ပလတ်စတစ်ညစ်ညမ်းမှုလို့ဆိုလိုက်တာနဲ့ ကျွန်တော်တို့တစ်တွေက ဘာတွေကိုပြေးမြင်လဲဆိုရင် အင်တာ နက်ပေါ်မှာ မကြာခဏတွေ့ရလေ့ရှိတဲ့ လိပ်ကိုပလတ်စတစ်အိတ်စွပ်နေတဲ့ပုံတွေ၊ အမှိုက်ပုံတွေမှာ ပလတ် စတစ်ဘူးခွံတွေနဲ့ ပြည့်နေတဲ့ပုံတွေကို ပြေးမြင်မိကြမှာပါ။
ဒီလိုအခြေအနေတွေကို သဘာဝပတ်ဝန်းကျင်ပြဿနာအဖြစ် အများအပြားက သိရှိထားပေမယ့်လည်း ပလတ်စတစ်တွေကလူသားတွေအတွက် ကျန်းမာရေးပြဿနာဖြစ်တယ်ဆိုတာကိုတော့ လူသိနည်းနေသေး တဲ့အတွက် သုတေသနပညာရှင်တွေက သုတေသနတွေကို အကြိမ်ကြိမ်လုပ်ဆောင်ပြီး မကြာခဏ ထုတ်ပြန် သတိပေးနေရတာပါ။
လူသားတွေအတွက် ကျန်းမာရေးဆိုးကျိုးဖြစ်စေတာကတော့ ပလတ်စတစ်အိတ်ကြီးတွေ၊ ပလတ်စတစ်ဘူး ခွံကြီးတွေ မဟုတ်ပါဘူး။ အဲဒီပလတ်စတစ်ပစ္စည်းတွေ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးရာ ကနေထွက် ပေါ်လာတဲ့ မိုက်ခရိုပလတ်စတစ်လို့ခေါ်တဲ့ ပလတ်စတစ်အမှုန်အမွှားတွေပါ။ အရွယ်အစားအားဖြင့်တော့ အလျား ၅ မီလီမီတာနဲ့အောက်ရှိပါတယ်။
ဒီလိုပလတ်စတစ်အမှုန်အမွှားတွေကို နေရာတကာမှာတွေ့နိုင်ပါတယ်။ ဥပမာ ပလတ်စတစ်အိတ်တွေ၊ ဘူးတွေပျက်စီး ရာကနေထွက်လာတာမျိုး၊ ဖိနပ်မှာပါတဲ့ အောက်ခံသားရေပြားတွေကနေ လမ်းလျှောက် လိုက်တိုင်းထွက်လာတာမျိုး၊ တာယာတွေကနေ ကားမောင်းလိုက်တိုင်း ထွက်လာတာမျိုးတွေဟာ ပလတ် စတစ်အမှုန်အမွှားတွေပါ။
ဒါ့အပြင် အထည်တွေလျှော်ဖွပ်ခြင်းကြောင့်လည်း ပလတ်စတစ်အမှုန်အမွှားတွေထွက်လာတတ်ပါသေးတယ်။ တခြား ကနေထွက်တာတော့မဟုတ်ပါဘူး။ နိုင်လွန်တို့၊ ဓာတုချည်မျှင်တို့၊ ပေါ်လီအက်စတာတို့လိုမျိုး အစတွေကနေ ထွက်လာတာပါ။ အမွေးပွကော်ဇောပေါ် လမ်းလျှောက်တာမျိုး၊ ပေါ်လီအက်စတာအစနဲ့ ဖန်တီးထားတဲ့ လိုက်ကာတွေကို အပိတ်အဖွင့် လုပ်တာမျိုးတွေကနေလည်း ပလတ်စတစ် အမှုန်အမွှားတွေ ထွက်လာစေပြန်ပါတယ်။
သေဆုံးပြီးသောင်တင်လာတဲ့ငါးတွေကို ဗိုက်ခွဲကြည့်လိုက်ရင် သူတို့ရဲ့အစာအိမ်ထဲမှာ ပလတ်စတစ်တွေနဲ့ ပြည့်နေတာကို မကြာခဏဆိုသလိုကြားဖူးမှာပါ။ ဒါဆိုရင် ပင်လယ်ထဲမှာရှိတဲ့ငါးနဲ့ ရေနေသတ္တဝါ အများစု ဟာလည်း ပလတ်စတစ်တွေကိုစားသုံးမိနေမှာပါ။ အဲဒီရေနေသတ္တဝါတွေကိုတော့ လူတွေကပြန်စားကြပါ တယ်။ ဒါကြောင့် ကျွန်တော်တို့သောက်သုံးနေတဲ့ရေတွေ၊ စားသုံးနေတဲ့အစားအစာတွေ၊ ထိတွေ့နေတဲ့ မျက်နှာပြင်တွေ အားလုံးမှာ ပလတ်စတစ်အမှုန်အမွှားတွေ ရှိနေနိုင်ပါတယ်။
