နေပြည်တော် ဖေဖော်ဝါရီ ၂၅
COVID-19
ရောဂါဖြစ်ပေါ်မှု အခြေအနေများကြောင့် ဗုဒ္ဓဘာသာ ဘုရားစေတီများ အပါအဝင် သက်ဆိုင်ရာ ဘာသာများအလိုက် ဘာသာရေး ကျောင်းများအား
ဖူးမြော်ခွင့်၊ ဝတ်ပြုခွင့်များ ယာယီရပ်ဆိုင်းထားရှိရာမှ COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စိတ်အေးချမ်းသာစွာ ဖူးမြော်၊
ဝတ်ပြု၊ ကြည်ညို တရားဘာဝနာ ပွားများနိုင်ရေးအတွက် ဖေဖော်ဝါရီ ၈ ရက်နေ့မှစတင်၍ ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း
သိရှိရသည်။
ထိုသို့ ပြန်လည်ဖွင့်လှစ်ထားရှိရာ ယနေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဥပ္ပါတသန္တိစေတီတော် မြတ်ကြီးတို့ အပါအဝင်ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ ဘုရားဖူးလာ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့် မိဘ ပြည်သူများသည် COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖူးမြော်ကြည်ညို ကုသိုလ်ယူလျက်ရှိကြသည်။
ထို့ပြင် နိုင်ငံတစ်ဝန်းရှိ အစ္စလာမ် ဘာသာရေးကျောင်းများ၊
ခရစ်ယာန် ဘာသာရေးကျောင်းများနှင့် ဟိန္ဒူဘာသာရေး ကျောင်းများကိုလည်း သက်ဆိုင်ရာ ဘာသာများ
အလိုက် အများပြည်သူ ဝတ်ပြုကြည်ညိုနိုင်ရေးအတွက် COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ
ဖွင့်လှစ်ထားရှိရာ သက်ဆိုင်ရာ ဘာသာဝင်များက စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စိတ်အေးချမ်းသာစွာ
လာရောက် ဝတ်ပြုလျက်ရှိကြောင်း သတင်းရရှိသည်။
0 Comments