သစ်တောဦးစီးဌာန တိုင်းဒေသကြီး/ပြည်နယ်တာဝန်ခံများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Virtual Meeting ဖြင့်ကျင်းပ

 


နေပြည်တော်  ဖေဖော်ဝါရီ  ၂၄

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန  တိုင်းဒေသကြီး/ပြည် နယ်တာဝန်ခံများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ သစ်တော ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အစည်းအဝေးခန်းမ၌ Virtual Meeting ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ယခုအခါ နိုင်ငံတော်အနေဖြင့် သယံဇာတများ ရေရှည်တည်တံ့ပြီး သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး၊ သစ်တောစိုက်ခင်း တည်ထောင်ခြင်းကဲ့သို့သော လုပ်ငန်းများကို အမျိုးသားရေး တာဝန် တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ သစ်ထုတ် လုပ်ခြင်းအပိုင်း၌ တရား ဝင်သစ်ထုတ်လုပ်ခြင်းဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို လိုက်နာ ရန်နှင့် တရားမဝင်သစ်ထုတ်လုပ်ခြင်း လုပ်ငန်းများကိုလည်း  ကာကွယ်တားဆီးနိုင်ရေး  ကြပ်မတ်ဆောင်ရွက် သွားရန်လိုကြောင်း။

မြန်မာနိုင်ငံ သစ်တောများပြန်လည် တည်ထောင်ရေးစီမံကိန်း (Myanmar Reforestation and Rehabilitation Programme-MRRP) ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အထိ ၁၀ နှစ်  စီမံကိန်းရေးဆွဲဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် သစ်တောဦးစီးဌာနမှ စိုက်ခင်းဧက ၂၁၅၄၀၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ဧက ၄၀၅၀၊ မြန်မာ့သစ်လုပ်ငန်းမှ ဧက ၁၅၀ စုစုပေါင်း ဧက ၂၅၇၄၀ ကို သစ်တော စိုက်ခင်းများတည်ထောင်ရန်   မြေနေရာ ရွေးချယ်ခြင်း ၁၀၀ ရာခိုင်နှုန်းပြီးစီးခဲ့ပြီး စိုက်ခင်းတည်ထောင်ရန် လိုအပ်သော ပျိုးပင် ၂၆ ဒသမ ၃၉ သန်း လျာထားရာတွင်  ၈၄  ရာခိုင်နှုန်း ပျိုးထောင်ပြီးဖြစ်ကြောင်း၊ ဌာနဆိုင်ရာနှင့် လူထုဖြန့်ပျိုးပင် ၁၀ ဒသမ ၇ သန်း လျာထားရာတွင် ၈၉ ရာခိုင်နှုန်းပျိုးထောင်ပြီးစီးပြီဖြစ်ကြောင်း။

ထို့ကြောင့် ယခု ၂၀၂၁ ခုနှစ် မိုးရာသီ အတွက် သစ်တောစိုက်ခင်းများတည်ထောင် ခြင်းလုပ်ငန်းစဉ်အတွက်    အသင့်ဖြစ်နေသည့် အခြေအနေတွေ့ရှိရကြောင်း၊ ၂၀၂၁ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းနှင့်လူထု ဖြန့်ပျိုး ပင်များ  ပြုစုပျိုးထောင်ဖြန့်ဝေခြင်း လုပ်ငန်းများကိုလည်း လျာထားချက်များအတိုင်း ပြည့်မီအောင်ဆောင် ရွက်သွားရန်နှင့် ကျန်ရှိသည့်လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း၊  ၂၀၂၁ ခုနှစ်  မိုးရာသီတွင် ဆောင်ရွက်မည့် သစ်ပင်စိုက်ပျိုးခြင်းကို ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှု (Green Environment Campaign)ဖြင့် အင်အားအပြည့်စိုက်ပျိုးဆောင်ရွက်သွား ရန်လိုကြောင်း၊ တိုင်းဒေသ ကြီး/ပြည်နယ်/ခရိုင်/မြို့နယ်အလိုက် သစ်တောပြုန်းတီးမှု ဖြစ်စေခဲ့သည့် အကြောင်းရင်းများကို ဖော်ထုတ်ပြီး ကာကွယ်တားဆီးနိုင်မည့် နည်းလမ်းများ ဖော်ထုတ်ဆောင်ရွက်သွားရန် လိုကြောင်း၊ သစ်တောသယံဇာတ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်းကို စုပေါင်းဦးဆောင်မှုဖြင့် မိသားစု စိတ်ဓာတ် Team Work  အားကောင်းကောင်းဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း။

သစ်တောထိန်းသိမ်းကာကွယ်ရာတွင် အလေးထားဆောင်ရွက်ရသည့် လုပ်ငန်းတစ်ခုမှာ တရားမဝင် သစ်ခိုးယူထုတ်လုပ်မှု လျော့နည်းပပျောက်စေရေးဖြစ်ကြောင်း၊ ဌာနအစီအစဉ်ဖြင့်ဖမ်းဆီးခြင်း၊ ပြည်သူ ပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့် ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) ဖြင့်   သတင်းရယူဖမ်းဆီးခြင်း၊ သစ်တောနယ်မြေအတွင်း   တရားမဝင် သစ်ခိုး ထုတ်နိုင်ရန် ဖောက်လုပ်ထားသည့် လမ်းကြောင်းများကို ဖျက်ဆီးခြင်းတို့ကို အရှိန်အဟုန်ဖြင့် ဆက်လက် ဆောင်ရွက် သွားရန်လိုကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး/ပြည်နယ် သစ်တောဦးစီးဌာန တာဝန်ခံများက လုပ်ငန်းဆောင်ရွက်ထား ရှိမှုများကို ရှင်းလင်းတင်ပြမှုအပေါ် မြန်မာ့သစ်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သစ်တောဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်နှင့် တာဝန်ရှိသူများက ဖြည့်စွက် ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက  နိဂုံးချုပ်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ့သစ်လုပ်ငန်း  ဦးဆောင်ညွှန်ကြားရေးမှူးနှင့်  တိုင်းဒေသ ကြီး/ပြည်နယ် သစ်တောဦးစီးဌာနတာဝန်ခံများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြကြောင်း သိရ သည်။     

(သတင်းစဉ်)

Post a Comment

0 Comments