ကိုဗစ်-၁၉ ရောဂါကပေးတဲ့ အမွေဆိုးများ

 




ကိုဗစ်-၁၉ ရောဂါဖြစ်တဲ့သူအများစုဟာ သီတင်းပတ်အနည်းငယ်မှာပဲ ပြန်လည်သက်သာပြီး ရောဂါပျောက် ကင်းသွားတာကိုတွေ့ရပါတယ်။

ဒါပေမဲ့လည်း တချို့သူတွေကျတော့ မပြင်းထန်တဲ့ရောဂါကူးစက်မှုကိုသာ ခံစားရပေမယ့် ရောဂါသက်သာ ပျောက်ကင်း သွားပြီးတဲ့နောက်မှာ နောက်ထပ်ရောဂါလက္ခဏာတွေကို ဆက်လက်ခံစားရတာတွေလည်း မြင်တွေ့နေရပါတယ်။

ဒီလိုမျိုးအခြေအနေနဲ့ ကြုံတွေ့ရသူတွေကိုတော့ ရေရှည် ကိုဗစ်-၁၉ ရောဂါလက္ခဏာစုကိုခံစားနေရသူတွေလို့ သတ်မှတ် နိုင်ပါတယ်။ အများအားဖြင့် သက်ကြီးရွယ်အိုတွေ၊ နဂိုရောဂါအခံရှိတဲ့သူတွေဟာ  ဒီလိုမျိုးရေရှည် ရောဂါလက္ခဏာစုတွေကို ခံစားရတာများပါတယ်။

သူတို့တင်မကသေးပါဘူး။ ကျန်းမာရေး ကောင်းသူတွေ၊ လူငယ်တွေဟာလည်း ဒီလိုရောဂါလက္ခဏာတွေကို ခံစားရနိုင် ခြေရှိပါတယ်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပြီဆိုရင် နောက်ဆက်တွဲခံစားရနိုင်တဲ့ ရောဂါအခြေအနေ အမျိုးပေါင်း ၁၀ မျိုးလောက်ရှိပါတယ်။ ရောဂါဖြစ်ပွားတဲ့လူပေါ်မူတည်ပြီး အားလုံးမဟုတ်တောင် တချို့ တလေတော့ဖြစ်ပွားလေ့ရှိပါတယ်။

အချိန်ကြာလာတာနဲ့အမျှ ကိုဗစ်-၁၉ ရောဂါကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲရောဂါတွေဟာလည်း အခု ထက်ပိုပြီးများလာနိုင်ပါတယ်။ လတ်တလောတွေ့ရှိထားတဲ့ နောက်ဆက်တွဲရောဂါတွေကတော့ မောပန်းခြင်း၊ အသက်ရှူရခက်ခြင်း၊ ချောင်းဆိုးခြင်း၊ အဆစ်အမျက်ကိုက်ခဲခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ကြွက်သား နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ အနံ့အရသာပျောက်ခြင်း၊ မှတ်ဉာဏ်၊ အာရုံစုစည်းမှုနဲ့ အိပ်စက်ရာတွင်အဆင်မပြေခြင်း၊ ဆံပင်ကျွတ်ခြင်းတို့ဖြစ်ပါတယ်။

ဒါ့အပြင် ကိုယ်တွင်းအင်္ဂါပျက်စီးမှုတွေအနေနဲ့ နှလုံး၊ အဆုတ်နဲ့ ဦးနှောက်တို့ပျက်စီးပြီး နှလုံးရောဂါရ လွယ်တာ၊ နာတာရှည်အသက်ရှူမဝတာ၊ အကြောသေတာ၊ ပါကင်ဆန်ရောဂါနဲ့ အယ်ဇိုင်းမား ရောဂါဖြစ်ပွားမှု တို့ကို ပိုမိုမြင့်တက်စေတာမျိုးတွေအထိလည်းဖြစ်နိုင်ပါတယ်။

အဲဒီလိုမျိုး ရောဂါလက္ခဏာတွေထဲကမှ အခုလက်ရှိသုတေသီတွေတွေ့ရှိထားတဲ့ ရောဂါလက္ခဏာတွေရဲ့ အခြေအနေကို တင်ပြလိုပါတယ်။

အနံ့အရသာပျောက်ခြင်းဆိုတာကတော့ ကိုဗစ်-၁၉ ရောဂါကြောင့် အဖြစ်အများဆုံးသော ရောဂါလက္ခဏာ စုဖြစ်တယ် ဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ။

တချို့ကလည်း အနံ့ပြန်ရပြီဆိုရင် ကိုဗစ်-၁၉ ရောဂါ ပျောက်သွားပြီလို့ မှတ်ထင်ထားတတ်ကြပါတယ်။ တကယ်တော့ အဲဒီလိုမဟုတ်ပါဘူး။ သုတေသီတွေရဲ့လေ့လာမှုအရဆိုရင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီး အနံ့အရသာပျောက်သွားကြတဲ့ လူနာတွေဟာ ရောဂါကူးစက်မှု သက်သာပျောက်ကင်းသွားသည့်တိုင် နောက်ထပ်ငါးလလောက်အထိ အဲဒီရောဂါလက္ခဏာကို ခံစားနေရနိုင်တယ်လို့သိရပါတယ်။

