သတင်းထုတ်ပြန်ခြင်း





နေပြည်တော် ဖေဖော်ဝါရီ ၂၇

နိုင်ငံတော် အစိုးရအနေဖြင့် အများပြည်သူများ၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာ အေးချမ်းသာရေး တို့ကို ထိခိုက်ပျက်ပြားမှုနှင့် ရုန်းရင်းဆန်ခတ်မှုများ မဖြစ်ပွားစေရေးအတွက် (၈-၂-၂၀၂၁) ရက်နေ့မှစ၍ မြို့နယ်အချို့တွင် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ (၁၄၄)အား ထုတ်ပြန် ခဲ့ပြီးဖြစ်ပါသည်။ ထိုသို့ အမိန့်ထုတ်ပြန်ခဲ့ပြီး သည့်ကာလ နောက်ပိုင်းတွင်လည်း နိုင်ငံတော်ဆန့်ကျင်ရေးကို နည်းမျိုးစုံဖြင့်ကြိုးပမ်း လုပ်ဆောင်နေသည့် အခြေအနေအရပ်ရပ်ကြောင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့အနေဖြင့် (၂၆-၂-၂၀၂၁)ရက်နေ့တွင် ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ(၁၄၄) ပြဋ္ဌာန်းချက်များကို ချိုးဖောက်လာပါက ထိရောက်စွာအရေးယူခြင်း ခံရမည်ကို ထပ်မံထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ် မြို့နယ် လှည်းတန်းလမ်းဆုံ၊ စမ်းချောင်းမြို့နယ် မြေနီကုန်း ကုန်းတံတားအောက်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) ပင်လုံရင်ပြင်၊ တာမွေမြို့နယ် ၅ ခွဆုံ၊ ကျောက်တံတားမြို့နယ် မြို့တော်ခန်းမ အနီး၊ ဗဟန်းမြို့နယ် Ocean Center ရှေ့၊ စင်္ကာပူသံရုံးရှေ့၊ အင်လျားမြိုင်လမ်းထိပ်၊ ကမာရွတ်မြို့နယ် အင်းစိန်လမ်း၊ စံရိပ်ငြိမ်မှတ်တိုင် အနီးတို့တွင် လူစုလူဝေးများ ဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြိမ်ကြိမ်သတိပေးတားမြစ်ခဲ့ သော်လည်းလူစုကွဲမှု မရှိသဖြင့် နေရာအချို့တွင် အသံမြည်ဗုံးဖြင့် ပစ်ခတ်လူစုခွဲခဲ့ပြီး ဆူပူအော်ဟစ် ဆန္ဒပြသူ အမျိုးသား(၁၀၆)ဦး၊ အမျိုးသမီး(၆၀)ဦး၊ စုစုပေါင်း(၁၆၆)ဦးတို့အား ဖမ်းဆီးထိန်းသိမ်းခဲ့ရပြီး လမ်းကန့်လန့်ဖြတ်လုပ် ထားသည့် မော်တော်ယာဉ်(၄)စီး၊ ရွက်ဖျင်တဲ(၂)ခုတို့အား သိမ်းဆည်းရမိခဲ့ပါသည်။



အလားတူ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ၆၆ လမ်း၊ (၃၃ နှင့် ၃၄ လမ်း ကြား)၊ လမ်း ၃၀၊ (၇၇ နှင့် ၇၈ လမ်းကြား) မန္တလေးဘူတာကြီးအရှေ့၊ မဟာအောင်မြေမြို့နယ် ၅၈ လမ်း၊ (၃၅ နှင့် ၃၆ လမ်းကြား)၊ မဟာမြိုင်ရပ်ကွက် ၆၂ လမ်း၊ (၃၉ နှင့် ၄၀ လမ်းကြား) တို့တွင်လည်း လူစုလူဝေးပြုလုပ်ကာ ဆူပူအော်ဟစ်ဆန္ဒပြနေကြသဖြင့် နေရာအချို့တွင် အသံမြည် ဗုံးဖြင့် ပစ်ခတ်လူစုခွဲခဲ့ပြီး ဆူပူအော်ဟစ်ဆန္ဒပြသူ အမျိုးသား(၅၃)ဦး၊ အမျိုးသမီး(၃၉)ဦး၊ စုစု ပေါင်း(၉၂)ဦးတို့အား ဖမ်းဆီး ထိန်းသိမ်းခဲ့ရပါသည်။ ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ အေးသာယာရပ်ကွက်၊ ဆင်ဖြူရာမ ပြဿဒ်ကျောင်းအတွင်း လူစုလူဝေးဖြစ်ပေါ်မှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ တရားဥပဒေနှင့် အညီ သွားရောက်ထိန်းသိမ်းပြီး လူစုခွဲရန် အကြိမ်ကြိမ်သတိပေးပြောဆိုခဲ့သော်လည်း လိုက်နာမှု မရှိခြင်း၊ လမ်းများအား အကြောင်းမဲ့ ပိတ်ဆို့ခြင်းများကြောင့် အသံမြည်ဗုံးဖြင့် ပစ်ခတ်လူစုခွဲခဲ့ရပြီး ဆူပူအော်ဟစ် ဆန္ဒပြသူ အမျိုးသား(၁၀၄)ဦး၊ အမျိုးသမီး(၆၉)ဦး၊ စုစုပေါင်း(၁၇၃)ဦးတို့အား ဖမ်းဆီးထိန်းသိမ်းခဲ့ရပါသည်။

