မက္ကဆီကိုစီးတီး၊ ကျန်းမာရေး
ဆင်းရဲသောနိုင်ငံများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ပိုမိုလွယ်လင့်တကူရရှိရေးအတွက် ချမ်းသာသောနိုင်ငံများက ပြန်ကြည့်ရန် မက္ကဆီကိုနှင့်အာဂျင်တီးနားသမ္မတများက ကုလသမဂ္ဂနှင့် ချမ်းသာ သော နိုင်ငံများကို တောင်းဆိုလိုက်သည်။
ဆင်းရဲသောနိုင်ငံများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးရရှိရေးအတွက်လုပ်ဆောင်နေသည့် ကုလသမဂ္ဂ၏ ကာကွယ်ဆေးခွဲတမ်းအစီအစဉ်က အမှန်တကယ်အလုပ်မဖြစ်ကြောင်း၊ ကမ္ဘာ့ကာကွယ်ဆေး ထွက်ရှိမှု စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းက ချမ်းသာသောနိုင်ငံ ၁၀ နိုင်ငံတွင်သာ စုပုံနေကြောင်းနှင့် ထိုသို့ဖြစ်နေသည်မှာ လုံးဝညီမျှမှုမရှိကြောင်း မက္ကဆီကိုသမ္မတ အန်ဒရက်မန်နူအယ်လိုပက်အိုဘရာဒိုက ဖေဖော်ဝါရီ ၂၃ ရက် တွင်ပြောသည်။
ယခုဖြစ်နေသောအခြေအနေတွင် ကုလသမဂ္ဂကကြားဝင်စေ့စပ်ပေးသင့်ကြောင်းနှင့် လက်ရှိအနေအထားအရ ကုလသမဂ္ဂသည် အလှပန်းအိုးတစ်လုံးနှင့်အလားသဏ္ဌာန်တူနေကြောင်း မက္ကဆီကိုနိုင်ငံသို့ရောက်ရှိနေသည့် အာဂျင်တီးနားသမ္မတ အယ်ဘာတိုဖာနန်ဒက်နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် မက္ကဆီကိုသမ္မတက ပြောခြင်း ဖြစ်သည်။
မက္ကဆီကိုသမ္မတ၏ ပြောဆိုချက်များကို အာဂျင်တီးနားသမ္မတကထောက်ခံကာ ၎င်းင်းနှင့်ပြင်သစ်သမ္မတ အမ်မန်နျူယယ်မက်ခရွန်တို့က ကာကွယ်ဆေးများကို တစ်ကမ္ဘာလုံးနှင့် သက်ဆိုင်သော ကုန်ပစ္စည်းအဖြစ် သတ်မှတ်ပေးရန် ဂျီ-၂၀ အစည်းအဝေးတွင် တိုက်တွန်းသွားမည်ဖြစ်ကြောင်း ပြောထားသည်။
အောက်စဖို့မြို့အခြေစိုက် သုတေသနဌာနတစ်ခု၏လေ့လာမှုအရ မက္ကဆီကိုနိုင်ငံ၌ လူ ၁၀၀ လျှင် ၁ ဒသမ ၃ ဦးနှင့် အာဂျင်တီးနားနိုင်ငံ၌ ၁ ဒသမ ၆ ဦးနှုန်းဖြင့် ကာကွယ်ဆေးထိုးထားပြီးဖြစ်ကြောင်း သိရသည်။ သို့သော် ဗြိတိန်နိုင်ငံ၌ ၂၇ ဒသမသုညနှင့် အမေရိကန်နိုင်ငံ၌ ၁၉ ဒသမ၂ ဦးမှာ ကာကွယ်ဆေးထိုးပြီးဖြစ်ကာ တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့် ကာကွယ်ဆေးထိုးပြီးသူ ၂ ဒသမ ၇ ဦးရှိကြောင်းသိရသည်။
Ref: TST
0 Comments