ခင်ပွန်းဟောင်းအနေဖြင့် ဇနီးဟောင်းအား အိမ်အလုပ်များအတွက် နစ်နာကြေးပေးရန် ပေကျင်းတရားရုံးက သမိုင်းဝင်အမိန့်ချ

 


ပေကျင်း၊ ပြည်တွင်းရေး

တရုတ်နိုင်ငံပေကျင်းမြို့ရှိ တရားရုံး တစ်ရုံးကခင်ပွန်းဟောင်းအနေဖြင့် ကွာရှင်းခွင့်တောင်းလာသည့် ဇနီးဟောင်းအား ပေါင်းသင်းနေထိုင်စဉ် ကာလတစ်လျှောက် လုပ်ခမဲ့အိမ်အလုပ်များလုပ်ရမှုအတွက် နစ်နာကြေး ပေးရန် သမိုင်းဝင်အမိန့်ချလိုက်ကြောင်းသိရသည်။

ယခုနှစ်တွင်  စတင်အသက်ဝင်သည့် နိုင်ငံ၏တရားမဥပဒေအသစ်အရ ကွာရှင်းသော   အိမ်ထောင်ဖက်များ အနေဖြင့် နေအိမ်တွင်အိမ်အလုပ်များသာလုပ်ရပါက နစ်နာကြေးတောင်းခံပိုင်ခွင့်ရှိကြောင်း သိရသည်။

ယခုဖြစ်စဉ်တွင် ဇနီးဟောင်းဖြစ်သည့်ဝမ်သည် ခင်ပွန်းဟောင်းချန်းနှင့် အိမ်ထောင်သက်ငါးနှစ်အတွင်း ကလေးကိုပြုစု စောင့်ရှောက်ခြင်းနှင့် အိမ်အလုပ်များကိုသာလုပ်ရကြောင်း တရားစွဲဆိုလွှာတွင် ဖော်ပြ ထားသည်။

ထို့ပြင် ခင်ပွန်းဟောင်းချန်းသည် အလုပ်သွား၊ အလုပ်ပြန်မှအပနေအိမ်၏ ဝေယျာဝစ္စများတွင် မည်သို့မျှ ကူညီပေးခြင်း မရှိကြောင်း တရားစွဲဆိုလွှာတွင် ဖော်ပြချက်အရသိရသည်။

ထို့ကြောင့် ၎င်းအနေဖြင့် ကလေးပြုစုစောင့်ရှောက်မှုနှင့် အိမ်အလုပ်များလုပ်ရမှုအတွက် နစ်နာကြေးရလို ကြောင်း  ဝမ်ကလျှောက်ထားခဲ့ခြင်းဖြစ်သည်။

ယင်းနောက်တွင် တရားရုံးကဝမ်၏ လျှောက်ထားချက်ကို စစ်ဆေးမှုများလုပ်ဆောင်ကာ ချန်းအနေဖြင့် ဝမ်ကိုနစ်နာကြေး ယွမ် ၅၀၀၀၀ ပေးအပ်ရန်၊ ကလေးကို ဝမ်ကသာထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ချန်း အနေဖြင့် မယားစရိတ် တစ်လလျှင် ယွမ် ၂၀၀၀ ပေးရန် ဆုံးဖြတ်ချက်ချလိုက်သည်။

သို့သော် ဝမ်ကနစ်နာကြေးအဖြစ် ယွမ် ၁၆၀၀၀၀ တောင်းဆိုသည့်အပေါ် တရားရုံးက ယွမ် ၅၀၀၀၀ သာပေးရန် အမိန့်ချမှုအတွက် အွန်လိုင်းတွင်ဟိုးလေးတကျော်ဖြစ်သွားကြောင်း သိရသည်။

ယခုကဲ့သို့ ဆုံးဖြတ်ချက်ချရခြင်းမှာ အိမ်ထောင်သက်အပြင် အိမ်အလုပ်လုပ်ရာတွင် ဝမ်၏အားထုတ်မှု၊ ချန်း၏ ဝင်ငွေနှင့် အိမ်တွင်းကုန်ကျစရိတ်တို့အပေါ်မူတည်၍ ဆုံးဖြတ်ခြင်းဖြစ်ကြောင်း တရားသူကြီးတစ်ဦးက ပြောသည်ဟု ဒေသတွင်း သတင်းဌာနတစ်ခုကဖော်ပြထားသည်။

စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ ခန့်မှန်းချက်အရ တရုတ်အိမ်ထောင်ရှင် အမျိုးသမီးများအနေဖြင့် တစ်ရက်လျှင် လေးနာရီခန့်လုပ်ခမဲ့အိမ်အလုပ်များကိုလုပ်ရကြောင်းနှင့် ထိုပမာဏ သည် အမျိုးသားများ၏ လုပ်ဆောင်မှုထက် နှစ်ဆခွဲနှင့် ပျမ်းမျှပမာဏထက်ပိုများကြောင်း သိရသည်။

Ref: Bangkok Post

Post a Comment

0 Comments