ဘန်ကောက်၊ ကျန်းမာရေး
ထိုင်းနိုင်ငံက တရုတ်နိုင်ငံ ဆီနိုဗက်ဘိုင်အိုတက်ကုမ္ပဏီမှဝယ်ယူထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအသုတ်ကို ဖေဖော်ဝါရီ ၂၄ ရက်တွင် လက်ခံရရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးများကို လာမည့်ရက်ပိုင်းတွင် နိုင်ငံအတွင်းထိုးနှံပေးသွားမည်ဖြစ်ကာ ကပ်ရောဂါ တိုက်ဖျက်ရေး ရှေ့တန်းရှိ ကျန်းမာရေးဝန်ထမ်းများကို ဦးစွာထိုးနှံပေးမည်ဖြစ်သည်။
ယခုကဲ့သို့ ကာကွယ်ဆေးများပေးပို့မှုနှင့် နောက်ဆက်တွဲပေးပို့လာမည့် ကာကွယ်ဆေးများအတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံကိုကျေးဇူးတင်ကြောင်း ထိုင်းဝန်ကြီးချုပ်ပရာယုချန်အိုချာက ထိုင်းလေကြောင်း လိုင်းပိုင်လေယာဉ်ပေါ်မှ ကာကွယ်ဆေးများ သယ်ဆောင်လာသော အအေးခန်းသေတ္တာကိုချနေသည့် ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိလေဆိပ်ရှိ လေယာဉ်ပြေးလမ်းပေါ်၌ပြောသည်။
ဆီနိုဗက်ဘိုင်အိုတက် ကုမ္ပဏီကပေးပို့သည့် ပထမအသုတ်တွင် ကာကွယ်ဆေးအလုံးပေါင်း နှစ်သိန်း ပါဝင်ကြောင်း သိရသည်။
ထို့ပြင် အက်စထရာဇီနီကာကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအလုံးပေါင်း ၁၁၇၀၀၀ သည် လည်း ဖေဖော်ဝါရီ ၂၄ ရက်တွင်ရောက်ရှိမည်ဖြစ်ကြောင်းနှင့် ထိုကာကွယ်ဆေးကို ပထမဆုံးထိုးနှံခွင့် ရရှိမည့်သူများတွင် ဝန်ကြီးချုပ်ပရာယုချန်အိုချာပါဝင်ကြောင်း ကျန်းမာရေးဝန်ကြီး အန်နျူတင်ချန်ဗီရာကူးက ပြီးခဲ့သည့် သီတင်းပတ်တွင်ပြောသည်။
ထိုင်းနိုင်ငံအနေဖြင့် ဆီနိုဗက်ဘိုင်အိုတက်ကုမ္ပဏီထုတ်ကာကွယ်ဆေး နောက်ထပ် ၁ ဒသမ ၈ သန်းကို မတ်လနှင့် ဧပြီလတွင်လက်ခံရရှိမည်ဟုမျှော်လင့်ရပြီး ထိုဆေးများကို ကျန်းမာရေးဝန်ထမ်းများနှင့် ရောဂါကူး စက်လွယ်သူများတွင် ထိုးပေးသွားမည်ဖြစ်သည်။
ထိုင်းအစိုးရ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုး အစီအစဉ်အရ ဇွန်လမှစ၍ တစ်လလျှင် ကာကွယ်ဆေး ၁၀ သန်း အထိထိုးနှံပေးမည်ဖြစ်ပြီး အသုံးပြုမည့် အက်စထရာဇီနီကာကုမ္ပဏီထုတ်ကာကွယ်ဆေး ၂၆ သန်း ကို ပြည်တွင်းရှိ ဆေးဝါးထုတ်လုပ်ရေးစက်ရုံ၌ ထုတ်လုပ်မည်ဖြစ်ကြောင်းနှင့် နောက်ထပ် ၃၅ သန်းကို အရန်အဖြစ်ထားရှိမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းအစိုးရသည် ယခုနှစ်အတွင်း နိုင်ငံ့လူဦးရေထက်ဝက်ကို ကာကွယ်ဆေးထိုးပေးရန် ရည်ရွယ်ထား ကြောင်းနှင့် လူထုကိုယ်ခံအားရရှိရေးအတွက် တစ်ဖက်ကကာကွယ်ဆေးများကိုထုတ်လုပ်သကဲ့သို့ တစ်ဖက် ကလည်း ကာကွယ်ဆေးများကို ပိုမိုဝယ်ယူသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ပရာယုချန်အိုချာက ပြောသည် ဟုသိရသည်။
Ref: CAN
0 Comments