မိမိလုပ်ငန်းတာဝန်ထမ်းဆောင်ခြင်းမရှိဘဲ CDM ပြုလုပ်ပြီး ပုဂ္ဂလိကဆေးရုံ၌ အခကြေးငွေဖြင့် ဆေးကုသပေး နေသည့်ဆရာဝန်တစ်ဦးအား အမှုဖွင့်

 


နေပြည်တော် ဖေဖော်ဝါရီ  ၂၃

ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ ညောင်လေးပင် ကျေးရွာနေသူ အမျိုးသမီးတစ်ဦးသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက် နံနက် ၁၀ နာရီတွင် ကျေးရွာအတွင်း၌ ဆိုင်ကယ်မတော်တဆတိမ်းမှောက်၍ ယာဘက်လက်ထိခိုက်ဒဏ်ရာရရှိခဲ့ရာ ပြည်မြို့(ခုတင်-၅၀၀) ပြည်သူ့ဆေးရုံမှာ ဖွင့်လှစ်ကုသခြင်းမရှိသဖြင့် ညနေ ၅ နာရီခန့်တွင် ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသခြင်းမရှိဘဲ ပုဂ္ဂလိကသံလွင်ဆေးရုံ၌ အခကြေးငွေ ရယူလျက် ဆေးကုသနေသည့် ဒေါက်တာကျော်သူရထံသို့ သွားရောက်ပြသခဲ့ရာ ဖေဖော်ဝါရီလ ၁၃ ရက် နံနက်  ၁၁ နာရီတွင် အမျိုးသမီး၏ ယာဘက်လက်သူကြွယ်နှင့် လက်သန်းနှစ်ချောင်းအား ငွေကျပ် ၁၃ သိန်း ပေး၍ ခွဲစိတ်ဖြတ်တောက်ခဲ့ရသည့်အပြင် ဒေါက်တာကျော်သူရမှ ဒုတိယအကြိမ် ထပ်မံခွဲစိတ်ရန် လိုအပ် ကြောင်း ပြောလာခဲ့သဖြင့်    ငွေကြေးမတတ်နိုင်တော့သည့်အတွက်   ၎င်းပုဂ္ဂလိကဆေးရုံမှ   အမှတ်(၆) တပ်မတော် ဆေးရုံ(ခုတင်-၁၀၀)သို့ လာရောက်ပြသ အရေးပေါ်ခွဲစိတ်ကုသမှုခံယူခဲ့ရသည်။

အဆိုပါအမျိုးသမီးအနေဖြင့် ပုဂ္ဂလိကဆေးရုံ၌ မိမိဒဏ်ရာအား ကုသမှုခံခဲ့ရာမှ ငွေကြေးမတတ်နိုင်တော့ သဖြင့် တပ်မတော်ဆေးရုံသို့ ပြောင်းရွှေ့ကုသရာတွင်အချိန်မီထပ်မံခွဲစိတ်ခြင်းမပြုလုပ်ပါက အသက် အန္တရာယ် စိုးရိမ်ရသည့်အနေအထားသို့ ရောက်ရှိနေသဖြင့်  လူနာ၏ယာဘက်လက်ခလယ်နှင့် လက်ညှိုးတို့ အား မလိုအပ်ဘဲဖြတ်တောက်ကုသခဲ့ရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ နစ်နာသူအမျိုးသမီးမှ ဒေါက်တာကျော်သူရအား တောင်းခံသည့်ငွေကြေး ပေးအပ် သော်လည်း ငွေကြေးထပ်မံတောင်းခံခဲ့ခြင်း၊ CDM ပါဝင်ဆောင်ရွက်သည့်အပြင် အခြားဝန်ထမ်းများအား စည်းရုံးခြင်း၊ ပြည်သူများ ကျန်းမာရေးအခက်အခဲဖြစ်စေရန် ဝန်ထမ်းစည်းမျဉ်းနှင့်  ဆန့်ကျင်လျက်  မတရား ငွေကြေးတောင်းခံကုသမှုအပေါ်  ဥပဒေနှင့်အညီ အရေးယူပေးနိုင်ပါရန် ပြည်မြို့၊ မြို့နယ်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့သို့တိုင်ကြားခဲ့သဖြင့်   စခန်းမှူး    ဒုတိယရဲမှူး ကျော်အေးလှိုင်မှ (ပ)၃၂/၂၀၂၁၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က)အရ အမှုဖွင့်ဆောင်ရွက်ထားရှိပြီး ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည့် အပြင် မြန်မာနိုင်ငံဆေးကောင်စီသို့လည်း ပြည်သူ့ဝန်ထမ်းဆရာဝန်တစ်ဦးအနေဖြင့်  တာဝန်မဲ့လုပ်ရပ်များ အား စာရေးသားတိုင်တန်းထားကြောင်းလည်း သတင်းရရှိသည်။              

 (၁၀၀)

Post a Comment

0 Comments