ဘားအံ၊ လမ်းပန်းဆက်သွယ်ရေး
ကရင်ပြည်နယ် ဘားအံခရိုင် တောင်ငူ-လိပ်သို-လွိုင်ကော် ပြည်ထောင်စုလမ်းမကြီး လိပ်သိုမြို့အဝင် မိုင်တိုင် အမှတ် ၃၁ မိုင် ၃ ဖာလုံရှိ အရှည်ပေ ၄၀ ဘေလီတံတား၏ သံပေါင်ရက်မများမှာ ဆွေးမြည့်ပြီး ကျိုးနေ၍ အချိန်မရွေးကျိုးကျမည့် အနေအထားသို့ ရောက်ရှိနေသဖြင့်ခရီးသွားပြည်သူများ၊ မော်တော်ယာဉ်များ အန္တရာယ်မဖြစ်ပေါ်ရန် အချိန်မီပြုပြင် ထိန်းသိမ်းခဲ့ရကြောင်း သိရသည်။
အဆိုပါ တံတားအား ပြုပြင်ထိန်းသိမ်းရာတွင် လိပ်သိုမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်က ကြည့်ရှု စစ်ဆေးပြီး လမ်းဦးစီးဌာန မြို့အင်ဂျင်နီယာ (မြို့ပြ)ဒေါ်နုနုထွေး၏ ဦးဆောင်မှု၊ အငယ်တန်းအင်ဂျင်နီယာ-၃ (မြို့ပြ) စောမိုးထက်ထက်ကျော်၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဖေဖော်ဝါရီ ၂၂ ရက် ညနေ ၄ နာရီမှ စတင်၍ အချိန်မီ ညလုံးပေါက် ပြုပြင်ဆောင်ရွက်ကြရာ လိပ်သိုနယ်မြေစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်စောင့်ရှောက်ကြ ကြောင်း သိရသည်။
ထိုသို့ ဘေလီတံတားအားပြုပြင်နေစဉ်ဖေဖော်ဝါရီ ၂၃ ရက် နံနက်ပိုင်းတွင် မော်တော်ယာဉ်အစီး ၅၀ ကျော် ခေတ္တစောင့်ဆိုင်းခဲ့ရပြီး နံနက် ၉ နာရီခွဲတွင် ပြန်လည်ဖြတ်သန်းခွင့်ရရှိရာ ယခုအချိန်တွင် ခရီးသွားပြည်သူ များနှင့် မော်တော်ယာဉ်များ အန္တရာယ်ကင်းစွာ တံတားပေါ်မှ ဖြတ်သန်း သွားလာနေပြီဖြစ်ကြောင်း သိရသည်။
နွယ်နွယ်ခိုင်(ပြန်/ဆက်)
0 Comments