ထင်ရှားကျော်ကြား ကမ္ဘာ့စာအုပ်များ(၁)

 



လူသားတွေဟာ စာရေးခြင်း၊ စာဖတ်ခြင်း၊ မှတ်တမ်းတင်ခြင်းကိုနှစ်သက်ကြပါတယ်။ ဒါကြောင့်လည်း ဒီကနေ့ အခြေအနေအထိ တိုးတက်ဖွံ့ဖြိုးလာတာပါ။

၂၁ ရာစုမှာတော့ စာအုပ်ထုတ်ဝေရေးပုံစံတွေဟာ ပြောင်းလဲလာပါပြီ။ အထူးသဖြင့် နည်းပညာဖွံ့ဖြိုး တိုးတက်လာတာနဲ့အမျှ စာအုပ်တွေကို အုပ်ရေများများထုတ်လုပ်မယ့်အစား အီလက်ထရွန်နစ်ပစ္စည်းတွေ ကနေတစ်ဆင့် ရယူဖတ်ရှုနိုင်မယ့်ပုံစံတွေနဲ့ ပိုမိုထုတ်လုပ်လာကြပါတယ်။ E-book လို့ခေါ်တဲ့ ဒီလိုမျိုး ပုံစံနဲ့ဖတ်ရှုရမယ့်စာအုပ်တွေဟာ သမားရိုးကျစာအုပ်ထုတ်ဝေမှုတွေကို ရိုက်ချိုးလိုက်ပေမယ့်လည်း လူသား တွေရဲ့ စာအုပ်ဖတ်လိုမှုစိတ်ဓာတ်ကိုတော့ ရိုက်ချိုးခြင်းငှာ မစွမ်းသာပါဘူး။

ခေတ်အဆက်ဆက်သမိုင်းကြောင်းကိုပြန်ကြည့်မယ်ဆိုရင် စာအုပ်တွေကို ပုံစံအမျိုးမျိုးနဲ့ ထုတ်လုပ်ခဲ့ကြတာ ကိုလည်း တွေ့ရမှာပါ။ ဒီထဲမှာမှ ကမ္ဘာပေါ်မှာအရွယ်အစားအကြီးဆုံးစာအုပ်၊ ဈေးနှုန်းအကြီးဆုံးစာအုပ်၊ တန်ဖိုး အထားရဆုံးစာအုပ် စသည်ဖြင့်ပုံစံအမျိုးမျိုးနဲ့ ထင်ရှားကျော်ကြားတဲ့စာအုပ်တွေအကြောင်းကို ဖော်ထုတ်တင်ပြပေးလိုက်ရပါတယ်။

ကမ္ဘာ့အရွယ်အစားအကြီးဆုံးစာအုပ်

ကမ္ဘာ့အရွယ်အစားအကြီးဆုံးစာအုပ်ကတော့ ပုံသဏ္ဌာန်အားဖြင့်ကြည့်ရင်တော့ သမားရိုးကျစာအုပ် တစ်အုပ် ပုံစံနဲ့မတူပါဘူး။ ဘာကြောင့်လဲဆိုတော့  စာရွက်တစ်ရွက်စီဟာ  ထုအားဖြင့် ၅ လက်မမှ    လက်မ၊  အလျား ၅ ပေ၊  အနံ    ပေခွဲရှိပြီး စာမျက်နှာအားဖြင့် ၁၄၆၀ နဲ့ စာရွက်ရေပေါင်း ၇၃၀ ရှိတဲ့အတွက်ဖြစ်ပါ တယ်။

ရေးထားတဲ့စာသားတွေကတော့ ထေရဝါဒဗုဒ္ဓဘာသာရဲ့စံနမူနာပြုရတဲ့ သုတ်၊ ဝိနည်း၊ အဘိဓမ္မာဆိုတဲ့ ပိဋကတ်သုံးပုံပါစာသားတွေပါပဲ။ ကျောက်စာပါစာသားတွေကို သံဃာတော်အပါး ၂၄၀၀ က နေ့မနား၊ ညမနား၊ အသံမစဲရွတ်ဖတ်တဲ့အခါ ၅ လနဲ့ ၃ ရက်ကြာမှာပြီးစီးတယ်လို့သိရပါတယ်။ လူတစ်ယောက် အနေနဲ့ ဖတ်မယ်ဆိုရင်တော့ တစ်ရက်ကို ၈ နာရီနှုန်းနဲ့ဖတ်ရင် ၁ နှစ်နဲ့ ၃ လလောက်ကြာ နိုင်တယ်လို့ ဆိုပါတယ်။

ဒီလိုကမ္ဘာ့အရွယ်အစားအကြီးဆုံး စာအုပ်ကြီးတည်ရှိတဲ့နေရာကတော့ တခြားနေရာမှာမဟုတ်ပါဘူး။ မြန်မာ နိုင်ငံသားတွေ လေးစားစံထားရတဲ့ မန္တလေးမြို့က ကုသိုလ်တော်ဘုရားဝင်းအတွင်းထဲမှာပါ။

