ဗန်းမော်၊ မီးလောင်မှု
ကချင်ပြည်နယ် ဗန်းမော်မြို့ ဟန်တဲရပ်ကွက် ရိုးကြီးရပ်၌ ဖေဖော်ဝါရီ ၂၂ ရက်နံနက် ၁၁ နာရီ ၅၅ မိနစ်တွင် နေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံးမှုဖြစ်ပွားကြောင်းဗန်းမော်ခရိုင် မီးသတ်ဦးစီးဌာနမှ သိရသည်။
ဖြစ်စဉ်မှာ ဗန်းမော်မြို့ ဟန်တဲရပ်ကွက်ရိုးကြီးရပ်တွင် မီးလောင်မှုဖြစ်ပွားနေကြောင်း တာဝန်သိပြည်သူ တစ်ဦးကသတင်းပို့တိုင်ကြားသဖြင့် ဗန်းမော်ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမင်းခိုင် ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ်နှင့် ရေသယ်ယာဉ် ငါးစီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ရာ မွန်းလွဲ ၁၂ နာရီ မိနစ် ၂၀တွင် မီးငြိမ်းသွားပြီး မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန်ထိခိုက်ဒဏ်ရာရ သေဆုံးခြင်းမရှိသော်လည်း ဦးမြင့်လွန် ၃၇ နှစ်ပိုင်ဆိုင်သည့် ငွေကျပ် ၄၈၀၀၀၀ တန်ဖိုးရှိ အလျား ၁၆ ပေ၊ အနံ ၂၄ ပေ သွပ်မိုးထရံကာ မြေစိုက်နေအိမ်တစ်လုံး၊ ဒေါ်သင်းသင်းအေး ၄၀ နှစ်ပိုင်ဆိုင်သည့် ငွေကျပ်၉၀၀၀၀၀ ရှိ အလျား ၂၄ ပေ၊ အနံ ၃၂ပေ သွပ်မိုးထရံကာ သမံတလင်းခင်းနေအိမ် တို့မှာ မီးလောင်ဆုံးရှုံးသွားသည်။
မီးလောင်မှုဖြစ်စဉ်အား ခရိုင်မီးသတ်ဦးစီးဌာနမှ စုံစမ်းစစ်ဆေးလျက်ရှိပြီး အမှုဖွင့်အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဗန်းမော်ခရိုင် မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။
မိုဃ်းကျ(မြစ်ကြီးနား)
0 Comments