နေပြည်တော် ဖေဖော်ဝါရီ ၂၅
တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအပါအဝင် လူမျိုးမရွေး၊
ဘာသာမရွေး အသက် ၆၅ နှစ်အထက်
သက်ကြီးဘိုးဘွားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများ
ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ
ယနေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊
ဗုဒ္ဓသာသနာ့သိပ္ပံကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသုမနအမှူးပြုသော
မြို့ပေါ်ကျောင်းတိုက်များမှ သံဃာတော် ၂၀ ပါးအား ပရိယတ္တိဓမ္မ ဗိမာန်တော်ကြီး၌ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ နိုင်ငံတော်ပရိယတ္တိ
သာသနာ့တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်ဆရာတော်
အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တပညာဝံသ အမှူးပြုသော သင်ကြား/စီမံ ဆရာတော်၊ သံဃာတော် ၂၀
ပါးအား အဆိုပါ တက္ကသိုလ်၌လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ
ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်ရှိ ခေတ္တဒုတိယပါမောက္ခချုပ်(သင်ကြား)ဆရာတော်
မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ
ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ အမှူးပြုသော သင်ကြား/စီမံ ဆရာတော်၊ သံဃာတော် ၂၀ ပါးအား အဆိုပါတက္ကသိုလ်၌လည်းကောင်း၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊
မဏိရတနာဘုန်းတော်ကြီး ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသောမအမှူးပြုသော ဆရာတော်၊
သံဃာတော် ၂၀ ပါးအား စစ်တွေမြို့ရှိ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌လည်းကောင်း၊ စစ်တွေမြို့၊
ရွှေနှလုံးတော် ဘုရားကျောင်းနှင့် တာဂျော်ဒိန်ဗလီဝတ် ကျောင်းတော်ကြီးတို့မှ ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်များအား သက်ဆိုင်ရာ နေရာများ၌
လည်းကောင်း တိုင်းစစ်ဌာနချုပ်အသီးသီးမှ ဆေးအဖွဲ့များက ကျန်းမာရေး စစ်ဆေးပေးပြီး COVID-19
ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးကြသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းစစ်ဌာနချုပ်များမှ ပြည်နယ်စီမံအုပ်ချုပ်ရေး
ကောင်စီဥက္ကဋ္ဌများနှင့် တိုင်းမှူးများက
သွားရောက်ကြည့်ရှု ဖူးမြော်ကြည်ညိုကြပြီး နဝကမ္မအလှူငွေများနှင့် လှူဖွယ်ပစ္စည်းများ
ဆက်ကပ် လှူဒါန်းပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်
ပေးခဲ့ကြောင်း သတင်းရရှိသည်။
0 Comments