မီးဘေးကြိုတင်ကာကွယ်ရေးအတွက် သတိပေးချက်များကို နေ့စဉ်ထုတ် သတင်းစာများတွင် နေ့တိုင်းနီးပါး ဖော်ပြပေးလျက်ရှိသည်။ ရာသီဥတုသည်လည်း ပူပြင်းသော နွေရာသီသို့ ဝင်လာပြီဖြစ်သည့်အတွက် လူတိုင်း သတိပြုသင့်သည်မှာ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ဖြစ်ပေသည်။ မီးဘေးရှောင်မလောင်ခင် တားဆိုစကားနှင့်အညီ မမေ့မလျော့မပေါ့မဆသော သတိနှင့်ယှဉ်ကာ လိုက်နာဆောင်ရွက်သင့်သည်။ မိမိအိမ်ခြံဝင်း ပတ်လည်နှင့် ခြံဝင်းအတွင်း သန့်ရှင်းသပ်ရပ်စွာထားရမည်။ ဖြစ်နိုင်လျှင် အိမ်ခြံပတ်လမ်းတစ်လျှောက် မီးတားနယ်နိမိတ် သတ်မှတ်ရှင်းလင်းထားသင့်သည်။
နေအိမ်ခြံဝင်းအတွင်း မီးလောင်လွယ်သော
အရာဝတ္ထုများကို သေချာစွာ ထုပ်ပိုးသိမ်းဆည်းခြင်း၊ အသုံးပြုရန်မလိုသော ပစ္စည်းများကို
သေချာစွာ ထုပ်ပိုးသိမ်းဆည်းခြင်း၊ အသုံးမပြုလိုလျှင် စနစ်တကျစွန့်ပစ်ခြင်းများ ဆောင်ရွက်သင့်သည်။
မလိုအပ်၍ မီးရှို့ဖျက်ဆီးလိုလျှင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သို့ ကြိုတင်အကြောင်းကြားရမည်။
ခွင့်ပြုချက်ရရှိမှသာ ဆက်လက် လုပ်ဆောင်သင့်သည်။ ဤအချက်မှာ လူသိနည်းသော အချက်တစ်ချက်ဖြစ်သည်။
အသုံးမလိုသော မိမိပစ္စည်းကို မိမိဖျက်ဆီးမီးရှို့ခြင်းမှာ သာမန်အားဖြင့် ဘာမှမဖြစ်နိုင်ဟု
ထင်စရာရှိသော်လည်း မီးရှို့ရာမှ အခြားသို့ ကူးစက်လောင်ကျွမ်းမှု ဖြစ်ခဲ့လျှင် အဆိုးဆုံး
အခြေအနေသို့ ရောက်သွားပေလိမ့်မည်။
ကျေးလက်တောရွာများတွင် ထင်းမီးဖိုကို
အသုံးပြုသူများရှိနေသေးသည်။ ထို့ပြင် အလှူပွဲကြီးများရှိနေလျှင်လည်း ထင်းမီးဖိုများကို
အသုံးပြုကြသည်။ ထင်းမီးဖိုသုံးလျှင် လုံခြုံစွာကာရံခြင်း၊ ကျင်းတူး၍ အသုံးပြုခြင်းသည်
အန္တရာယ်ကင်း ပါသည်။ မြန်မာနိုင်ငံသည် ခေတ်မီနိုင်ငံအဖြစ်သို့ ချီတက်လျက်ရှိရာတွင်
အိမ်ထောင်စု အများအပြားမှာ ခေတ်နှင့်အညီ လျှပ်စစ်မီးကို အသုံးပြုလျက်ရှိသည်။ စားသောက်ရေးအတွက်
အစားအစာများကို ချက်ပြုတ်ကြော်လှော်ရာတွင် လျှပ်စစ်မီးကိုအသုံးပြုကြသည်။ လျှပ်စစ်ဓာတ်အားကို
အသုံးပြုမည့် သူတိုင်းသည် မိမိတို့၏ အဆောက်အအုံတွင် လျှပ်စစ်ဆိုင်ရာများ တပ်ဆင်ခြင်း
လုပ်ဆောင်မည်ဆိုလျှင် အမှန်တကယ်နားလည်တတ်ကျွမ်းသူပညာရှင်များ၏ အကူအညီကိုရယူသင့်သည်။
တချို့က ဈေးနှုန်းချိုသာစွာ
ဝယ်ယူရသော ပစ္စည်းများကို အသုံးပြုတတ်ကြသည်။ ဈေးနှုန်းချိုသာပြီး လက်တွေ့ အသုံးပြုရာတွင်
အဆင်မပြေသည်များရှိတတ်သည်။ ဝန်အားမျှတသည့် ဝိုင်ယာကြိုးများကို အသုံးပြုခြင်း၊ လျှပ်စီးပတ်လမ်းကို