 




အလားတူ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း၊ မြိတ်နှင့် ထားဝယ်မြို့တို့တွင်လည်း ယနေ့နံနက်ပိုင်းတွင် လူစုလူဝေး ဖြစ်ပွားခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အသံမြည်ဗုံးဖြင့် ပစ်ခတ် လူစုခွဲခဲ့ရပြီး ဆူပူအော်ဟစ်ဆန္ဒပြသူ အမျိုးသား(၆)ဦးအား ဖမ်းဆီးထိန်းသိမ်း ခဲ့ရပါသည်။ အလားတူ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့တွင်လည်း အမှုဖွင့်လှစ် ဖမ်းဆီးထိန်းသိမ်း ထားသည့် တရာခံအား ပြန်လွှတ်ပေးရေးအတွက် ပေါက်မြို့မ ရဲစခန်းရှေ့တွင် အင်အား ၃၀၀ ဦး ခန့်ဖြင့် ဆူပူအော်ဟစ်ဆန္ဒပြနေကြသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ မျက်ရည်ယိုဗုံးအသုံးပြု၍ လည်းကောင်း၊ ပခုက္ကူမြို့၊ သီဟိုဠ်ရှင်ဘုရားရှေ့တွင်လည်း လူစုလူဝေးများ လာရောက်စုဝေးခဲ့သဖြင့် အသံမြည်ဗုံး အသုံးပြုကာ လူစုခွဲခဲ့ရပြီး ဆူပူအော်ဟစ် ဆန္ဒပြသူ အမျိုးသား(၆)ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့ရပါသည်။

 

February 27

အလားတူ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်တွင်လည်း ယနေ့နံနက်ပိုင်း တွင် လူစုလူဝေး ဖြစ်ပွားခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အသံမြည်ဗုံးဖြင့် ပစ်ခတ်လူစုခွဲခဲ့ရပြီး ဆူပူအော်ဟစ်ဆန္ဒပြသူ အမျိုးသား(၈)ဦး၊ အမျိုးသမီး(၉)ဦး၊ စုစုပေါင်း(၁၇)ဦးတို့အား ဖမ်းဆီး ထိန်းသိမ်းခဲ့ရပါသည်။ အလားတူ ကရင်ပြည်နယ်၊ ဘားအံမြို့နှင့် မြဝတီမြို့၊ အမှတ်(၁)ချစ်ကြည်ရေးတံတား ထိပ်တွင်လည်း လူစုလူဝေး ဖြစ်ပွားခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လူစုခွဲခဲ့ရပြီး ဆူပူအော်ဟစ် ဆန္ဒပြသူ အမျိုးသား (၁၁)ဦး၊ အမျိုးသမီး(၄)ဦး၊ စုစုပေါင်း(၁၅)ဦးတို့အား ဖမ်းဆီးထိန်းသိမ်းခဲ့ ရပါသည်။ အလားတူ ချင်းပြည်နယ်၊ ဟားခါးမြို့တွင်လည်း လူစုလူဝေးဖြစ်ပွားခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လူစုခွဲခဲ့ရပါသည်။ အလားတူ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင်လည်း လူစုလူဝေးဖြစ်ပွားခဲ့၍ လုံခြုံရေး တပ်ဖွဲ့ဝင်များမှ လူစုခွဲခဲ့ရပြီး ဆူပူအော်ဟစ်ဆန္ဒပြသူ အမျိုးသမီး(၂)ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့ ရပါသည်။ အလားတူ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင်လည်း လူစုလူဝေးဖြစ်ပွားခဲ့၍ လုံခြုံရေး တပ်ဖွဲ့ဝင်များမှ လူစုခွဲခဲ့ရပြီး ဆူပူအော်ဟစ် ဆန္ဒပြသူ အမျိုးသား(၂)ဦးအား ဖမ်းဆီးထိန်းသိမ်း ခဲ့ရပါသည်။ ဖြစ်စဉ်ဖြစ်ရပ်များတွင် လက်ရှိဖမ်းဆီး ထိန်းသိမ်းထားရှိသူများမှ နိုင်ငံတော်အားဆန့်ကျင် ဆန္ဒပြသည့် ဦးစီးဦးဆောင်ပြုလုပ်သူများအား စစ်ဆေး ဖော်ထုတ်ကာ ဥပဒေအရ ထိထိရောက်ရောက် အရေးယူနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

Post a Comment

0 Comments