ကမ္ဘာ့အရွယ်အစားအကြီးဆုံးစာအုပ်ဖြစ်စေတော့ရယ်လို့ ရည်ရွယ်ခြင်းအလျဉ်းမရှိဘဲ ဗုဒ္ဓမြတ်စွာဘုရားရဲ့ နှုတ်ကပါဌ်တော်တွေ ကမ္ဘာတည်သရွေ့တည်ရှိစေဖို့ဆိုတဲ့ တစ်ခုတည်းသောရည်ရွယ်ချက်နဲ့ လှူဒါန်းရေးထိုး ခဲ့သူကတော့ မင်းတုန်းမင်းကြီးဖြစ်ပါတယ်။

စတင်လှူဒါန်းစဉ်ကတော့ ကျောက်ထွင်းထားတဲ့စာလုံးတွေကို ရွှေမင်နဲ့ထပ်ပြီးရေးစေတာကြောင့် သလင်း ကျောက်ပြားတွေပေါ်မှာရှိတဲ့ စာသားတွေကို ရွှေစာအဖြစ်နဲ့ဖတ်ရှုကြရပါတယ်။ နှစ်ကာလကြာတဲ့အခါမှာ နေဒဏ်၊ မိုးဒဏ်၊ လေဒဏ်တွေကြောင့် ရွှေစာလုံးတွေပွန်းပါး ပျက်စီးတာမျိုးတွေဖြစ်လာတဲ့အခါ သီပေါမင်းက ရွှေမင်နဲ့ထပ်ပြီးရေးစေပြန်ပါတယ်။ သီပေါမင်းပါတော်မူပြီးနောက်  နယ်ချဲ့ဗြိတိသျှတွေက  ကုသိုလ်တော် ဘုရားဝင်းကို  နှစ်ပေါင်းများစွာကြာသိမ်းပိုက်လိုက်ပါတယ်။

မျိုးချစ်ပုဂ္ဂိုလ်တချို့ရဲ့ကြိုးပမ်းအားထုတ်မှုကြောင့် ကုသိုလ်တော်ဘုရားကို မြန်မာပြည်သူအများပြန်ဖူးခွင့် ရချိန်မှာတော့ သီပေါမင်းလှူဒါန်းထားခဲ့တဲ့ ကျောက်စာချပ်တွေပေါ်က တန်ဖိုးကြီးရတနာတွေနဲ့ ရွှေမင်တွေ ဟာ နယ်ချဲ့ဗြိတိသျှတို့ရဲ့ ခိုးယူမှုကြောင့် ပျောက်ဆုံးကုန်ပါတယ်။ လက်ရှိမှာတော့ ကျောက်စာချပ်တစ်ချပ်ကို ကျောက်စာတိုက်တစ်ခုအနေနဲ့ မိုးဒဏ်၊ နေဒဏ်ခံနိုင်အောင် ထားရှိထားပြီး ကုသိုလ်ရှင်၊ စေတနာရှင်များ ရဲ့ငွေအား၊ လုပ်အားနဲ့ထိန်းသိမ်းထားပါတယ်။ရောင်းခဲ့ဖူးသမျှထဲက ဈေးအကြီးဆုံးစာအုပ်

ထုတ်ဝေရောင်းချခဲ့ဖူးသမျှထဲက ကမ္ဘာ့ဈေးအကြီးဆုံးစာအုပ်ကတော့ လီယိုနာဒိုဒါဗင်ချီရေးသားထားတဲ့ Codex Leicester ဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ အဲဒီစာအုပ်ကိုပိုင်ဆိုင်ထားသူက ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ဘေဂိတ်ဖြစ်ပြီး ၁၉၉၄ ခုနှစ်မှာ ဝယ်ယူထားတာပါ။

သူဝယ်ယူစဉ်က အဲဒီစာအုပ်ရဲ့တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၈ သန်းပေးရပြီး ယနေ့ ငွေကြေး ဖောင်းပွမှုပမာဏနဲ့နှိုင်းယှဉ်မယ်ဆိုရင် အမေရိကန်ဒေါ်လာ ၅၃ သန်းကျော်ရှိပါတယ်။

ဒီစာအုပ်ဟာ အဘက်ဘက်က ဗဟုသုတနှံ့စပ်သူဖြစ်တဲ့ လီယိုနာဒိုဒါဗင်ချီရဲ့ လက်ရေးမူစာအုပ်ဖြစ်ပြီး ၁၅၀၆ ခုနှစ်ကနေ ၁၅၁၀ ပြည့်နှစ်အတွင်း ရေးသားခဲ့တာဖြစ်ပါတယ်။