ဒီသုတေသနကို  လုပ်ဆောင်ခဲ့တဲ့ သုတေသီတွေကတော့ ခူးဘက်တက္ကသိုလ်မှဖြစ်ပြီး သူတို့က ကိုဗစ်-၁၉ ရောဂါကူးစက် ခံရတဲ့ ကျန်းမာရေးဝန်ထမ်း ၈၁၃ ဦးကိုလေ့လာခဲ့ပါတယ်။ အဲဒီလိုလေ့လာရာမှာ ကျန်းမာရေး ဝန်ထမ်း ၈၁၃ ဦး အနက် ၃၈ ရာခိုင်နှုန်း(သုံးပုံတစ်ပုံကျော်)က ရောဂါပျောက်ကင်းပြီးသည့်တိုင် ငါးလကြာတဲ့အထိ အနံ့အရသာ ပြန်မရတဲ့သူတွေဖြစ်တယ်လို့ ဆိုပါတယ်။လေ့လာမှုမှာပါဝင်တဲ့  ကျန်းမာရေး ဝန်ထမ်းတွေဟာ မေးထားသမျှမေးခွန်းတွေ အားလုံးကိုဖြေတဲ့အပြင်  အနံ့အရသာ ပြန်ရခြင်းရှိ၊ မရှိအတွက် လည်း နေအိမ်မှာစစ်ဆေးမှုတွေလုပ်ပါတယ်။

ဒီလိုလေ့လာမှုကိုတော့ သူတို့အနေနဲ့ ရောဂါဖြစ်ပွားပြီး ငါးလအကြာမှလုပ်ရတာဖြစ်တဲ့အတွက် ဒီရောဂါ လက္ခဏာဟာ ရောဂါဖြစ်ပွားပြီး ငါးလအထက်အထိဆက်လက်တည်ရှိနိုင်သလားဆိုတာကို သုတေသီတွေက မသိရသေးပါဘူး။

လေ့လာမှုတွေလုပ်ရာမှာ အနံ့ရရှိမှုအတိုင်းအတာကို သုညကနေ ၁၀ အထိသတ်မှတ်ထားပြီး သုညဆိုတာ ကတော့ အနံ့လုံးဝမရတဲ့အနေအထားဖြစ်ကာ ၁၀ ဆိုတာကတော့ အနံ့ကိုကောင်းစွာရပြီး ခွဲခြမ်းစိတ်ဖြာနိုင် တဲ့အဆင့်ဖြစ်ပါတယ်။ ပြီးတဲ့နောက် လေ့လာမှုကနေရတဲ့ ရလဒ်မှာတော့ ပျမ်းမျှအားဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကနေပြန်လည်သက်သာ လာသူတွေဟာ အနံ့ရရှိမှုအတိုင်းအတာ ၈ အထိရှိတာကို တွေ့ရပါ တယ်။ တကယ်တမ်းတော့ သူတို့အားလုံးဟာ ရောဂါမဖြစ်ခင်က အနံ့ရရှိမှုအတိုင်းအတာ ၉ အထိရှိသူ တွေဖြစ်ပါတယ်။

ဒီလေ့လာမှုကနေ အဓိကပေးချင်တဲ့ သတင်းစကားကတော့ ရောဂါကူးစက်ခံရပြီးနောက် ရင်ဆိုင်ရမယ့် နောက်ဆက်တွဲ အခြေအနေတွေဖြစ်တဲ့ အာရုံကြောဆိုင်ရာ အရေးပါမှုကိုသတိပြုစေချင်တာပါ။ နောက်ထပ် သုတေသနတစ်ခုရဲ့တွေ့ရှိချက်ကတော့ ရောဂါဖြစ်ပွားဖူးသူတွေကို အံ့အားသင့်သွားစေနိုင်ပါတယ်။ ဒီလို အံ့အားသင့်သွားစေတဲ့ အချက်ကတော့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားဖူးသူတွေဟာ ဆံပင်ကျွတ်တဲ့ဝေဒနာကိုပါ ခံစားရတယ် ဆိုတဲ့အချက်ဖြစ်ပါတယ်။

ဒီသုတေသနကိုတော့ သြဇာတိက္ကမကြီးမားတဲ့ ကျန်းမာရေးဂျာနယ်ဖြစ်တဲ့ လန်းစန့်မှာ ဖော်ပြထား တာဖြစ်ပါတယ်။ ဒီသုတေသနမှာပါဝင်ခဲ့သူတွေကတော့ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့မှာ ဆေးရုံတက် ရောက်ကုသမှုခံယူခဲ့တဲ့ လူနာ ၁၆၅၅ ဦးပဲဖြစ်ပါတယ်။အဲဒီလူနာ ၁၆၅၅ ဦးထဲကမှ ၂၂ ရာခိုင်နှုန်းဖြစ်တဲ့ ၃၅၉ ဦးဟာ ဆေးရုံကနေဆင်းပြီး ခြောက်လအတွင်း ဆံပင်ကျွတ် ကြတယ်လို့ဆိုပါတယ်။ ဆံပင်ကျွတ်တာကတော့ ပုံမှန်အားဖြင့် ကူးစက်ရောဂါဖြစ်တဲ့အခါခံစားရတဲ့ စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ်ကနေ အလိုအလျောက် တုံ့ပြန်မှုဖြစ်ပြီး ခဏတာမျှသာဖြစ်တယ်လို့ အရေပြားရောဂါအထူးကု ဆရာဝန်တွေက မှတ်ချက်ပြု ထားပါတယ်။

