ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပလ္လင်တော် အပိုင်း ၃ နှင့် အပိုင်း ၅ တို့ကို ကြိုဆိုပင့်ဆောင်ခြင်း မဟာမင်္ဂလာအခမ်းအနားကျင်းပ

ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပလ္လင်တော် အပိုင်း ၃ နှင့် အပိုင်း ၅ တို့ကို ကြိုဆိုပင့်ဆောင်ခြင်း မဟာမင်္ဂလာအခမ်းအနားကျင်းပ 
နေပြည်တော် မတ် ၁ 


နေပြည်တော်တွင် တည်ထားကိုးကွယ်မည့် ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော်အစိတ်အပိုင်းများကို Modular Trailer များဖြင့် ဆီမီးခုံဆိပ်ကမ်းမှ နေပြည်တော်ကောင်စီနယ်မြေသို့ ပို့ဆောင်လျက်ရှိရာ တတိယအကြိမ်အဖြစ် ပလ္လင်တော်အပိုင်း ၃ နှင့် အပိုင်း ၅ တို့ကို ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ဆီမီးခုံဆိပ်ကမ်းမှ ပင့်ဆောင်ပူဇော်ပြီး တည်ထားကိုးကွယ်မည့်မင်္ဂလာနေရာသို့ ယမန်နေ့ မွန်းလွဲပိုင်းတွင် ရောက်ရှိခဲ့သည်။ 


အဆိုပါဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပလ္လင်တော် အပိုင်း ၃ နှင့် အပိုင်း ၅ အစိတ်အပိုင်းများအား ကြိုဆိုပင့်ဆောင်ခြင်း မဟာမင်္ဂလာအခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ဒက္ခိဏသီရိမြို့နယ် သံဃနာယက ဉက္ကဌ ညောင်ကုန်းဆရာတော် ဘဒ္ဒန္တပဏ္ဍိတ အမှူးပြုသော ဆရာတော်သံဃာတော် အရှင်သူမြတ် များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌ တပ်မတော် ကာကွယ်ရေးဉီးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်စား စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်းနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ကြသည်။ 


ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး ဒက္ခိဏသီရိမြို့နယ် သံဃနာယက ဥက္ကဌ ညောင်ကုန်းဆရာတော် အမှူးပြုသော သံဃာတော်အရှင်သူမြတ်တို့က မေတ္တာပို့ဂါထာတော်များကို ရွတ်ဆိုပူဇော်၍ မေတ္တာပြုတော် မူသည်။ ထို့နောက် ဘုရားဒါယကာ၊ ဒါယိကာမများနှင့် ဧည့်ပရိသတ်အပေါင်း တို့က ရတနတ္တယ ပူဇာအရိယာသာဝိတ္ထီဂါထာ၊ ဘုရားဂုဏ်တော်ကိုးပါး၊ ပဌာန်းပစ္စယုဒ္ဒေသ ပါဠိတော်နှင့် မေတ္တာပို့လင်္ကာများကို သံပြိုင်ညီညာစွာ ရွတ်ဆိုပူဇော်ကြသည်။ 


ဆက်လက်ပြီး ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်ကြီး၏ အပိုင်း ၃ နှင့် အပိုင်း ၅ တို့ကို မြို့နယ် သံဃနာယကဉက္ကဌ ဆရာတော် နှင့် ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြေတောရမြို့တော်ဝန်ကျောင်း ဆရာတော် ဘဒ္ဒန္တခေမာနန္ဒ တို့က ဦးဆောင်၍ တက်ရောက်လာကြသည့် တပ်မတော်အရာရှိကြီးများ၊ ဘုရားဒါယကာများက အမွှေး နံသာရည်များဖြင့် ပက်ဖျန်းပူဇော်ကြပြီး ဇယမင်္ဂလာအောင်ဂါထာတော်များကို ရွတ်ဆိုပူဇော် ကြသည်။ ထို့နောက် မင်္ဂလာအချိန်တွင် ဘူမိ ဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၏ အပိုင်း ၃ နှင့် အပိုင်း ၅ တို့ကို အပူဇော်ခံမည့်နေရာသို့ ဆက်လက် ပင့်ဆောင်တော်မူကြသည်။ 
ယင်းနောက် ဗုဒ္ဓသာသနံစိရံတိတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနား ရုပ် သိမ်းခဲ့ရာ ဝတ်အသင်းများက အရပ်ဆယ်မျက်နှာ မေတ္တာပို့လင်္ကာများဖြင့် မေတ္တာဘာဝနာ ပွားများပူဇော်ခြင်းနှင့် အမျှပေးဝေခြင်းများကိုဆောင်ရွက်ခဲ့ကြပြီး အခမ်းအနားအောင်မြင် ပြီးမြောက်ခြင်းအထိမ်းအမှတ်အဖြစ် ရတနာရွှေမိုး၊ ငွေမိုးများရွာသွန်းဖြိုးခဲ့ကြ သည်။ 



ယနေ့ကြိုဆိုပင့်ဆောင်သည့် ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်တော် မြတ်ကြီး၏ ပလ္လင်တော် အပိုင်း ၃ နှင့် အပိုင်း ၅ တို့၏ အလေးချိန် ၄၇၇ တန်စီရှိပြီး တတိယအကြိမ်အဖြစ် ကြိုဆိုပင့်ဆောင်ခြင်းဖြစ်ကြောင်းနှင့် ကျန်ရှိသည့် ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး၏ အစိတ်အပိုင်းများကို ဆက်လက်ပင့်ဆောင်ပူဇော်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။ 

Post a Comment

0 Comments