နိုင်ငံတစ်ဝန်း၌ ကုန်စည်စီးဆင်းမှုများ၊ ဈေးများနှင့် ဘဏ်များ ပုံမှန်အတိုင်းလုပ်ငန်း လည်ပတ်လျက်ရှိ



နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၆

          ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်းဒေသတွင် စက်သုံးဆီ တင်ချပြုလုပ်နိုင်သည့် ဆိပ်ခံတံတား  စုစုပေါင်း ၆ စင်းရှိပြီး အဆိုပါ ဆိပ်ခံတံတားများရှိ သိုလှောင်ကန်များတွင် ဒီဇယ်ဆီ ဂါလန် သန်းပေါင်း ၆၁ ဒသမ ၉၆၄ နှင့် ဓာတ်ဆီဂါလန် သန်းပေါင်း ၈၃ ဒသမ ၇၀၀ တို့ကို ထိန်းသိမ်းထားနိုင်သည်။



          အဆိုပါ စက်သုံးဆီသိုလှောင်ကန်များတွင် ယနေ့အထိ ထိန်းသိမ်းထားရှိသည့် ပမာဏ အနေဖြင့် ဒီဇယ်ဂါလန် သန်းပေါင်း ၃၈ ဒသမ ၈၇၈ နှင့် ဓာတ်ဆီဂါလန်သန်းပေါင်း ၃၅ ဒသမ ၆၅၆ ထိန်းသိမ်းထားရှိပြီး နေ့စဉ် ဆီတင်သင်္ဘောများမှ ကုန်ချခြင်းလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်လျက် ရှိကာ ပြည်တွင်းသို့ ပြန်လည်ဖြန့်ဖြူးခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။ မကြာမီရက်ပိုင်းအတွင်း စက်သုံးဆီတင်သင်္ဘော ၅ စင်းဖြင့် စက်သုံးဆီတန်ချိန် ၈၄၆၀၀ ခန့်ကို တံတားများ၌ ဆိုက်ကပ်၍ ကုန်ချခြင်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားရန် ရှိကြောင်း သိရှိရသည်။

          ရန်ကုန်မြို့နှင့် သီလဝါကမ်းနားဒေသတို့တွင် စားအုန်းဆီ အတင်အချပြုလုပ်နိုင်သည့် ဆိပ်ခံတံတား စုစုပေါင်း ၄ စင်းရှိပြီး သိုလှောင်ကန်များတွင် စားအုန်းဆီ စုစုပေါင်း ၇၅၀၀၀ မတ်ဒရစ်တန်ကို သိုလှောင် ထားနိုင်ကြောင်းနှင့် ယနေ့အထိ စားအုန်းဆီ စုစုပေါင်း ၂၂၀၀၀ မတ်ဒရစ်တန်ကို သိုလှောင်ထားရှိကာ နေ့စဉ်ပြန်လည် ဖြန့်ဖြူးခြင်း လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိပါသည်။ မကြာမီရက်ပိုင်းအတွင်း စားအုန်းဆီတင် သင်္ဘော ၄ စီးဖြင့် စားအုန်းဆီ တင်ချိန် ၃၂၄၅၀ ခန့်ကို အဆိုပါတံတားများတွင် ဆိုက်ကပ်၍ ကုန်ချခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။



          ရန်ကုန်မြို့ရှိ အထွေထွေကုန်ပစ္စည်းများ အတင်အချ ပြုလုပ်နိုင်သော ဆိပ်ခံတံတားများသို့ သံထည်ပစ္စည်း စုစုပေါင်း တန်ချိန် ၆၀၇၅၃ ကို သယ်ဆောင်လာသည့် သင်္ဘော ၄ စီးသည်လည်း  ဝင်ရောက် ဆိုက်ကပ်၍ ကုန်ချခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရန် ရှိကြောင်း သိရှိရသည်။

၎င်းအပြင် ပြည်ပမှ တင်သွင်းလာသည့် လူသုံးကုန်ပစ္စည်း၊ စားသောက်ကုန်ပစ္စည်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများနှင့် အထွေထွေကုန် ပစ္စည်းများအား ဆိပ်ကမ်းအသီးသီးမှ  ထုတ်ယူရှင်းလင်းခြင်းများ ပုံမှန်ဆောင်ရွက်လျက်ရှိပြီး အထွေထွေကုန်ပစ္စည်းတန်ချိန် ၆၀၇၅၃ ထပ်မံဝင်ရောက်ရန်ရှိကြောင်း သိရှိရသည်။ ပြည်ပပို့ကုန်များ ဖြစ်သည့် ဆန်၊ ပဲ၊ ပြောင်း၊ နှမ်းစသည့် ပြည်ပပို့ကုန်တင်ပို့ခြင်းလုပ်ငန်းများကိုလည်း နေ့ညမပြတ် ဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရသည်။



          CDM ပါဝင်လှုပ်ရှားသူများနှင့် အဖျက်အမှောင့်များ လုပ်ကိုင်လုပ်ဆောင်နေသူ လူတစ်စုက နိုင်ငံတစ်ဝန်းလုံး မြို့နယ်အသီးသီးရှိ ဈေးများ၊ စတိုးဆိုင်ခန်းများ၊ ဘဏ်များ ပိတ်ထားကြောင်း ကောလာဟလ သတင်းများ ထုတ်လွှင့်လျက်ရှိသည်။ ထိုသို့ ကောလာဟလ သတင်းများ ထွက်ပေါ်ခဲ့သော်လည်း နိုင်ငံတစ်ဝန်းလုံး မြို့နယ် အသီးသီးရှိ ဈေးများ၊ စတိုးဆိုင်ခန်း များမှာ မိမိတို့၏ မိသားစု စားဝတ်နေရေး အတွက် ပုံမှန်အတိုင်း အေးချမ်းစွာ ရောင်းဝယ် ဖောက်ကားလျက်ရှိကြသည်။



          ထို့အပြင် မြန်မာ့စီးပွားရေးဘဏ်များနှင့် ဘဏ်ခွဲများတွင် ပင်စင်လာရောက် ထုတ်ယူကြမည့် အငြိမ်းစား ဝန်ထမ်းများ လွယ်ကူချောမွေ့စွာ ထုတ်ယူနိုင်စေရန်အတွက်  သက်ဆိုင်ရာဘဏ်များ၌ လုံခြုံရေးများဖြင့် ဆောင်ရွက်ပေးလျက် ရှိပြီး နိုင်ငံ့ဝန်ထမ်းများ၏ လုပ်ခလစာ ထုတ်ယူရက်ဖြစ်သဖြင့်  အငြိမ်းစား ဝန်ထမ်းများအပြင် နိုင်ငံ့ဝန်ထမ်းများပါ သက်ဆိုင်ရာ ဘဏ်အသီးသီး၌ ၎င်းတို့၏လုပ်ခလစာများ အဆင်ပြေ ချောမွေ့စွာ လာရောက် ထုတ်ယူခဲ့ကြကြောင်း သတင်းရရှိသည်။


Post a Comment

0 Comments