ဒါပေမဲ့ အခုလို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားတဲ့အခြေအနေမှာတော့ ဒီရောဂါဟာ အယ်လိုပီးရှာလို့ခေါ်တဲ့ ထိပ်ပြောင်တဲ့အထိဖြစ်စေတဲ့ ဆိုးဆိုးဝါးဝါး ဆံပင်ကျွတ်ခြင်းနဲ့ ဆက်စပ်နေနိုင်ဖွယ်ရှိပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတာကိုတော့ အခုသုတေသနကိုလုပ်တဲ့ တရုတ်သုတေသီတွေက သဲသဲကွဲကွဲ မသိရသေး ပါဘူး။ ဒီသုတေသနကိုလုပ်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားဖူးသူတွေအနေနဲ့ ဆေးရုံကဆင်းပြီးတဲ့နောက် ဘယ်လိုရေရှည်ရောဂါလက္ခဏာတွေ ခံစားရတယ်ဆိုတာကို သိရှိနိုင်စေဖို့ ဖြစ်ပါတယ်။

အမေရိကန်အရေပြားရောဂါ အကယ်ဒမီရဲ့ ထုတ်ပြန်ချက်အရတော့ အခုလိုဆံပင်တွေ ဆိုးဆိုးဝါးဝါး ကျွတ်ရခြင်းဟာ ဆံပင်ဖြစ်ပေါ်မှုစက်ဝန်းမှာဖြစ်ပေါ်တဲ့ အတားအဆီးကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလိုမျိုး နည်းကြောင့်ဆံပင်ကျွတ်ခြင်းဟာ ဘယ်တော့မှဆံပင်ပြန်မပေါက်စေတော့ဘဲ ထာဝရထိပ်ပြောင်နိုင်တဲ့ အထိဖြစ်စေနိုင်တယ်လို့ လန်ဒန်မြို့မှာရှိတဲ့ ဘဲဂရေးဗီးယားဌာနမှ ကျွမ်းကျင်ပညာရှင်များကလည်း သတိပေး ထားပါတယ်။

ဆံပင်ကျွမ်းကျင်ပညာရှင် အီအန်ဆားလစ်ရဲ့ အဆိုအရတော့ ကိုဗစ်-၁၉ ရောဂါက လူ့ခန္ဓာကိုယ်ကနေ   အလိုအလျောက် ကိုယ်ခံအားတုံ့ပြန်မှုကိုထွက်ရှိစေတယ်။ ထွက်လာတဲ့ကိုယ်ခံအားရဲ့ တိုက်ခိုက်မှုကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ မွေးညင်းပေါက်လေးတွေပိတ်သွားတဲ့အတွက် ဆံပင်တွေထပ်မထွက်နိုင်တော့ဘဲ ထိပ် ပြောင်ရခြင်းဖြစ်နိုင်တယ်လို့ သိရပါတယ်။ ကိုဗစ်-၁၉ ရောဂါသည် အခြားသော ကူးစက်ရောဂါတွေလိုမျိုးပဲ လူတွေရဲ့ ကိုယ်ခံအားစနစ်ကို  လှည့်စားတတ်တဲ့အတွက် အခုလိုမျိုးတွေဖြစ်ရတာလို့လည်း သူကဆက်ပြော ပါတယ်။

ရောဂါဖြစ်ပြီဆိုရင် ဘာရောဂါပဲဖြစ်ဖြစ်၊ ဘာကြောင့်ပဲဖြစ်ဖြစ် နောက်ဆက်တွဲအခြေအနေက ဘယ်လိုမှ ကောင်းနိုင်စရာ အကြောင်းမရှိပါဘူး။ အခုလိုမျိုး ကူးစက်မြန်တဲ့အပြင် နောက်ဆက်တွဲဆိုးကျိုးတွေပါများတဲ့ ကိုဗစ်-၁၉ ရောဂါဆိုရင်တော့ ပိုဆိုးပါတယ်။ ဒါကြောင့် ကိုဗစ်-၁၉ ရောဂါမှမဟုတ်ပါဘူး။ တခြားဘယ်ရောဂါ မှ ကိုယ့်ကိုမကူးစက်အောင် တစ်ကိုယ်ရေသန့်ရှင်းရေးကိုဂရုစိုက်ပြီး လိုက်နာရမယ့် ကျန်းမာရေး စည်းမျဉ်း တွေကို လိုက်နာခြင်းကသာ အကောင်းဆုံးဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။     

Ref: Mail Online

Post a Comment

0 Comments