လက်ရှိတည်ရှိနေဆဲဖြစ်တဲ့   လီယိုနာဒိုဒါဗင်ချီရဲ့လက်ရေးမူမှတ်စုစာအုပ်  ၂၀  ထဲကမှ  တစ်အုပ်အပါအဝင် လည်းဖြစ်နေပါတယ်။ စာမျက်နှာ ၇၂ မျက်နှာမှာ စာရွက်ရေ ၃၆ ရွက်သာပါတဲ့ အဲဒီစာအုပ်ထဲမှာ နက္ခတ္တဗေဒနဲ့ပတ်သက်တဲ့ အယူအဆသဘောတရားတွေ၊ ရေ၊ ကျောက်ခဲ၊ ကျောက်ဖြစ်ရုပ်ကြွင်းတွေရဲ့ ဂုဏ်သတ္တိတွေ၊ လေအကြောင်းနဲ့ စကြဝဠာထဲက အလင်းရောင်တွေအကြောင်းနဲ့ပတ်သက်တဲ့အချက်အလက်

တွေကို လက်ရေးမူမှတ်စုအနေနဲ့ရေးသားထားတာဖြစ်ပါတယ်။

ထူးခြားတာတစ်ခုကတော့ အဲဒီထဲမှာပါတဲ့ စာသားတွေအားလုံးကို ပုံမှန်ဘယ်မှညာရေးသားတာထက် ညာမှ ဘယ်ကို ရေးသားထားတဲ့အပြင် မှန်စာပုံစံနဲ့ရေးသားထားတာဖြစ်ပါတယ်။

 

ကမ္ဘာ့အဖိုးတန်ဆုံးစာအုပ်

 

ကမ္ဘာ့အဖိုးတန်ဆုံးစာအုပ်ကတော့ ဂူတင်ဘာ့သမ္မာကျမ်းစာဖြစ်တယ်လို့ မှတ်ယူရပါတယ်။ အဲဒီသမ္မာ ကျမ်းစာဟာ  အလွယ်တကူရွေ့လျားနိုင်တဲ့ ပုံနှိပ်လုပ်ငန်းသုံးပစ္စည်းတွေနဲ့ အစောဆုံးထုတ်လုပ်ခဲ့တဲ့ စာအုပ် ဖြစ်ပါတယ်။

အချိန်အားဖြင့် ၁၄၅၅ ခုနှစ်မှာဖြစ်ပြီး အဲဒီလိုပုံနှိပ်လုပ်ငန်းသုံးစက်ပစ္စည်းတွေကြောင့် စာအုပ်ထုတ်လုပ်မှု လျင်မြန်သွက်လက်လာသလို ယနေ့ခေတ်ပုံနှိပ်စက်မှုလုပ်ငန်းရဲ့ ရှေ့ပြေးဖြစ်လာပါတယ်။ အရင်တုန်းက ပုံနှိပ်မယ် ဆိုရင် အက္ခရာထွင်းထားတဲ့သစ်သားတုံးတွေ၊ ဒါမှမဟုတ် လက်ရေးမူတွေကိုသာ အသုံးပြုခဲ့ရတာ ကြောင့် စာအုပ်တစ်အုပ်ထွက်ရှိဖို့အတွက် အချိန်အားဖြင့် လပေါင်းများစွာကြာမြင့်ပါတယ်။

အဲဒီအချိန်တုန်းက ဂူတင်ဘာ့သမ္မာကျမ်းစာကို အုပ်ရေ ၁၈၀ သာရိုက်နှိပ်ခဲ့ပြီး ယနေ့အချိန်မှာတော့ အုပ်ရေ ၄၉ အုပ် သာကျန်ရှိတော့တဲ့အပြင် အဲဒီထဲမှာမှ ၂၁ အုပ်သာ စာမျက်နှာအစုံအလင်ပါရှိပါတော့တယ်။

လက်ရှိအချိန်မှာ ဂူတင်ဘာ့သမ္မာကျမ်းစာတွေ အားလုံးနီးပါးကို ပြတိုက်တွေ၊ စာကြည့်တိုက်တွေနဲ့ ဘာသာရေးအဖွဲ့ အစည်းတွေဆီမှာသာ တွေ့နိုင်ပါတော့တယ်။

ဒီလိုမျိုးရှားပါးလှတဲ့စာအုပ်ဖြစ်တာကြောင့် ဂူတင်ဘာ့သမ္မာကျမ်းစာအုပ်တစ်အုပ်ကို လေလံတင်မယ်ဆိုရင် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာရရှိနိုင်တဲ့အတွက် ကမ္ဘာ့အဖိုးတန်ဆုံးစာအုပ်အဖြစ် သတ်မှတ်ခံထားရ တာဖြစ်ပါတယ်။

နွေဉီး


Post a Comment

0 Comments