အိမ်အပြန်ခရီးလမ်း စိတ်ရွှင်လန်းပြီ

 

 


အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်)

တပ်မတော်စစ်ရေယာဉ်များဖြင့် မလေးရှားနိုင်ငံရောက် နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်နေကြောင်း သတင်းများ တွေ့မြင်ရသည်။ COVID-19 ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း နိုင်ငံရပ်ခြားတွင် ကာလရှည်ကြာစွာ ပိတ်မိဒုက္ခခံနေရသည့် မြန်မာနိုင်ငံသားများ အနေဖြင့် မိမိတို့မြန်မာနိုင်ငံသို့ ပြန်လာသင့်ကြောင်း၊ အဆိုပါ ပြည်ပရောက် မြန်မာနိုင်ငံသားများအား အမြန်ဆုံး ပြန်လည်ခေါ်ဆောင်နိုင်ရေး စီမံဆောင်ရွက်သွားရမည် ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လမ်းညွှန်မှာကြားခဲ့သဖြင့် မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားများအား ခေါ်ဆောင်ရန် တပ်မတော် (ရေ)မှ စစ်ရေယာဉ်များသည် ဖေဖော်ဝါရီ ၁၅ ရက်တွင် ရန်ကုန်မြို့မှ မလေးရှားနိုင်ငံသို့ ထွက်ခွာခဲ့သည်။

ယခုကဲ့သို့သွားရောက် ခေါ်ယူရာတွင် စည်းစနစ်ကျနစွာ စိစစ်ပြီးမှသာ ခေါ်ယူခြင်းဖြစ်သည်။ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ဆေးတပ်ဖွဲ့များနှင့်အတူ စစ်ရေယာဉ်(မုတ္တမ)၊ ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) များလည်း ပါရှိသည်။ အရေးပေါ်ခွဲစိတ် ကုသမှုပြုလုပ်နိုင်သည့် အနေအထားအထိ ပြင်ဆင်ထားသည့်အပြင်ခရီးသည်များအတွက် သားဖွားမီးယပ်ပါရဂူ၊ ကလေးပါရဂူနှင့် အမျိုးသမီး ဆေးတပ်ဖွဲ့ဝင်များလည်း ပါရှိသည်။

COVID-19 ရောဂါပိုးရှိ၊ မရှိကိုလည်း မလေးရှားနိုင်ငံက စစ်ဆေးပေးမည့်အပြင် တပ်မတော်ဆရာဝန်များကလည်း ထပ်မံစစ်ဆေး ပေးမည်ဖြစ်သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနအနေဖြင့်လည်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ပေးပို့ထားသည့် ပြည်ပရောက် မြန်မာနိုင်ငံသား အလုပ်အကိုင်များ စာရင်းကိုကြည့်၍ မြန်မာနိုင်ငံသား ဟုတ်၊ မဟုတ် စိစစ်ခြင်းနှင့် မြန်မာနိုင်ငံ ရောက်ရှိသည့်အခါ မူရင်းနေရပ်ဒေသများသို့ သွားနိုင်ရေးအတွက် ခရီးသွား ထောက်ခံချက်ထုတ်ပေးမည်ဖြစ်သည်။ လဝကအနေဖြင့် မြန်မာနိုင်ငံသား အစစ်အမှန်များကိုသာ ခေါ်ယူမှာဖြစ်ကြောင်းလည်း ကြားသိလိုက်ရသည်။ ဘင်္ဂါလီလူမျိုးတွေကို ခေါ်ယူမည်ဟူသော သတင်းမှာလည်း လုံးဝမဟုတ်မှန်ကြောင်း လဝကအရာရှိက ခိုင်မာစွာ ပြောကြားသည်။

