် အကြီးစား ခွဲစိတ်ကုသရန် လိုအပ်သူ ၁၃၄၄ ဦး၊ အသေးစား ခွဲစိတ်ကုသရန်လိုအပ်သူ ၇၁၁ ဦး၊ စုစုပေါင်း ၂ဝ၅၅ ဦးတို့ကို  ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီး စိုးရိမ်ဖွယ်ရာရှိသည့်   လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများက အထူးကြပ်မတ် ကုသပေးလျက်ရှိသည်။ ၎င်းအပြင် ကလေးမီးဖွားရန် အခက်အခဲဖြစ်နေသည့် မွေးလူနာများကို  တပ်မတော်ဆေးရုံ အသီးသီးတွင် တက်ရောက်စေလျက်ရှိပြီး ၎င်းတို့အနက် ၇၇၆ ဦးကို ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ကာ ၁၁၈ဝ ဦးကို  သာမန်မွေးဖွား ပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိ   ကလေးငယ် ၁၉၅၆ ဦးကိုအောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့သည်။

ယင်းသို့ ဒေသခံပြည်သူများအား ဆေးကုသပေးနေမှု အခြေအနေများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး ဆေးရုံတက်ရောက်ကုသမှု ခံယူနေသော လူနာများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ကြသည်။

ယင်းသို့   ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ   ဆောင်ရွက်ပေးမှုအပေါ် ယခုလိုပဲ ကြားသိရပါသည်-



''အန်တီတို့က   ဒီပြင်ဦးလွင်ကပါပဲ။ လူနာက  အစကတော့  အစာအိမ်ဆိုပြီး တော့မှ အန်တီတို့အပြင်မှာကုနေတာ ငါးလလောက်ရှိပါပြီ။ အောင်သစ္စာတို့ ဘာတို့မှာလည်း  အစာအိမ် မှန်ပြောင်းကြည့်ပြီးပြီ။ အစာအိမ်လို့ပဲ ပြောပါတယ်။ အဲ့လိုနေရင်းနဲ့ ကုလာတာ တဖြည်းဖြည်းနဲ့ ဆေးခန်းတွေလည်း လေးငါးခြောက်ခု ခုနစ်ခုရောက်ပြီးပြီ။ အဲ့ဒါနဲ့ အဲ့ဒီဆေးခန်းတစ်ခုကိုသွားပြီးရင် နောက်တစ်ခါသွားပြီဆိုရင် အစာအိမ်ဆေးက ဒါအကုန်ပဲ၊  နောက်တစ်ခေါက်ဆို ဆေးရုံကိုပဲ သွားတော့လို့ပြောပါတယ်။    အဲ့ဒါနဲ့ ဆေးခန်းတွေများများပြီး ကလေးက အခုလို ပိန်ချုံးသွားပါတယ်။ အဲ့ဒါနဲ့ ဒီဆေးရုံကို တက်လိုက်ရပါတယ်။ ဒီမှာကတော့ အကုန်လုံး လိုလေသေးမရှိ အကုန်အဆင်ပြေပါတယ်။ လူနာစောင့်တွေ အတွက်ရော  လူနာတွေအတွက်ရော အကျွေးအမွေးကအစ ဆရာ၊ ဆရာမတွေ၊ ဗိုလ်ကြီးတွေ၊ ဗိုလ်မှူးတွေရော၊ ဗိုလ်လေးတွေရော အားလုံး  လိုလေသေးမရှိ အားလုံးတော်ကြပါတယ်။ အန်တီတို့လည်း စိတ်ချမ်းသာပါတယ်။ ကျေးဇူးအများကြီး တင်ပါတယ်။ အကုန်လုံးကိုလည်း မေတ္တာပို့ပါတယ်။ ဒီက အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားတွေရော၊ ခွဲစိတ်ဆရာဝန်ကြီးတွေရောအလုပ်သမားများပါ မကျန် ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ရှိကြပါစေ။ ကျေးဇူးအများကြီး တင်ပါတယ်လို့  ပြောချင်ပါတယ်''ဟု လူနာစောင့် အမျိုးသမီး တစ်ဦးကပြောသည်။

''ကျွန်တော်လာတာကတော့ မန္တလေးတိုင်းဒေသကြီး၊  ပုသိမ်ကြီးမြို့ကပေါ့လေ။ ကလေးကတော့ နှာခေါင်းသွေးလျှံပြီးတော့ သွေးအန်တာနဲ့ ရပ်ကွက်ထဲက အသင်းကားနဲ့လာပါတယ်။ အရင်တုန်းကတော့ မန္တလေး ပြည်သူ့ဆေးရုံကြီး  ခုတင်-၃ဝဝ  ကလေးဆေးရုံမှာတော့ မကြာခဏသွားပြရပါတယ်။ သွေးသွင်းလိုက် ပြန်လာလိုက် ရက်ချိန်းပြန်ပြလိုက်ပါပဲ။ အခုကျတော့ အဲ့ဒီဆေးရုံတွေက ပိတ်ထားတော့   ဒီတပ်မတော် ဆေးရုံကို ရောက်လာတာပါ။ဒီရောက်တော့ လိုလေသေးမရှိ အားလုံး ဂရုစိုက်ကြပါတယ်။

ဘာမှ လိုလေသေးမရှိဘူး။ စိတ်ချမ်းသာပါတယ်။ စားရေးသောက်ရေးလည်း မပူရပါဘူး။ အားလုံးဝေငှပေးပါတယ်။ အားလုံး အဆင်ပြေပါတယ်။ ကျွန်တော်တို့ရောက်ခါစကတော့   တစ်ခါမှမလာဘူး   မသွားဘူးတော့ နည်းနည်း ရှိန်းတိန်းတိန်းဖြစ်တာပေါ့လေ။ ဒီမှာရောက်တော့ စိတ်လည်းချမ်းသာပါတယ်။ နေရထိုင်ရတာလည်း ကျယ်ပါတယ်။ ကလေးလည်း စိတ်ချမ်းသာပါတယ်။ အားလုံး အဆင်ပြေပါတယ်''ဟု လူနာစောင့်အမျိုးသား တစ်ဦးကပြောသည်။   

Post a Comment

0 Comments