ဆေးကုသရန် အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများသို့ တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများက သွားရောက်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်



နေပြည်တော်  ဖေဖော်ဝါရီ  ၂၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ်ဆေးရုံ၊ ယင်းမာပင်တိုက်နယ်ဆေးရုံနှင့် သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ ပြည်သူ့ဆေးရုံနှင့် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ကျောက်တံခါးပြည်သူ့ဆေးရုံနှင့် ရွှေကျင်မြို့နယ်၊  ဒုံဇရစ်ကျေးရွာ တိုက်နယ်ဆေးရုံတို့ရှိ  ဝန်ထမ်းများနှင့် လူနာရှင်များက နယ်မြေခံတပ်ရှိ တပ်မတော် ဆေးရုံမှ   ဆရာဝန်များနှင့်   သူနာပြုများ လာရောက်ကုသ ပေးနိုင်ပါရန် အကူအညီ တောင်းခံမှုကြောင့်  သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တပ်နယ်များအလိုက် တပ်မတော်ဆေးရုံမှ  တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့်   သူနာပြုများပါဝင်သော ဆေးကုသရေးအဖွဲ့အား စေလွှတ်၍ ရောဂါဝေဒနာ ခံစားနေရသည့် ဒေသခံပြည်သူများကို လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။



အဆိုပါဆေးရုံများ၌ တပ်မတော်ဆေးကုသရေး အဖွဲ့များက ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ယနေ့တွင် ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုး/အကြောရောဂါ၊ သားဖွား/မီးယပ် ရောဂါ၊   သွေးတိုးရောဂါ၊    နှလုံးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်  ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ  ဆက်လက်ဆောင်ရွက် ပေးခဲ့ကြောင်းနှင့်    ဒေသခံပြည်သူများ အနေဖြင့်လည်း အထူးပင် ကျေးဇူးတင် ဝမ်းမြောက်လျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက် ပေးနေမှုများကို တိုင်းစစ်ဌာနချုပ် အသီးသီးရှိ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ ဒေသခံပြည်သူများအား ဆေးကုသပေးထားမှု အခြေအနေများ၊ကျန်းမာရေး တိုးတက်ကောင်းမွန်မှု အခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ကာ ဒေသခံပြည်သူများအတွက်ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ပြင်ဆင်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။     

Post a Comment

0 Comments