အရေးယူပိတ်ဆို့ထားခြင်းက မြောက်ကိုရီးယားအတွက် လူသားချင်းစာနာ ထောက်ထားမှုပြဿနာများသာ ဖြစ်လာနိုင်ဟု တောင်ကိုရီးယားသတိပေး

 


မော်စကို၊ နိုင်ငံရေး

မြောက်ကိုရီးယားနိုင်ငံအပေါ်ချမှတ်ထားသော   အရေးယူပိတ်ဆို့မှုများသည် ထိုနိုင်ငံအတွက် လူသားချင်း စာနာထောက် ထားမှုပြဿနာများသာဖြစ်လာနိုင်ကြောင်းနှင့် ထိုသို့အရေးယူပိတ်ဆို့မှု၏အကျိုးဆက်ကို ပြန်လည်သုံးသပ်ရန် တောင်ကိုရီးယားပေါင်းစည်းရေးဝန်ကြီး လီအင်ယောင်းက ဖေဖော်ဝါရီ  ၂၆  ရက်တွင်  တိုက်တွန်းတောင်းဆိုသည်။

မြောက်ကိုရီးယားနိုင်ငံအပေါ် ပြင်းထန်သောအရေးယူပိတ်ဆို့မှုချမှတ်ထားသည်မှာ ငါးနှစ်ရှိပြီဖြစ်ကြောင်း၊ ထိုသို့အရေးယူပိတ်ဆို့မှုသည် မြောက်ကိုရီးယား၏ နျူကလီးယားဖျက်သိမ်းရေး လုပ်ငန်းစဉ်အပေါ် အပြုသဘော ဆောင်သော အကျိုးသက်ရောက်မှုရှိ၊ မရှိကို ပြန်လည်သုံးသပ်ရမည့်အချိန်ရောက်ပြီဖြစ်ကြောင်း လီအင်ယောင်းက  Financial Times သတင်းဌာနသို့ပြောသည်။

အရေးယူပိတ်ဆို့မှုများကြောင့် နယ်စပ်ပိတ်ဆို့မှုများကို နှစ်ဆတင်းကျပ်ထားရပြီး ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု၊ တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်ခြင်းကြောင့်   ပျက်စီးဆုံးရှုံးမှုနှင့် အလွန်အေးသောဆောင်းရာသီဖြစ်ပေါ်မှုတို့၏ အကျိုး ရလဒ်အနေဖြင့် မြောက်ကိုရီးယားနိုင်ငံသည် စားနပ်ရိက္ခာဖူလုံရေးပြဿနာများ၊    ဆေးဝါးအထောက် အပံ့ပြတ်လပ်မှုများနှင့် အခြားစီးပွားရေးဖိအားများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ ထို့ကြောင့်    တောင်ကိုရီးယားအစိုးရအနေဖြင့် မြောက်ကိုရီးယားနိုင်ငံအပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပဋိပက္ခများဖြစ်ပေါ်လာနိုင်သည့် စိုးရိမ်ပူပန်မှုများဖြင့် လေ့လာစောင့်ကြည့်ခဲ့ကြောင်း လီအင်ယောင်း ကပြောသည်။

ကိုရီးယားနှစ်နိုင်ငံကြား တစ်မူထူးခြားသော ဆက်ဆံရေးသဘောသဘာဝကို နိုင်ငံတကာ အသိုင်းအဝိုင်း ကနားလည်ကာ နှစ်နိုင်ငံကြားစီမံကိန်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများအပေါ်  ထောက်ခံသော သဘောထားရှိလိမ့်မည်ဟု  မျှော်လင့်ကြောင်း လီအင်ယောင်းက ဆက်ပြောသည်။

ထို့ကြောင့်    မြောက်ကိုရီးယားပြည်သူများ၏ သာမန်ဘဝများကို ဆိုးဆိုးရွားရွားထိခိုက်နေသော ချမှတ်ထား သည့်အရေးယူပိတ်ဆို့မှုများကို  ပြန်လည်သုံးသပ်ရန်နှင့် ပြည်သူ့အခြေခံအဆောက်အအုံစီမံကိန်းများ၊ အမြတ်အစွန်း မယူသော စီမံကိန်းများဖြင့် ၎င်းတို့ကြုံတွေ့နေရသော အခက်အခဲများကို ပြေလျော့စေရေး အတွက်  ပြောင်းလွယ်ပြင်လွယ်ရှိသည့်   နည်းလမ်းများကိုကြိုးစားရှာဖွေရန်  လီအင်ယောင်းက တိုက်တွန်း ထားကြောင်းသိရသည်။

Ref: TST

Post a Comment

0 Comments