အခုလက်ရှိ အနေအထားနဲ့ကြည့်ရင် ကမ္ဘာ့ကပ်ရောဂါကူးစက်ပျံ့နှံ့မှုကာကွယ်ရေးအတွက် မဖြစ်မနေအသုံးပြု နေရတဲ့ နှာခေါင်းစည်းတွေတပ်ရခြင်းကြောင့်လည်း ပတ်ဝန်းကျင်မှာ ပလတ်စတစ်အမှုန်အမွှားတွေကို ပိုများ လာစေတယ်လို့ဆိုပါတယ်။ တစ်ဖက်မှာကြည့်ပြန်ရင်လည်း ဒီလိုမျိုး နှာခေါင်းစည်းတပ်ထားခြင်းကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ပလတ်စတစ် အမှုန်အမွှားတွေကို ရှူသွင်းနိုင်ခြေကို သိသိသာသာ လျော့ကျ စေပြန်ပါတယ်။
ပလတ်စတစ်အမှုန်အမွှားတွေဟာ အသက်ရှူလမ်းကြောင်းကနေတစ်ဆင့်သော်လည်းကောင်း၊ အစာခြေစနစ် ကနေတစ်ဆင့်သော်လည်းကောင်း ကျွန်တော်တို့ရဲ့သွေးကြောထဲနဲ့ ကိုယ်တွင်းအင်္ဂါတွေဆီကို ရောက်ရှိသွား နိုင်ပါတယ်။ သီအိုရီအရဆိုရင်တော့ ဒီပလတ်စတစ် အမှုန်အမွှားတွေဟာ ဘယ်လိုကောင်းကျိုးမှမပြုနိုင်ပါဘူး။ ကိုယ်တွင်းရောင်ရမ်းတာမျိုး၊ အန္တရာယ်ရှိတဲ့ဓာတုပစ္စည်းတွေ ခန္ဓာကိုယ်တွင်း ပျော်ဝင်တာမျိုးတွေကို ဖြစ်စေ နိုင်ပါတယ်။
၂၀၁၈ ခုနှစ်မှာလုပ်တဲ့ ဟဲရီယက်-ဝါ့နဲ့ပလီမစ်တက္ကသိုလ်တို့ရဲ့ သုတေသနမှာ ဖော်ပြထားတာက ဗြိတိန်နိုင်ငံ သားတစ်ဦးဟာတစ်နှစ်ကိုဖုန်မှုန့်တွေကနေ ပလတ်စတစ်အမှုန်အမွှားအစပေါင်း ၆၈၄၁၅ ခုကိုမျိုချ မိနေတယ် လို့ဆိုပါတယ်။
အဲဒီလိုပလတ်စတစ် အမှုန်အမွှားအစတွေထဲမှာ အစားအသောက်ကနေရရှိတဲ့ ပလတ်စတစ်အမှုန်အမွှား အစပေါင်း ၅၂၀၀၀ ကိုထပ်မံထည့်သွင်း ရေတွက်ရမယ်လို့ ၂၀၁၉ ခုနှစ်ထုတ် သဘာဝပတ်ဝန်းကျင်သိပ္ပံနဲ့ နည်းပညာ ဂျာနယ်မှာ ဖော်ပြထားပါတယ်။
ဒီတော့ သုတေသနပညာရှင်တွေက ခန္ဓာကိုယ်ထဲရောက်သွားတဲ့ ပလတ်စတစ်အမှုန်အမွှားတွေကို လူတွေရဲ့ ကိုယ်ခံအားစနစ်က ဘယ်လိုတိုက်ထုတ်တယ်ဆိုတာကို ဆက်ပြီးလေ့လာကြပါတယ်။ဒီလိုလေ့လာဖို့အတွက် သုတေသီတွေက ဓာတ်ခွဲခန်းသုံး ခွက်တစ်ခုထဲမှာ ပလတ်စတစ်အမှုန်အမွှားတွေနဲ့အတူ ကိုယ်ခံအားကလာပ် စည်းတွေကို ပေါင်းထည့်လိုက်ပါတယ်။
