မဲဘုန်း၊ ပြည်တွင်းရေး
သြစတြေးလျနိုင်ငံ၌ ဖေ့စဘွတ်ကဲ့သို့ နည်းပညာကုမ္ပဏီများအနေဖြင့် သတင်းအကြောင်းအရာ ဖော်ပြမှု အတွက် ကျသင့်ငွေပေးရမည့် ဥပဒေတစ်ရပ်ကို ဖေဖော်ဝါရီ ၂၅ ရက်တွင်အတည်ပြုကြောင်း သိရသည်။
သြစတြေးလျအစိုးရ၏ အဆိုပါဥပဒေပြဋ္ဌာန်းမှုကြောင့် အခြားနိုင်ငံများကလည်း အလားတူဥပဒေများ ပြဋ္ဌာန်း လာနိုင်ကြောင်းသိရသည်။ သတင်းမီဒီယာလုပ်ငန်းများအနေဖြင့် ၎င်းတို့ရေးသားလိုက်သည့် အကြောင်းအရာ များအတွက် မျှတသောဝန်ဆောင်ခ ပြန်လည်ရရှိစေရေးအတွက် ထိုဥပဒေကိုပြဋ္ဌာန်းခြင်းဖြစ်ကြောင်း သြစတြေးလျဘဏ္ဍာရေး ဝန်ကြီးဂျို့ဖရိုင်ဒန်ဘာ့က ပြောသည်။
အဆိုပါဥပဒေ၏ ကနဦးပုံစံတွင် မီဒီယာများအနေဖြင့် တစ်ဦးချင်းဖြစ်စေ၊ အစုအဖွဲ့ဖြင့်ဖြစ်စေ အဆိုပါ ကုမ္ပဏီများမှ ကျသင့်ငွေပေးချေမှုများကိုရရှိရမည်ဖြစ်ပြီး မီဒီယာများနှင့် ကုမ္ပဏီများအနေဖြင့် သဘောတူညီ ချက်မရရှိပါက ခုံသမာဓိဖြင့်စီရင်ရမည်ဟု ဖော်ပြထားမှုကို ဖေ့စဘွတ်နှင့်ဂူးဂဲတို့က ကန့်ကွက်သည်။
ထို့နောက် ဖေ့စဘွတ်က ပြီးခဲ့သည့်သီတင်းပတ်တွင် သြစတြေးလျနိုင်ငံရှိ သတင်းစာမျက်နှာများကို ပိတ်ချ လိုက်သော်လည်း အစိုးရကဥပဒေကိုပြန်လည်ပြင်ဆင်သဖြင့် ယခုသီတင်းပတ်တွင်ပြန်ဖွင့်ပေးထားကြောင်း အဆိုပါ ကုမ္ပဏီက ပြောသည်။
ပြင်ဆင်လိုက်သည့်အချက်မှာ ဒစ်ဂျစ်တယ်ပလက်ဖောင်းတစ်ခုသည် သတင်းမီဒီယာ လုပ်ငန်းများနှင့် စီးပွားရေးအရ သဘောတူစာချုပ်များချုပ်ဆိုခြင်းမှတစ်ဆင့် သြစတြေးလျ သတင်းမီဒီယာကဏ္ဍရပ် တည်ရေး အတွက် သိသာထင်ရှားသော ကူညီမှုပြုရမည်ဟုဖော်ပြထားခြင်း ဖြစ်သည်။
ထို့နောက် ဖေ့စဘွတ်သည် အထင်ကရသြစတြေးလျသတင်းဌာနဖြစ်သော ဆဲဗင်းဝက်(စ်) မီဒီယာနှင့် သဘောတူ စာချုပ်ချုပ်ဆိုကာ နောက်ထပ်သတင်းဌာနများနှင့်လည်း သဘောတူစာချုပ်ချုပ်ဆို သွားမည်ဟု ထုတ်ပြန်ထားသည်။
Ref: CNN
0 Comments