နေရပ်ပြန်အမျိုးသား တစ်ဦးက ''ကျွန်တော်ဘယ်လိုပြန်ရမလဲ အမြဲစဉ်းစားတယ်။ တပ်မတော်ဆိုတာ ကျွန်တော်တို့အတွက် မိဘပေါ့။ ကျွန်တော်တို့ အများကြီး ကျေးဇူးတင်ပါတယ်။ နောက်ထပ်လည်း ကျန်ခဲ့တဲ့ ကျွန်တော်တို့သူငယ်ချင်းတွေကိုလည်း  ပြန်ခေါ်စေချင်ပါတယ်။ လှိုက်လှိုက်လှဲလှဲနဲ့ ကျေးဇူးလည်း အများကြီး တင်ပါတယ်''ဟု ပြောဆိုခဲ့သည်။ ထို့အတူ နေရပ်ပြန် အမျိုးသမီးတစ်ဦးကလည်း ''ဒီလိုသင်္ဘောကြီးနဲ့ လာခေါ်တဲ့အတွက် အရမ်းပျော်ပါတယ်။ အရမ်းကျေးဇူးတင်ပါတယ်။ နောက်တစ်ခေါက်လည်း ခေါ်ပေးပါဦး။ အဲ့ဒီမှာ ယောကျ်ားလေးတွေလည်း အများကြီး ကျန်ခဲ့ပါတယ်''ဟူ၍ လည်းကောင်း၊ အခြားအမျိုးသမီး တစ်ဦးကလည်း ''ညီမက ရခိုင်ပြည်နယ် ကျောက်တော်မြို့ကနေ မလေးရှားမှာ အလုပ်လုပ်ပါတယ်။ ဒီလိုမျိုးလာခေါ်မယ်လို့လည်း တစ်ခါမှ မမျှော်လင့်ခဲ့မိပါဘူး။ တပ်မတော်ကနေပြီး ဒီလိုသင်္ဘောကြီးနဲ့ လာခေါ်လို့ အများကြီး ကျေးဇူးတင်ပါတယ်။ ဒီမှာကျန်ခဲ့တဲ့ သူတွေကိုလည်း ညီမလေးတို့လိုမျိုး ခေါ်ဆောင်ပေးပါလို့ တောင်းဆိုပါတယ်။

ဒီမှာနေရတာ ဒုက္ခတော်တော်ရောက်ပါတယ်။ ညီမလေးတို့ဆို အိမ်နဲ့ဖုန်း အဆက်အသွယ်မရတာ ရှစ်လကျော် သွားပါပြီ။ နောက်ဆို မလေးရှားကို မလာတော့ပါဘူး''ဟူ၍ လည်းကောင်း ပြောဆိုခဲ့ကြသည်။

အလုပ်သမားများကို ပြန်လည်ခေါ်ဆောင်ရန် တပ်မတော်အနေဖြင့် ၂ဝ၂ဝ  ပြည့်နှစ်ကပင် စီစဉ်ခဲ့သည်။

ယခင်အစိုးရ လက်ထက်တွင် လွှတ်တော်၌ပြန်လည် ခေါ်ဆောင်ရေး တင်ပြခဲ့သော်လည်း ပြန်လည်ခေါ်ဆောင်ရန် ခွင့်ပြုမိန့် မရရှိခဲ့ခြင်းကြောင့် အချိန်ကြာမြင့်နေခြင်း ဖြစ်သည်။ လက်ရှိနိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းတစ်ပါးသို့ ရောက်ရှိနေပြီးတော့ ဒုက္ခအခက်အခဲတွေ လပေါင်းများစွာ ံစားနေရတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လည် ခေါ်ဆောင်ဖို့အတွက် လမ်းညွှန်မှုပေးခဲ့သည်။ ထိုလမ်းညွှန်မှုအရ တပ်မတော်(ရေ)မှ ဗိုလ်မှူးချုပ်နိုင်မင်းကျော် ဦးဆောင်သည့် စစ်ရေယာဉ်(မုတ္တမ)၊ ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)နှင့် စစ်ရေယာဉ်(ဆင်ဖြူရှင်)တို့ဖြင့် ခေါ်ယူခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၂၃ ရက်တွင် မြန်မာနိုင်ငံသား ၁ဝ၈၆ ဦးအား မလေးရှား နိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများထံမှ စနစ်တကျလွှဲပြောင်း လက်ခံခဲ့ပြီး ယင်းနေ့ညနေပိုင်းတွင် မလေးရှားနိုင်ငံ လူမွတ်ရေတပ် ဆိပ်ကမ်းမှ ပြန်လည်ထွက်ခွာခဲ့ရာ ဖေဖော်ဝါရီ ၂၇ ရက် မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိပြီဖြစ်သည်။အဆိုပါ နေရပ်ပြန်မည့်သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အဝတ်အစား အသုံးအဆောင်များ ထောက်ပံ့ပေးခြင်းနှင့် လမ်းခရီးတစ်လျှောက် စားသောက်နေထိုင်ရေးများကိုလည်း ဆောင်ရွက်ပေးခဲ့သည်။ ယခုအခါ ဒုက္ခပင်လယ်တွေနှင့် ရင်ဆိုင်ခဲ့ရသည့် နေရပ်ပြန် မြန်မာနိုင်ငံသားများအား မိဘဆွေမျိုးများ၊ တပ်မတော်သား အပါအဝင် အမိမြန်မာနိုင်ငံကြီးက နွေးထွေးလှိုက်လှဲစွာ ကြိုဆိုလျက်ရှိပြီဖြစ်၍ သောကကြုံနေရသူတို့၏  အိမ်အပြန်ခရီးလမ်းကား  သောကပြေပျောက်၍ စိတ်ရွှင်လန်းပြီဖြစ်ကြောင်း ရေးသား လိုက်ရပေသည်။  

Post a Comment

0 Comments