တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသခံပြည်သူ လူနာများအား တပ်မတော်ဆေးရုံများ၌ ဆက်လက် လက်ခံကုသ

 

 


နေပြည်တော် ဖေဖော်ဝါရီ  ၂၇

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးဆိုင်ရာ အခက်အခဲများကို   တစ်ထောင့်တစ်နေရာမှ    အထောက်အကူပြုစေရန် အတွက် မြို့နယ်အသီးသီးရှိ  တပ်မတော် ဆေးရုံများနှင့် ယာယီကုသရေး ဆေးရုံများတွင် ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ၃၆၁၃၃ ဦး၊  အတွင်းလူနာ ၃၅၅ဝ  ဦးကို  တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ကျန်းမာရေး စစ်ဆေးပေးခြင်း၊  ခွဲစိတ်ရန် လိုအပ်သည့် လူနာများအား ခွဲစိတ်ပေးခြင်း၊ ဆေးရုံတက်ရောက် ကုသရန် လိုအပ်သောလူနာများကို ဆေးရုံတင်ကာ ကျန်းမာရေး စောင့်ရှောက်ပေးခြင်းများ ဆောင်ရွက်ပေးသည့်အပြင်   ဆေးရုံတက်လူနာများနှင့် လူနာစောင့်များ  နေထိုင်စားသောက်ရေး အဆင်ပြေစေရန်အတွက်ကိုပါ စီမံဆောင်ရွက်ပေးသည်။



ထိုသို့လာရောက်ကုသမှု ခံယူလျက်ရှိသည့် လူနာများအနက် အကြီးစားခွဲစိတ် ကုသရန်လိုအပ်သူ ၁၅၉၂ ဦး၊ အသေးစားခွဲစိတ် ကုသရန်လိုအပ်သူ ၈၇ဝ ဦး၊  စုစုပေါင်း၂၄၆၂ ဦးတို့ကို  ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီး စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများက အထူးကြပ်မတ် ကုသပေးလျက်ရှိသည်။ ၎င်းအပြင် ကလေးမီးဖွားရန် အခက်အခဲဖြစ်နေသည့် မွေးလူနာများကို တပ်မတော်ဆေးရုံ အသီးသီးတွင် တက်ရောက်စေလျက်ရှိပြီး ၎င်းတို့အနက် ၉ဝ၉ ဦးကို ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ကာ ၁၃၃၁ ဦးကို    သာမန်မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့်  ယနေ့အထိ   ကလေးငယ် ၂၂၄ဝ ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့သည်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦး လွင်မြို့ရှိ တပ်မတော်ဆေးရုံနှင့် ပဲခူးတိုင်း ဒေသကြီး၊ ပြည်မြို့ရှိ တပ်မတော်ဆေးရုံတို့ တွင် သွေးလိုအပ်ချက်များ အထောက်အကူဖြစ်စေရန်အတွက် ယနေ့တွင် ဆရာတော်၊ သံဃာတော်များ၊ ဒေသခံပြည်သူများနှင့် နယ်မြေခံတပ်မတော်သားများက စုပေါင်း သွေးလှူဒါန်း ပေးခဲ့ကြသည်။

ယင်းသို့    ဒေသခံပြည်သူများအား ဆေးကုသပေးနေမှု အခြေအနေများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့်    တာဝန်ရှိသူများက  သွားရောက်ကြည့်ရှု အားပေးပြီး   ဆေးရုံတက်ရောက် ကုသမှုခံယူနေသော လူနာများအတွက် စားသောက်ဖွယ်ရာများနှင့် ကျန်းမာရေး ဝန်ထမ်းများအတွက်   ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

Post a Comment

0 Comments