အရှေ့တောင်တိုင်းစစ်ဌာနချုပ်နှင့် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် နယ်မြေများအတွင်း၌ (၇၄)နှစ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားများ ကျင်းပပြုလုပ်



 အရှေ့တောင်တိုင်းစစ်ဌာနချုပ်နှင့် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် နယ်မြေများအတွင်း၌ (၇၄)နှစ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားများ ကျင်းပပြုလုပ်


နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၈

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ကျရောက်သည့် (၇၄)နှစ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို မွန်ပြည်နယ်၊ ချောင်းဆုံမြို့၊ ကဒါကျေးရွာရှိ ဘောလုံးကွင်း ၌ နံနက် ၅ နာရီမှ ၈ နာရီခွဲအချိန်အထိ ကျင်းပပြုလုပ်ရာ ချောင်းဆုံမြို့နယ်၊ မွန်ညီညွတ်ရေး ပါတီနာယက နိုင်စိန်ထွန်းနှင့် ပါတီဝင်များ၊ အခမ်းအနားဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ နိုင်စိန်သောင်းနှင့် မွန်တိုင်းရင်းသားများ စုစုပေါင်းအင်အား ၃၀၀၀ ဦးခန့် တက်ရောက်ကြ သည်။

အခမ်းအနားတွင် နိုင်စိန်သောင်းမှ အမှာစကားပြောကြားရာတွင် NLD  အစိုးရ ကာလတွင် သိသာထင်ရှားသည့် ပြောင်းလဲမှုများ မရှိဘဲ အခွန်နှုန်းထားများသာ မြင့်တက် လာခဲ့ကြောင်း၊ NLD  အစိုးရထပ်မံအုပ်ချုပ်မည်ဆိုပါက မိမိတို့အပေါ် နည်းမျိုးစုံဖြင့် တိုက်ခိုက် နေသဖြင့် ချောင်းဆုံမြို့တွင် မွန်ညီညွတ်ရေးပါတီရှိတော့မည်မဟုတ်ကြောင်း၊ တပ်မတော်က  နိုင်ငံတော်၏ အာဏာအရပ်ရပ်အား ထိန်းသိမ်းခြင်းနှင့်ပတ်သက်၍ မွန်တစ်မျိုးသားလုံး လိုလားသော ဖက်ဒရယ်စနစ်ကို အခြေခံသည့်သဘောကို မြင်တွေ့ရသောကြောင့် အားလုံး ပူးပေါင်းပါဝင်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

အလားတူ (၇၄)နှစ်မြောက် မွန်အမျိုးသားနေ့ကို ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသ ရှိ NMSP  (မွန်)အဖွဲ့ ဗဟိုဌာနချုပ်၌ ကျင်းပပြုလုပ်ရာ  NMSP  (မွန်)အဖွဲ့ ဥက္ကဋ္ဌ နိုင်ဟံသာ၊ ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်းနှင့် ဗဟိုကော်မတီဝင်များ၊ အဖွဲ့ဝင်များအပါအဝင် စုစုပေါင်း အင်အား ၅၀၀ ဦးခန့်တက်ရောက်ခဲ့ကြောင်းနှင့် အခမ်းအနားတွင် တက်ရောက်လာကြသူ များက "မွန်အမျိုးသားများ- ညီညွတ်ကြ၊ မွန်ကြမ္မာ မွန်တို့က ဖန်တီးရမည်၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရမည်"  ဟု ကြွေးကြော်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ (၇၄)နှစ်မြောက် မွန်အမျိုးသားနေ့ကို အရှေ့တောင်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း၌ ၁၅ နေရာ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း၌ ၂ နေရာ၊ စုစုပေါင်း ၁၇ နေရာတွင် အသီးသီးကျင်းပပြုလုပ်ကြရာ အခမ်းအနားများတွင် မွန်အမျိုးသား အလံများ လွှင့်ထူခြင်း၊ မွန်အမျိုးသားနေ့ဖြစ်ပေါ်လာပုံတို့ကို တာဝန်ရှိသူများက ရှင်းလင်းပြော ကြားခြင်းနှင့် သဝဏ်လွှာများ ဖတ်ကြားခြင်းတို့ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

Post a Comment

0 Comments