သူတို့တွေ့လိုက်ရတာက ကိုယ်ခံအား ကလာပ်စည်းတွေဟာ ပလတ်စတစ်အမှုန်အမွှားတွေကိုသိရှိပြီး ဝိုင်းပတ်တိုက်ခိုက်ဝါးမျိုပေမယ့်လည်း အဆုံးသတ်မှာတော့ ကိုယ်ခံအားကလာပ်စည်းတွေသာ သေဆုံးသွား တဲ့ဖြစ်စဉ်ပါပဲ။ ဒီလိုမျိုး ကလာပ်စည်းတွေသေဆုံးရခြင်းဟာ အန္တရာယ်များတဲ့ ရောင်ရမ်းမှုနဲ့ဆက်စပ် နေနိုင်တယ်လို့ သုတေသီတွေက သုံးသပ်ထားပါတယ်။ စိုးရိမ်ရမယ့် နောက်ထပ်အခြေအနေတစ်ခုက တချို့သော ပလတ်စတစ်အမှုန်အမွှားတွေက လူသားတွေရဲ့သွေးကြောနဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေထဲ ဝင်ရောက်နိုင်တဲ့အထိ သေးငယ်လွန်းနေတာ ဖြစ်ပါတယ်။
သုတေသနပညာရှင်တွေဟာ ၂၀၁၈ ခုနှစ်မှာ ဥရောပ၊ ဂျပန်နဲ့ ရုရှားနိုင်ငံတို့မှလူရှစ်ဦးရဲ့ မစင်နမူနာတွေကို လေ့လာမှုတွေလုပ်ရာမှာတော့ ပလတ်စတစ်အမှုန်အမွှားတွေကို တွေ့လိုက်ရပါတယ်။ အများဆုံးကတော့ အစားအသောက်ထည့်တဲ့ဘူးတွေမှာအသုံးပြုတဲ့ ပေါ်လီပရိုပိုင်လင်းနဲ့ အဝတ်အထည်တွေမှာ အသုံးပြုတဲ့ ပေါ်လီအက်စတာအစတွေဖြစ်ပါတယ်။
ဒါကြောင့် ပလတ်စတစ်အမှုန်အမွှားတွေဟာ လူတွေရဲ့အစာခြေလမ်းကြောင်းကနေတစ်ဆင့် ဖြတ်သန်းဝင် ရောက်နိုင်စွမ်းရှိတယ်လို့ သုတေသီတွေက ကောက်ချက်ချပါတယ်။ ပထမဆုံး အူလမ်းကြောင်းမှာပလတ် စတစ်အမှုန်အမွှားတွေရှိနေတာဟာ အစာခြေခြင်းကို အထောက်အကူပြုတဲ့ အကျိုးပြုပိုးမွှားတွေ ထွက်ပေါ်မှု ကို အဟန့်အတားဖြစ်စေပါတယ်။ နောက်တစ်ချက်က ကိုယ်ခံအားကလာပ် စည်းတွေကို ပျက်စီးစေနိုင် တဲ့အတွက် လူသားတွေမှာ ကင်ဆာရောဂါ ဖြစ်နိုင်ခြေမြင့်တက်လာပါတယ်။
ပလတ်စတစ်လုပ်ရာမှာအသုံးပြုတဲ့ ဓာတုပစ္စည်းတွေကြောင့်လည်း လူသားတွေရဲ့ကျန်းမာရေးကို ဆိုးဆိုး ဝါးဝါးထိခိုက်စေပြန်ပါတယ်။ ဥပမာအားဖြင့် သံဘူးတွေရဲ့ ပလတ်စတစ် အနားသတ်မှာ တွေ့ရလေ့ရှိတဲ့ ဘစ်ဖနောအေဟာ ဟော်မုန်းတွေထွက်ရှိမှုကို ဟန့်တားနှောင့်ယှက်တဲ့အတွက်မျိုးပွားနိုင်စွမ်း ကျဆင်းတာမျိုး၊ ဦးနှောက်နဲ့အရိုးဖွံ့ဖြိုးမှုမှာ ပြဿနာဖြစ်တာမျိုးနဲ့ ကင်ဆာရောဂါဖြစ်တာမျိုးအထိဖြစ်စေနိုင်ပါတယ်။
မကြာသေးမီက အီတလီသုတေသီတွေလုပ်တဲ့ သုတေသနကနေတွေ့ရှိချက်ကတော့ အလွန်ကိုစိုးရိမ်ဖွယ် ကောင်းတဲ့ အဆင့်ဖြစ်နေတာကို တွေ့ရမှာပါ။ အဲဒီတွေ့ရှိချက်ကတော့ ကလေးမွေးပြီးနောက် သီးခြားထားရှိ ထားတဲ့အချင်းလေးခုကနေ ပလတ်စတစ်အမှုန်အမွှား အစ ၁၂ ခုပါနေတာကိုတွေ့ရခြင်းဖြစ်ပါတယ်။ တွေ့ရှိတဲ့ ပလတ်စတစ်အစ ၁၂ ခုအနက် သုံးခုက ပေါ်လီပရိုပိုင်လင်းဖြစ်ပြီး ကျန်တာတွေကတော့ လူလုပ်အိမ် သုတ် ဆေးများ၊ ကော်များ၊ ပလာစတာများနဲ့ အလှကုန်ပစ္စည်းများကနေ ဖြစ်တယ်လို့ ဆိုပါတယ်။
