လမ်းများအား ပိတ်ဆို့ထားပြီး ဆူပူဆန္ဒပြသူများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ဥပဒေနှင့်အညီ ဖမ်းဆီး

 



နေပြည်တော်  ဖေဖော်ဝါရီ  ၂၇

နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူ များ၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးတို့ကို ထိခိုက်ပျက်ပြားမှုနှင့် ရုန်းရင်းဆန်ခတ်မှုများ မဖြစ်ပွားစေရေးအတွက် (၈-၂-၂ဝ၂၁)ရက်နေ့မှ စ၍ မြို့နယ်အချို့တွင် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ (၁၄၄) အား  ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။ ထိုသို့ အမိန့်ထုတ်ပြန်ခဲ့ပြီးသည့်ကာလနောက်ပိုင်းတွင်လည်း  နိုင်ငံတော် ဆန့်ကျင်ရေးကို နည်းမျိုးစုံဖြင့် ကြိုးပမ်းလုပ် ဆောင်နေသည့် အခြေအနေ အရပ်ရပ်ကြောင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့ အနေဖြင့် (၂၆-၂-၂ဝ၂၁) ရက်နေ့တွင် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ (၁၄၄)ပြဋ္ဌာန်းချက်များကို ချိုးဖောက်လာပါက ထိရောက်စွာအရေးယူခြင်း ခံရမည်ကို ထပ်မံထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကမာ ရွတ်မြို့နယ် လှည်းတန်းလမ်းဆုံ၊ စမ်းချောင်း မြို့နယ်  မြေနီကုန်း  ခုံးတံတားအောက်၊ဒဂုံမြို့သစ်(မြောက်ပိုင်း) ပင်လုံရင်ပြင်၊ တာမွေမြို့နယ် ၅ ခွဆုံ၊  ကျောက်တံတားမြို့နယ်မြို့တော်ခန်းမအနီး၊ ဗဟန်းမြို့နယ် Ocean Centerရှေ့၊ စင်ကာပူသံရုံးရှေ့၊ အင်းလျားမြိုင်လမ်းထိပ်၊ ကမာရွတ်မြို့နယ် အင်းစိန်လမ်း စံရိပ်ငြိမ် မှတ်တိုင်အနီးတို့တွင် လူစုလူဝေးများ ဖြစ်ပွားခဲ့ရာ  လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် အကြိမ်ကြိမ် သတိပေးတားမြစ်ခဲ့သော်လည်း လူစုကွဲမှုမရှိသဖြင့် နေရာအချို့တွင် အသံမြည်ဗုံးဖြင့် ပစ်ခတ်လူစုခွဲခဲ့ပြီး ဆူပူ အော်ဟစ်ဆန္ဒပြသူ အမျိုးသား ၁ဝ၆ ဦး၊ အမျိုးသမီး ၆ဝ ဦး စုစုပေါင်း ၁၆၆ ဦးတို့အား ဖမ်းဆီးထိန်းသိမ်းခဲ့ရပြီး လမ်းကန့်လန့်ဖြတ် လုပ်ထားသည့် မော်တော်ယာဉ်လေးစီး၊ ရွက် ဖျင်တဲနှစ်ခုတို့အား သိမ်းဆည်း ရမိခဲ့ပါသည်။



အလားတူ  မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ၆၆ လမ်း၊ (၃၃ နှင့် ၃၄ လမ်းကြား)၊ လမ်း ၃ဝ၊ (၇၇ နှင့် ၇၈ လမ်း ကြား) မန္တလေးဘူတာကြီးအရှေ့၊ မဟာ အောင်မြေမြို့နယ် ၅၈ လမ်း၊ (၃၅ နှင့် ၃၆ လမ်းကြား)၊ မဟာမြိုင်ရပ်ကွက် ၆၂ လမ်း၊ (၃၉ နှင့် ၄ဝ လမ်းကြား) တို့တွင်လည်း လူစု လူဝေးပြုလုပ်ကာ ဆူပူအော်ဟစ်ဆန္ဒပြနေ ကြသဖြင့် နေရာအချို့တွင် အသံမြည်ဗုံးဖြင့် ပစ်ခတ်လူစုခွဲခဲ့ပြီး ဆူပူအော်ဟစ်ဆန္ဒပြသူ အမျိုးသား ၅၃ ဦး၊ အမျိုးသမီး ၃၉ ဦး စုစု ပေါင်း ၉၂ ဦးတို့အား ဖမ်းဆီးထိန်းသိမ်းခဲ့ရ ပါသည်။ 



ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ မြို့နယ် အေးသာယာရပ်ကွက် ဆင်ဖြူရာမ ပြဿဒ်ကျောင်းအတွင်း လူစုလူဝေးဖြစ်ပေါ်မှုအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက တရားဥပဒေ နှင့်အညီ သွားရောက်ထိန်းသိမ်းပြီး လူစုခွဲရန်  အကြိမ်ကြိမ် သတိပေး ပြောဆိုခဲ့သော်လည်း  လိုက်နာမှုမရှိခြင်း၊  လမ်းများအား အကြောင်းမဲ့ ပိတ်ဆို့ခြင်းများကြောင့် အသံမြည်ဗုံးဖြင့် ပစ်ခတ်လူစုခွဲခဲ့ရပြီး ဆူပူအော် ဟစ်ဆန္ဒပြသူ အမျိုးသား ၁ဝ၄ ဦး၊ အမျိုး သမီး ၆၉ ဦး   စုစုပေါင်း ၁၇၃ ဦးတို့အား  ဖမ်းဆီးထိန်းသိမ်း ခဲ့ရပါသည်။



