သတင်းထုတ်ပြန်ချက်

 



၁။      မြန်မာနိုင်ငံ အခြေအနေနှင့် ပတ်သက်၍  ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms.Christine Schraner Burgener  ၏ ရှင်းလင်းမှု ပါဝင်သည့်  အထွေထွေညီလာခံ  အလွတ်သဘော အစည်းအဝေးကို ၂၆-၂-၂ဝ၂၁ ရက်နေ့  နံနက်ပိုင်းတွင်  နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၊ အထွေထွေညီလာခံ ခန်းမတွင် ကျင်းပခဲ့ပါသည်။

၂။      အဆိုပါ အစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်/ သံအမတ်ကြီး   ဦးကျော်မိုးထွန်းက NLD ဦးဆောင်သည့် ရွေးကောက်ခံ အစိုးရကို ကိုယ်စားပြုကြောင်းနှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)၏ သတင်းစကားကို မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့ပါသည်။ ယင်းသို့ပြောကြားရာတွင်တပ်မတော်အစိုးရအား ဆန့်ကျင်ရန်၊ ထိုသို့ဆန့်ကျင်သူများအား နိုင်ငံတကာမှ ပံ့ပိုးကူညီမှုများ ပေးရန်၊ CRPH ကိုထောက်ခံရန်၊ ဖမ်းဆီးခံရသူ ခေါင်းဆောင်များအား ပြန်လွှတ်ပေးရန်၊ စစ်အာဏာသိမ်းမှု အဆုံးသတ်ရေး ဆောင်ရွက်နေမှုများ ဆက်လက်ဆောင်ရွက်သွားရန် ပြောကြားခဲ့ပါသည်။

၃။      နိုင်ငံခြားရေး ဝန်ကြီးဌာနသည်  မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများသို့ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ(CRPH)မှ အီးမေးလ်နှင့် စာများ ပေးပို့ခြင်းသည် အဖျက်အမှောင့် လုပ်ဆောင်ချက်သာဖြစ်၍ အဆိုပါ စာများကို တရားဝင်လက်ခံခြင်း၊ ပြန်ကြားခြင်းနှင့် မှတ်ချက်ပြုခြင်း တစ်စုံတစ်ရာ လုံးဝမပြု (မပြု)လုပ်ရန်ညွှန်ကြားခဲ့ပြီး ဖြစ်ပါသည်။

၄။      မြန်မာအမြဲတမ်း ကိုယ်စားလှယ်/သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် နိုင်ငံတော်မှပေးအပ်သော  အမိန့်နှင့် ညွှန်ကြားချက်ကို လိုက်နာမှုမရှိဘဲ  နိုင်ငံတော်အပေါ်  သစ္စာဖောက်ဖျက်ခြင်း၊ နိုင်ငံတော်အစိုးရအား  ကိုယ်စားပြုခြင်း မရှိသည့်  တရားမဝင် အဖွဲ့အစည်းအား သစ္စာခံလျက် ကူညီကိုယ်စားပြု လှုပ်ရှားဆောင်ရွက်ခြင်း၊ အမြဲတမ်းကိုယ်စားလှယ်/မြန်မာသံအမတ်ကြီး၏ တာဝန်နှင့်လုပ်ပိုင်ခွင့်တို့ကို အလွဲသုံးစားပြုခြင်းတို့ကြောင့် ၎င်းအား၂၇-၂-၂ဝ၂၁ ရက် နံနက်ပိုင်းမှအစပြု၍ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများအရ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်(Dismissal)ခဲ့ပြီး ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

ရက်စွဲ၊ ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်

 

Post a Comment

0 Comments