မုန်း၍မဟူ

 



ယမန်နေ့မှအဆက်

“ကဲ....ကဲ ထောင်ကဲကြီးကို ပေးပါအေ” ဟု ဆိုလိုက်သည်။

ဝေေ၀သည် ယွန်းဗန်းအနက်ပေါ်မှ ဖိတ်လျှံကျနေသော ကော်ဖီပန်းကန်များနှင့် နှစ်ထပ်ရေခဲမုန့် ပန်းကန်တို့ ကို လှမ်းကြည့်လိုက်ကာပြန်သွားမှ ထုတ်လာတာ တော်ပါသေးရဲ့ဟုအောက်မေ့လိုက်သည်။

နတ်တော်လဆုတ် ၈ ရက်ချစ်သမီးထံ စာပြန်လိုက်သည်။ မယ်တော်ထံမှ စာကိုရရှိပြီး မယ်တော်၏ သြဝါဒကို လိုက်နာကျင့်သုံးပါမည် ဟူသောရေးသားပြန်ကြားစာအရ မယ်တော်ဝမ်းမြောက်နေသည်။

သစ္စာလေးပါး မြတ်တရားကို ဆင်ခြင်နှလုံးသွင်းစိမ့်သောငှာ မယ်တော် ညွှန်ပြပို့ချလိုပေသည်။ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာဟူ၍လေးပါးသော သစ္စာတရားတွင် ဒုက္ခသစ္စာနှင့် သမုဒယသစ္စာသည် လောကီသစ္စာဖြစ်သည်။ နိရောဓသစ္စာနှင့် မဂ္ဂသစ္စာတို့သည် လောကုတ္တရာသစ္စာမည်သည်။

ပဋိသန္ဓေနေခြင်းဆင်းရဲ၊ အိုခြင်းဆင်းရဲ၊ နာခြင်းဆင်းရဲ၊ မချစ်မနှစ်သက်သောသူနှင့် အတူတကွနေခြင်းဆင်းရဲ၊ ချစ်သောသူနှင့်သေကွဲ၊ ရှင်ကွဲ ကွဲကွာနေရခြင်းဆင်းရဲ စသောဒုက္ခတရားတို့သည် သတ္တဝါတို့အား နှိပ်စက် ကုန်သည်။

နှိပ်စက်တတ်ခြင်းခံရသော ပုဂ္ဂိုလ်တို့မှာ သက်သာသော သဘောမရှိကြပေ။ ကိုယ်တွေ့ကြုံဖူးသူမှန်သမျှ ဒုက္ခသစ္စာကို သိကြလေသည်။ မချိမဆံ့ ပူပန်ဒုက္ခရောက်အောင် ညှဉ်းဆဲတတ်သည်။ သောကပရိဒေဝ မီးတောက် လောင်စေတတ်သည်။ ဒုက္ခတရား၏ အရင်းအမြစ်ကို စစ်လျှင်တဏှာ၏ အဆွေ၊ အဝိဇ္ဇာ၏ လှည့်ဖြားမှုပင်ဖြစ်သည်။

တပ်မက်တတ်သောတဏှာသည် ဘဝသစ်သို့ ဖြစ်စေတတ်သည်။ ထိုထိုဘုံဘဝတို့၌ အလွန်နှစ်သက်လျက် တပ်မက်မောမှု၊ လိုချင်မှုတို့သည် ဒုက္ခသစ္စာကို ဖြစ်စေတတ်သော သမုဒယသစ္စာဖြစ်သည်။

တဏှာ၊ ရာဂ၊ လောဘတရားယုတ်သည် ဆင်းရဲခြင်းအစစ်အမှန်ဖြစ်သည်။ ဒုက္ခသစ္စာကို အမြဲပင်ဖြစ်စေ တတ်သည်။ အာရုံကောင်းတို့ကိုတပ်မက်လိုချင်လျက် ခံစားချင်တတ်ခြင်းမှာ သတ္တဝါပုဂ္ဂိုလ်တိုင်း ကိုယ်တွေ့ ဖြစ်ကြ၍ သိကြသည်။ ဆင်းရဲခြင်းသဘော၊ ဆင်းရဲခြင်းကိုဖြစ်စေတတ်သော သဘောဟူ၍  မသိမမြင် မဆင်ခြင်နိုင်ကြဘူး။

ဒုက္ခတရားပေါင်း၏ ချုပ်ငြိမ်းရာ နိရောဓသစ္စာ ဖြစ်သော နိဗ္ဗာန်တရားသည် လောဘတဏှာမှကင်းသည်။ ကိလေသာမှလွတ်သည်။ ငြိမ်သက်ခြင်း၊ မသေမပျောက်မရွေ့မလျားခြင်း၊ လူနတ်ဟူသော ခန္ဓာကင်းဆိတ်ခြင်း ဖြစ်သည်။ နိဗ္ဗာန်တရားတော်မြတ်သည် မဂ်ဉာဏ်ဖိုလ်ဉာဏ် ပစ္စဝေက္ခဏ ဉာဏ်ရအပ်သော အရိယာ ပုဂ္ဂိုလ်များ၏ အရာဖြစ်ကာ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းသို့မဟုတ် ကမ္ဘာအရာအထောင်ကျင့်မှ သိနိုင်သော တရားဖြစ်သည်။ ထိုနိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ကောင်းဖြစ်သော ရှစ်ပါးသော မဂ္ဂင်တရားသည် မဂ္ဂ သစ္စာဖြစ်သည်။ မဂ္ဂရှစ်ပါးသည် ဝဋ်ဒုက္ခမှ လွတ်မြောက်နိုင်သည်။ လောဘ၊ဒေါသ၊ မောဟစသော ကိလေသာ တို့ကို ပယ်နိုင်သည်။