အလားတူ   တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း၊  မြိတ်နှင့် ထားဝယ်မြို့တို့၌ လည်း ယနေ့နံနက်ပိုင်းတွင် လူစုလူဝေး ဖြစ်ပွားခဲ့၍  လုံခြုံရေး တပ်ဖွဲ့ဝင်များက အသံမြည်ဗုံးဖြင့် ပစ်ခတ်လူစုခွဲခဲ့ရပြီး ဆူပူအော် ဟစ်ဆန္ဒပြသူ  အမျိုးသားခြောက်ဦးအား ဖမ်းဆီးထိန်းသိမ်း ခဲ့ရပါသည်။

အလားတူ မကွေးတိုင်းဒေသကြီး၊ ပေါက် မြို့၌လည်း အမှုဖွင့်လှစ်ဖမ်းဆီးထိန်းသိမ်း ထားသည့် တရားခံအား ပြန်လွှတ်ပေးရေး အတွက် ပေါက်မြို့မရဲစခန်းရှေ့တွင်အင်အား ၃ဝဝ ဦးခန့်ဖြင့် ဆူပူအော်ဟစ်ဆန္ဒပြနေကြသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက မျက်ရည် ယိုဗုံးအသုံးပြု၍ လည်းကောင်း၊  ပခုက္ကူမြို့၊ သီဟိုဠ်ရှင် ဘုရားရှေ့တွင်လည်း လူစုလူဝေးများလာရောက် စုဝေးခဲ့သဖြင့် အသံမြည်ဗုံး အသုံးပြုကာ လူစုခွဲခဲ့ရပြီး ဆူပူအော်ဟစ်ဆန္ဒပြသူ အမျိုးသားခြောက်ဦးအား ဖမ်းဆီး ထိန်းသိမ်းခဲ့ရပါသည်။

အလားတူ ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်၌လည်း  ယနေ့နံနက်ပိုင်းတွင် လူစုလူဝေး ဖြစ်ပွားခဲ့၍ လုံခြုံရေး တပ်ဖွဲ့ဝင်များက အသံမြည်ဗုံးဖြင့် ပစ်ခတ်လူစုခွဲခဲ့ ရပြီး ဆူပူအော်ဟစ်ဆန္ဒပြသူ အမျိုးသားရှစ်ဦး၊ အမျိုးသမီးကိုးဦး စုစုပေါင်း ၁၇ ဦးတို့ကို ဖမ်းဆီးထိန်းသိမ်း ခဲ့ရပါသည်။

အလားတူ ကရင်ပြည်နယ် ဘားအံမြို့နှင့် မြဝတီမြို့ အမှတ်(၁)ချစ်ကြည်ရေး တံတား ထိပ်တွင်လည်း လူစုလူဝေးဖြစ်ပွားခဲ့၍ လုံခြုံရေး တပ်ဖွဲ့ဝင်များမှ လူစုခွဲခဲ့ရပြီး ဆူပူအော် ဟစ်ဆန္ဒပြသူ အမျိုးသား ၁၁ ဦး၊ အမျိုးသမီး လေးဦး စုစုပေါင်း ၁၅ ဦးတို့အား ဖမ်းဆီး ထိန်းသိမ်းခဲ့ရပါသည်။

အလားတူ ချင်းပြည်နယ် ဟားခါးမြို့တွင် လည်း လူစုလူဝေးဖြစ်ပွားခဲ့၍ လုံခြုံရေး တပ်ဖွဲ့ဝင်များက လူစုခွဲခဲ့ရပါသည်။

အလားတူ ကချင်ပြည်နယ် ဝိုင်းမော်မြို့ နယ်တွင်လည်း လူစုလူဝေး ဖြစ်ပွားခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လူစုခွဲခဲ့ရပြီး ဆူပူအော်ဟစ်ဆန္ဒပြသူ အမျိုးသမီးနှစ်ဦးအား ဖမ်းဆီး ထိန်းသိမ်းခဲ့ရပါသည်။

အလားတူ မွန်ပြည်နယ် မော်လမြိုင်မြို့တွင်လည်း လူစုလူဝေးဖြစ်ပွားခဲ့၍ လုံခြုံရေး တပ်ဖွဲ့ဝင်များက လူစုခွဲခဲ့ရပြီး ဆူပူအော်ဟစ် ဆန္ဒပြသူ အမျိုးသားနှစ်ဦးအား ဖမ်းဆီး ထိန်းသိမ်းခဲ့ရပါသည်။

ဖြစ်စဉ်ဖြစ်ရပ်များတွင် လက်ရှိဖမ်းဆီး ထိန်းသိမ်းထားရှိသူများမှ နိုင်ငံတော်အား ဆန့်ကျင်ဆန္ဒပြသည့်  ဦးစီးဦးဆောင် ပြုလုပ်သူများအား စစ်ဆေးဖော်ထုတ်ကာ ဥပဒေအရထိထိရောက်ရောက် အရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သတင်းထုတ်ပြန် အပ်ပါသည်။

Post a Comment

0 Comments