(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ
၂၆ ရက်)
တပို့တွဲလအချိန်အခါသည် ဆောင်းရာသီ၏နောက်ဆုံးလဖြစ်ပြီး
နွေရာသီသို့ ကူးပြောင်းတော့မည့်အချိန် ဖြစ်သည်။ ဆောင်းလည်းမပီ နွေလည်းမမည်သောကာလဖြစ်သည်။
တဖွဲဖွဲကျဆင်းနေသော ငွေနှင်းမှုန်လေးများ ပြယ်စပြုလာကာ ကောင်းကင်တစ်ခွင်လုံး ဝင်းပကြည်လင်လျက်ရှိသည်။
တပို့တွဲလနှင့် ပတ်သက်၍ ကြည်နူးဖွယ်ကောင်းပုံကို စာဆိုရှင် ဦးကြော့က “ရွှေယုဂန် နန်းညိုမြက၊
စန်းခိုစလျှံလူ၊ ချမ်းဆိုမျှစံမတူသည်၊ သံယမ္ဘူသော်မှ။ မီးမယ်ဖြူး ရွှေလက်တင်သည်၊ ရေစက်တွင်အေးတဲ့သည်လ။
ဆင်ရာတိမ့် သိမ့်သိမ့်ဖြာသည်၊ ချိန်တာရာမာဃ။ ငြိမ့်သာယာထိထီကြွလို့၊ သီသီရစက်ခွင်။
ထန်းဆော်လေ လဲဝါနုငယ်နှင့်၊ ပွဲယာဂုမီးပုံးတော်တင်။ တွဲတပို့ နွှဲလို့သာဆင်သည်၊ သည်းရွှေဘွင်
တုန်ဆတ်လို့၊ ကုံမှတ်ဖွယ့်ရာသီနဂိုရ်၊ နှင်းတွဲ့တွဲ့စို။ လင်းတဲ့ပညပဟိုရ်ငယ်၊ မြမြကိုအေးပါပေါ့လေး”စသည်ဖြင့်
ရေးဖွဲ့ခဲ့သည်။
မြတ်စွာဘုရားရှင်၏လက်ထက်၌
တပို့တွဲလမှ တပေါင်းလသို့ အကူးကြား ရှစ်ရက်သည် အလွန်အေးမြသည်။ ဝိနည်းတော်အရ ဘုရားရှင်သည်
ရဟန်းတို့ကို မီးမလှုံရန်တားမြစ်ပိတ်ပင်သည်။ တားမြစ်ရခြင်းအကြောင်းမှာ မီးနှင့်မျက်စိ မသင့်ခြင်း၊ မီးလှုံခြင်းကြောင့်
အဆင်းပျက်ခြင်း၊ ခွန်အားဆုတ်ယုတ်ခြင်း၊ မီးလှုံရင်း အပေါင်းအဖော်တို့နှင့် မွေ့လျော်နေခြင်း၊
ယင်းတို့နှင့်အကျိုးမရှိသော စကားများကို ပြောဆိုခြင်းတို့ကြောင့်ဖြစ်သည်။
သို့သော် အဆိုပါတပို့တွဲကုန်
တပေါင်းလအကူး ရှစ်ရက်သည် အလွန်တရာ အေးမြသောကြောင့် ထိုရှစ်ရက်များအတွင်း ရဟန်းများ
မီးလှုံရန်ခွင့်ပြုတော် မူရုံမျှမက မိမိကိုယ်တိုင်လည်း မီးလှုံတော်မူလေ့ရှိသည်။ ဤသည်ကို
အစွဲပြု၍ မီးပုံပွဲကျင်းပခြင်း ဖြစ်ပေမည်။
တပို့တွဲလသည် ကောက်ဦးပေါ်ချိန်ဖြစ်၍
လဆန်းအချိန်မှလပြည့်နေ့တိုင်အောင် နိုင်ငံအနှံ့အပြားတွင် ထမနဲထိုးပွဲများကို ကျင်းပလေ့ရှိကြသည်။
နှမ်းဆီနှင့်နှမ်း နိုင်နိုင်ထည့်ရသည်ကို အကြောင်းပြု၍ နှမ်းမနဲဟူ၍လည်း အမည်တွင်သေးသည်။
တချို့ဒေသတွင် ယာဂုဟုခေါ်ကြသည်။ အများမတူသပ၊ သာဓုပွဲမဟာကို၊ ယာဂုထမနဲထိုးချိန်အခါကျမှ
ပျော်စရာကောင်းလှကြောင်း ရှေးစာဆိုများက ဖွဲ့ဆိုကြသည်။ ယနေ့ခေတ်ကာလတွင် တပို့တွဲဟုဆိုလိုက်သည်နှင့်
ထမနဲဟူသော ဝေါဟာရနှင့် ဆက်စပ်သိမြင်ကြသည်။ ရပ်ကွက်၊ ကျေးရွာ၊ အသင်းအဖွဲ့အလိုက် ထမနဲထိုးပွဲများကို
မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပလေ့ရှိကြပြီး နံနက်အရုဏ်တက်သည်နှင့် မြတ်ဘုရားထံ ကပ်လှူကာ