အလိုအလျောက် ဖြတ်တောက်ပေးသော ပစ္စည်းကိရိယာများကို အသုံးပြုခြင်း၊ ဝန်အားမနိုင်လျှင်
လျှပ်စီးပတ်လမ်းကို ဖြတ်တောက်ပေးသည့် ပစ္စည်းကိရိယာများ တပ်ဆင်ခြင်းတို့သည် မီးဘေးလုံခြုံရေးအတွက်
ဖြစ်သည်။ ထိုသို့အသုံးပြုနေသည့် လျှပ်စစ်ပစ္စည်းများကို နှစ်စဉ်စစ်ဆေးပြီး အသုံးပြုရန်
မသင့်လျော်သော ဟောင်းနွမ်းခြင်း၊ ပေါက်ပြဲခြင်း၊ ဝန်အားမမျှခြင်းစသည့် အန္တရာယ်ရှိသည့်
အစိတ်အပိုင်းများကို အစားထိုး လဲလှယ်ရပေမည်။
မီးလောင်မှုစတင် ဖြစ်ပွားသည်နှင့်
တချို့နေရာများတွင် မီးအရှိန်လွန်စွာမြင့်မားပြီး ပေါက်ကွဲသံများကြားရတတ်သည်။ ထိုသို့ဖြစ်ရသည်မှာ
နေအိမ်ခြံဝင်းအတွင်း လောင်စာဆီ၊ စားသုံးဆီ၊ စက်သုံးဆီ၊ အမွှေးဆီ စသော မီးလောင်လွယ်လွန်းသော
ဆီအမျိုးမျိုးကို သိုလှောင်ထားခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းတို့ကြောင့် ဖြစ်သည်။
စီးပွားရေးအရ သတ်မှတ်စည်းကမ်းများနှင့်အညီ
အခွန်ပေးဆောင်ကာ ရောင်းဝယ်သိုလှောင်မည် ဆိုပါကလည်း နီးစပ်ရာ မီးသတ်တပ်ဖွဲ့၏ အကူအညီကို
ရယူသင့်သည်။ သာမန်လူတစ်ဦး၏အမြင်ထက် မီးသတ်တပ်ဖွဲ့ဝင်၏ အမြင်သည် မီးဘေးကြိုတင် ကာကွယ်မှုတွင်
ပိုမိုအသုံးဝင်ပါသည်။ ပစ္စည်းသိုလှောင်ပုံနည်းစနစ်၊ မီးဘေးကာကွယ်ရေးစနစ်တို့ကို မီးသတ်တပ်ဖွဲ့ဝင်များက
အကြံပေးပါလိမ့်မည်။ ထိုအကြံပေးချက်အတိုင်း လိုက်နာသင့်ပေသည်။
မြန်မာနိုင်ငံတွင် မီးလောင်မှုအများဆုံးဖြစ်ပွားနေသည်မှာ
ဈေးကြီးများဖြစ်သည်။ ဈေးများမီးလောင်မှုသည် ဆုံးရှုံးမှု ကြီးမားသည်။ ဖေဖော်ဝါရီ ၂၀
ရက် ညနေ ၃ နာရီခန့်က ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်ရှိ မြို့မနှစ်ထပ်ဈေးကြီး မီးလောင်မှုဖြစ်ပွားသည်။
ဈေးကြီးအပေါ်ထပ်ရှိ ဆိုင်ခန်း (၂၆) မှ ဝိုင်ယာရှော့ဖြစ်၍ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
မီးလောင်မှုကြောင့် ဈေးဆိုင်ခန်း ၂၁၃ ခန်း မီးလောင်ပျက်စီးပြီး ငွေကျပ် ၄၁၅ သိန်းခန့်ဆုံးရှုံးခဲ့သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ပြည်သူလူထုစုပေါင်းညီညာစွာ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သည့်အတွက်
ညနေ ၅ နာရီခွဲတွင် မီးငြှိမ်းနိုင်ခဲ့သည်။ ဖျာပုံမြို့မဈေးကြီးမှာ လွန်ခဲ့သော နှစ်
၃၀ခန့်က ဆောက်လုပ်ခဲ့သော ဈေးကြီးဖြစ်သည်။ ဤဖြစ်ရပ်ကို သင်ခန်းစာယူ၍ မြို့ရွာများရှိ
ဈေးကြီးများ၊ လူနေအိမ်ခြံ အဆောက်အအုံများကို မီးဘေးအန္တရာယ်မကျစေရေး ကြိုတင်ကာကွယ်
စောင့်ရှောက်ကြပါရန် ရေးသား လိုက်ရပေသည်။
။
0 Comments