သုတေသနမှာပါဝင်တဲ့ အမျိုးသမီးတွေကတော့ ကျန်းမာရေးကောင်းမွန်ပါတယ်။ ဒါပေမဲ့လည်း အခုလိုမျိုး အချင်းမှာ ပလတ်စတစ်အမှုန်အမွှားတွေကိုတွေ့ရှိရမှုဟာ အလွန်တရာစိုးရိမ်ဖွယ်ကောင်းတဲ့ အချက်ဖြစ်တယ် လို့ သုတေသီတွေကပြောပါတယ်။ ဒီလိုမျိုးတွေ့ရှိမှုဟာလည်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
ဒါ့အပြင် အချင်းမှာပလတ်စတစ် အမှုန်အမွှားတွေရှိနေတာဟာ ကလေးဆီကိုအောက်ဆီဂျင် ရောက်ရှိမှု နှောင့်နှေးတာ၊ ကလေးကိုအဆိပ်သင့်စေတာမျိုးဖြစ်နိုင်ပြီး ကလေးအသေမွေးတာနဲ့ သတ်မှတ် ကိုယ်အလေး ချိန်မပြည့်တာမျိုးတွေ အထိဖြစ်နိုင်တယ်လို့ ပါမောက္ခချား(စ်)ကင်းစလန်းက သတိပေးထားပါတယ်။
နောက်ဆုံးတွေ့ရှိချက်တစ်ခုကတော့ ပလတ်စတစ်အမှုန်အမွှားတွေက ခန္ဓာကိုယ်အတွင်းကို တခြားအဆိပ် သင့်ဓာတု ပစ္စည်းတွေသယ်ဆောင်လာခြင်းပါ။ မြင်သာအောင်ပြောရမယ်ဆိုရင် ပလတ်စတစ်အစတစ်စက ရေထဲကျသွားတယ်ဆိုပါစို့။ အဲဒီလိုရေထဲကျသွားချိန်မှာ သူ့မှာရှိတဲ့ဓာတုပစ္စည်းက အင်းဆက်ပိုးမွှားတွေနဲ့ အခြား အဆိပ်သင့်အရာတွေကို သံလိုက်လိုမျိုးဆွဲယူတဲ့အတွက် ပိုးမွှားတွေနဲ့ အဆိပ်သင့်ပစ္စည်းတွေက ပလတ်စတစ်မှာ ကပ်ပါသွားပါတယ်။
ဒီလိုနည်းနဲ့ အလွန်အန္တရာယ်များတဲ့ဗက်တီးရီးယားပိုးတွေကလည်း လူသားတွေရဲ့ ခန္ဓာကိုယ်ထဲကို ရောက်ရှိ လာတာဖြစ် ပါတယ်။ ဒီကနေ့ခေတ်ကြီးမှာ ပလတ်စတစ် ညစ်ညမ်းမှုဆိုတာကို နေရာတကာမှာတွေ့ နိုင်ပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့ ကျန်းမာရေးအခြေအနေတွေကို ကိုယ်တစ်ယောက်တည်းအားနဲ့တော့ ရှောင်ရှားလို့ မရပါဘူး။ အများစုပေါင်းအားနဲ့သာ ရှောင်ရှားနိုင်ပါလိမ့်မယ်။ ကိုယ့်ဘက်ကလုပ်နိုင်တာက ကိုယ့်ကြောင့် ပလတ်စတစ်အမှုန်အမွှားတွေမထွက်ရှိစေဖို့နဲ့ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ပလတ်စတစ် အမှုန်အမွှားတွေ ကို မထိတွေ့မိစေဖို့ပါပဲ။
Source: Mail Online
ထက်မြတ်
0 Comments