ဧည့်ပရိသတ်များကို ကျွေးမွေးဒါနပြု ကုသိုလ်ယူကြသည်။ ကောက်ညှင်းဆန်လေးပြည်၊ နှမ်းဆီတစ်ပိဿာ၊
မြေပဲဆန် ၈၀ သား၊ နှမ်း ၃၂ ကျပ်သား၊ အုန်းသီးစိတ် နှစ်ပိဿာ၊ ဆား ၇ ကျပ်သား၊ ချင်းစိမ်း
၃ ကျပ်သားတို့ကို ဒယ်အိုးတွင် နှံ့အောင်မွှေ၍ တက်ညီလက်ညီ ဝိုင်းဝန်းထိုးမွှေကြရသည်။ အကောင်းဆုံးထမနဲကို ဆုချီးမြှင့်ခြင်းဖြင့် မြန်မာတို့၏စည်းလုံးညီညွတ်ခြင်း
စိတ်ဓာတ်ကို တိုးပွားစေသည်။
တပို့တွဲလပြည့်နေ့ကို သြဝါဒပါတိမောက်
အခါတော်နေ့အဖြစ်လည်း သိမှတ်ကြသည်။ မဟာသက္ကရာဇ်၁၀၃ ခုနှစ် တပို့တွဲလပြည့်နေ့ ညဉ့်ဦးယံအခါတွင်
ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ မြတ်ဘုရားရှင်သည် ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူးလျက်
အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်နှင့် အရိယာသံဃာတော်မြတ် တစ်ထောင့်နှစ်ရာ့ ငါးကျိပ်တို့ခြံရံ၍
ဥရုဝေလကဿပရသေ့ညီနောင်ရှင် တစ်ထောင်မှ ကူးပြောင်းလာသော ရဟန္တာမြတ်များ စုံလင်စွာ ခစားလျက်ရှိစဉ်
ပထမဆုံးအချိန် သြဝါဒပါတိမောက်ကို ဟောကြားတော်မူလေသည်။
တပို့တွဲလပြည့်နေ့ဖြစ်ခြင်း၊
ဧဟိဘိက္ခုအရှင်မြတ်များဖြစ်ခြင်း၊ ဆဠာဘိည ရဟန္တာများဖြစ်ခြင်း၊ မည်သူမျှပင့်ဖိတ်သူမရှိ
အစုံအလင်<ကရောက်စုဝေးမိခြင်းဟူသော လေးပါးသောအင်္ဂါရပ်များနှင့်ပြည့်စုံနေသည်။
မြတ်ဘုရားရှင်သည် ဝါတော်
၂၀ တိုင်အောင် သီးခြားသိက္ခာပုဒ်များကို မပညတ်သေးပါ။ သာသနာ့သမိုင်း၌ ဥဒါန်းတွင်မည့်
“ခန္တီပရမံ တပေါ တိက္ခာ” စသည်တို့ဖြင့် ဆုံးမတော်မူခဲ့သည်။ ဤသြဝါဒပါတိမောက်ကို မြတ်စွာဘုရားရှင်
ကိုယ်တော်မြတ်တို့သည် အသက်ထက်ဆုံးသံဃာအား ပြသဆုံးမတော်မူကြသည်။
နှစ်ထောင့်ငါးရာသော သံဃာတော်အရှင်မြတ်များသည်
မြတ်ဘုရားဆီသို့ ဦးညွှတ်၍ နားစိုက်တော်မူကြပါသည်။ မြတ်ဘုရားကိုယ်တော်မှ ခြောက်သွယ်သော
ရောင်ခြည်တော်တို့သည် တောတောင်ရေမြေ၊ နေ၊ လနက္ခတ်တာရာတို့ကို လွှမ်းမိုးကာရှိနေလေသည်။
ခြောက်မျိုးသောရောင်ခြည်တော်များသည် စကြဝဠာအနှံ့ ပြန့်ပွားပြေးသွားလေ ဘိသကဲ့သို့ မြတ်ဘုရားရှင်ဟောမြွက်သည့်
သြဝါဒပါတိမောက်ဒေသနာကို အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသောအသံတော်ဖြင့် အကနိဋ္ဌဗြဟ္မာပြည်သို့
တိုင်အောင် လျှံ၍ ညံ၍ရှိလေသည်။ အနှစ်ချုပ်ဆိုရသော် မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကို ထားကြရန်သာ ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။
0 Comments