လွှတ်တော်ကိုယ်စားပြုကော်မတီများ ဖွဲ့စည်းဆောင်ရွက်နေမှုအပေါ် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း

 


လွှတ်တော်ကိုယ်စားပြုကော်မတီများ ဖွဲ့စည်းဆောင်ရွက်နေမှုအပေါ် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅    ရက်

၁။           ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၇ အရ ၁-၂-၂၀၂၁ ရက်နေ့မှစ၍ နိုင်ငံတော်ကို အရေးပေါ်အခြေအနေသတ်မှတ်ပြီး ပုဒ်မ ၄၁၈ (က) အရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများကို တပ်မတော် ကာကွယ်​ရေးဦးစီးချုပ်ထံ လွှဲအပ်ပြီးဖြစ်ပါသည်။ ထိုသို့လွှဲအပ်သည့်နေ့မှစ၍ လွှတ်တော် အားလုံးနှင့် ဦးစီးအဖွဲ့များ၏ ဥပဒေပြုရေး ဆိုင်ရာလုပ်ငန်းများ ရပ်ဆိုင်းထားရမည်ဟု မှတ်ယူ ရမည့်အပြင် လွှတ်တော်များ၏ သက်တမ်းကုန်ဆုံးသည့်အခါ သက်ဆိုင်ရာလွှတ်တော်များသည် အလိုအလျောက် ဖျက်သိမ်းပြီးဖြစ်သည်ဟု မှတ်ယူရမည်ဖြစ်ပါသည်။

၂။            ယခုအခါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော အထွေထွေရွေးကောက်ပွဲတွင် ပေါ်ပေါက်ခဲ့သည့် မဲမသမာမှုများနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခြင်း၊ စစ်ဆေးတွေ့ရှိချက်များကို ထုတ်ပြန်ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ သက်ဆိုင်ရာလွှတ်တော်အသီးသီးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပေးထားသော လွှတ်တော်ကိုယ်စားလှယ် အဖြစ် အသိအမှတ်ပြုလွှာများသည် မဲမသမာမှုများအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေစဉ် ကာလအတွင်း အကျိုးသက်ရောက်မှု တစ်စုံတစ်ရာမရှိကြောင်းကို အသိပေးကြေညာပြီးလည်း ဖြစ်ပါသည်။

၃။           ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကစုံစမ်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ဆဲ အဆင့်တွင် မိမိတို့ သဘောအလျောက် လွှတ်တော်ကိုယ်စားပြုကော်မတီများ ဖွဲ့စည်းခြင်း၊ ယင်းကော်မတီက ဆောင်ရွက်သည့် အစည်းအဝေးများ ပြုလုပ်ခြင်း၊ ကြေညာချက်/ အသိပေးကြေညာချက်များ ထုတ်ပြန်ခြင်း၊ ကိုယ်စားလှယ်များ ခန့်အပ်တာဝန်ပေးအပ်ခြင်း အစရှိသည့် လွှတ်တော်ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေခြင်းတို့သည် တည်ဆဲဥပဒေများအရ တရားဝင်ခြင်းမရှိကြောင်း တွေ့ရှိရပါသည်။

၄။           သို့ဖြစ်ပါ၍ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်း လွှတ်တော်အသီးသီး၏ ကိုယ်စားပြုကော်မတီအမည်ဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းများသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ လွှတ်တော်ဆိုင်ရာဥပဒေများနှင့် ညီညွတ်မှုမရှိသည့်အပြင် ၎င်းတို့၏ ထုတ်ပြန် ကြေညာချက်များသည် တရားဥပဒေစိုးမိုးရေး၊ ငြိမ်ဝပ်ပိပြားရေးနှင့် အများပြည်သူ အေးချမ်း သာယာရေးကို အန္တရာယ်ဖြစ်စေနိုင်ကြောင်းတွေ့ရှိရသဖြင့် ဆက်လက်ဆောင်ရွက်ခြင်းမပြုရန်နှင့် ဆက်လက်ဆောင်ရွက်နေပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

Post a Comment

0 Comments