ထိုမဂ္ဂင်ရှစ်ပါးတရားမှာ-

ကောင်းစွာမြင်ခြင်း၊

ကောင်းစွာကြံခြင်း၊

ကောင်းစွာ ပြောဆိုခြင်း၊

ကောင်းစွာအမှုလုပ်ခြင်း၊

ကောင်းစွာ အသက်မွေးခြင်း၊

ကောင်းစွာလုံ့လထုတ်ခြင်း၊

ကောင်းစွာ အောက်မေ့ခြင်း၊

ကောင်းစွာ တည်တံ့ခြင်း။

ဤမဂ္ဂင်ရှစ်ပါးတရားသည် လောကီ၊ လောကုတ္တရာနှစ်မျိုးရနိုင်ပေသည်။ မဟာကုသိုလ် ဉာဏသမ္ပယုတ် လေးပါးနှင့်ယှဉ်သော မဂ္ဂင်ရှစ်ပါးမှာ လောကီမဂ္ဂင်ဖြစ်သည်။ မဂ်စိတ်နှင့်ယှဉ်သော မဂ္ဂင်ရှစ်ပါးသည် လောကုတ္တရာမဂ္ဂင် ဖြစ်သည်။

အကျဉ်းရုံး၍ ငါ့သမီးအား အချုပ်ကို မယ်တော်ဟောပြောရမည်ဆိုလျှင် မဂ္ဂင်ရှစ်ပါး၌ အစဖြစ်သော ကောင်းစွာမြင်ခြင်း သမ္မာဒိဋ္ဌိတရားသည်အရေးကြီးဆုံး ဆိုရမည်။ ပိုင်ပိုင်နိုင်နိုင် သိဖို့အရေးကြီးပါသည် သမီး။ သမ္မာဒိဋ္ဌိ ကောင်းစွာမြင်မှ သူတော်ကောင်းအစစ်အမှန် ဖြစ်ပေလိမ့်မည်။

ငါ့သမီး၌ မှန်သောအမြင် သမ္မာဒိဋ္ဌိ မဂ္ဂင်တရားတစ်ပါးရှိနေလျှင် ကောင်းစွာအမှန်ကြံတော့သည်။ ကောင်းစွာ အမှန်စကားဆိုတော့မည်။ ကောင်းစွာ အမှုအလုပ်ပြုတော့မည်။ ကောင်းစွာ အမှန်အသက်မွေးတော့မည်။ ကောင်းစွာ အမှန်လုံ့လရှိတော့မည်။ ကောင်းစွာ အမှန်အောက်မေ့ခြင်းရှိတော့မည်။ ကောင်းစွာ အမှန်တည် တည်တံ့တံ့ ရှိတော့မည်။ အမြင်မှန် သမ္မာဒိဋ္ဌိမရှိက မိစ္ဆာဒိဋ္ဌိဖြစ်လိမ့်မည်။

အမှားမြင်လျှင် အမှားကိုကြည့်တတ်သည်။ အမှားကို ပြောတတ်သည်။ အမှားကို ပြုလုပ် တတ်သည်။ အမှားကိုပြုလုပ် အသက်မွေးတတ်သည်။ အမှားကို အားထုတ်တော့သည်။ အမှားအတိုင်း တည်တံ့ တတ်လေသည်။ လောကီမဂ္ဂင်သမ္မာဒိဋ္ဌိလူတိုင်းလူတိုင်းမမြဲကြဘူး။ ရံဖန်ရံခါ သမ္မာဒိဋ္ဌိရှိလျက် ရံဖန်ရံခါ မိစ္ဆာဒိဋ္ဌိဖြစ်နေကြသည်။ သမ္မာဒိဋ္ဌိမြဲဖို့ အရေးကြီးပေသည်။

လောကုတ္တရာ မဂ်စိတ်နှင့်ယှဉ်သည့် သမ္မာဒိဋ္ဌိမှာမူ မည်သူဖျက်ဆီး ဖျက်ဆီး မပျက်စီးတော့ပေ။ ခိုင်ခိုင်မြဲမြဲဖြစ် ပေသည်။ ချစ်သမီးသည် လောကီမဂ္ဂင်ဖြစ်သော တရားရှစ်ပါးကို နှလုံးသွင်းစေနိုင်သော်ဝ်ဟု မယ်တော် သြဒိသ မေတ္တာဖြင့် သွန်သင်သတိပေး ရေးသားလိုက်ရသည်။

သီတင်းကျွတ်လပြည့်ကျော်က မယ်တော်ရေးပို့လိုက်သော စာအတိုင်း သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟီရိ၊ သြတ္တပ္ပတရားများကို  သတိရှိပါလေ။

ဆက်လက်ဖော်ပြပါမည်။

Post a Comment

0 Comments